Home / အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြီးမှူးကျင်းပသည့် (၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားသည့် အမှာစကား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြီးမှူးကျင်းပသည့် (၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားသည့် အမှာစကား

၈-၈-၂၀၂၆ ရက်၊ စနေနေ့ (မြန်မာစံတော်ချိန် ၀၈:၀၈ နာရီ)
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြီးမှူကျင်းပတဲ့ ဒီကနေ့ (၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်နေကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်များ၊ ကျွန်တော်တို့ရဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အင်အားစုအသီးသီးမှ ခေါင်းဆောင်ကြီးများ၊  ကိုယ်စားလှယ်ကြီးများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီခေါင်းဆောင်များနဲ့ ပါတီဝင်များ၊ နိုင်ငံတကာသံတမန်များနဲ့ ဧည့်သည်တော် များ၊ တိုင်းရင်းသားမိဘပြည်သူအပေါင်း၊ တော်လှန်ရေးရဲဘော်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြီး မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကို အင်အားအပြည့်နဲ့ ဆက်လက်ပါဝင်နိုင်ကြ ပါစေလို့ အလေးအနက် ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
 
ဒီကနေ့ အခမ်းအနားကို အွန်လိုင်းကနေပြီးတော့ အလေးထား ကြည့်ရှုနေကြတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်း၊ အားလုံးကိုလည်းပဲ ကျေးဇူးတင်ပါကြောင်းနဲ့ လေးစားပါကြောင်း ပြောကြားလိုပါတယ်။ 
 
ဒီကနေ့ဟာ ကျွန်တော်တို့မြန်မာ့သမိုင်းမှာ မေ့ပျောက်လို့မရတဲ့၊ မေ့ထားလို့လည်း မရတဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ကို ပြည်သူတစ်ရပ်လုံးက စည်းလုံး ညီညွတ်စွာနဲ့ ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ (၃၈)နှစ်မြောက် သမိုင်းဝင်နေ့ရက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၃၈) နှစ်ရဲ့ ဒီလိုနေ့ရက်တွေမှာ လမ်းမတွေပေါ် ထွက်ပြီးတော့ အာဏာရှင်စနစ်ပြုတ်ကျရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် အသက်၊ သွေး၊ ချွေး၊ မိမိတို့ရဲ့ တစ်ကိုယ်ရေ အနာဂတ်ကို စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ ကျောင်းသားသူရဲကောင်းများနဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့၊ ၂၀၂၀ ပြည့်နှစ်ရဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဦးညွှတ်ဂုဏ်ပြု အပ်ပါတယ်။ အမြော်အမြင်နဲ့ ပြည့်စုံတဲ့ ကျောင်းသားထုကြီးနဲ့တကွ ကဏ္ဍစုံ၊ အလွှာစုံက ပြည်သူ များရဲ့ စွန့်လွှတ်ပေးဆပ်မှု၊ မဆုတ်မနစ်တဲ့ ဇွဲ၊ သတ္တိတို့ဟာ ဒီနိုင်ငံရဲ့ ဒီမိုကရေစီသမိုင်းရဲ့ မီးရှူးတန်ဆောင်အဖြစ် ဒီကနေ့အထိတိုင် လင်းလက်နေဆဲ ဖြစ်ပါတယ်။
 
ကျောင်းသားလူငယ်များနဲ့ ပြည်သူများက အာဏာရှင်များလက်အောက်က လွတ်မြောက်ဖို့ တိုင်းပြည်အနာဂတ်အတွက် အသက်ပေး၊ ဘဝပျက်ခံပြီး “မှတစ်ပါး အခြားမရှိ” ဆိုသလို ရွေးချယ်စရာမရှိတဲ့ လက်ဗလာနဲ့ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီသမိုင်းကို ပြန်ကြည့်ရင် ညီညွတ်ခြင်းနဲ့အတူ စုပေါင်းအားကို ခိုင်မာစေခြင်းဟာ သတ္တိကို ပေးစွမ်းသလို၊ ခွန်အားကိုလည်း ပေးခဲ့ပါတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးကြီးမှာ ဆိုရင်လည်း ညီညွတ်ခြင်း နဲ့ စုပေါင်းအင်အားကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေကို ဒီကနေ့အတိုင် အောင် မဆုတ်မနစ်၊ မယိုင်မလဲ ဆက်လက်တွန်းလှန်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ ဒီနွေဦး တော်လှန်ရေးကြီးမှာ မတရားတဲ့ အမိန့်အာဏာကို ဘဝနဲ့ရင်းပြီး ဆန့်ကျင်ဝံ့တဲ့ CDM ဝန်ထမ်း များဟာ သမိုင်းသစ်မော်ကွန်းကို ထပ်မံရေးထိုးခဲ့ကြတာကိုလည်း အလေးအမြတ်ပြုပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်တစ်စုဟာ စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက် ဒီကနေ့ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေမှာ စစ်ပွဲမရှိဘဲနဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေ၊ အသက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ စဉ်ဆက်မပြတ် ဗုံးမိုးကြဲချပြီးတော့ ရွာတွေ၊ လူနေအိမ်တွေ မီးရှို့ဖျက်ဆီး သတ်ဖြတ်ခြင်း စတာတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေ ကို ဖောက်ဖျက်ကျူးလွန်နေဆဲဖြစ်တဲ့အပြင် အကြမ်းဖက်မှုတွေနဲ့အတူ မသမာတဲ့ နည်းလမ်းစုံနဲ့ ပြည်သူ့တော်လှန်ရေးကြီးကို ဟန့်တားဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ 
 
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် မချေမှုန်းနိုင်သမျှ၊ စစ်အာဏာရှင်တွေ မပြုတ်ကျ သေးသမျှ ကာလပတ်လုံး လက်ရှိ ကျွန်တော်တို့ အင်အားစုအားလုံး၊ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးနဲ့ ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ရည်မှန်းချက်တွေဟာ ဘာတစ်ခုမှ လက်တွေ့ဖြစ်လာနိုင်မှာ မဟုတ်ဘူးဆိုတာ အားလုံး လက်ခံသဘောတူကြမယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ စစ်အာဏာရှင်စနစ် မရှိမှသာလျှင် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်များနဲ့ အနာဂတ်များ အမှန်တကယ် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 
 
ဒီကနေ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ ရှစ်လေးလုံး လူထု ဒီမိုကရေစီ အရေး တော်ပုံကြီးမှ တော်လှန်ခဲ့ကြတဲ့ သူရဲကောင်းတို့ရဲ့ မပြီးပြတ်သေးတဲ့ မျှော်လင့်ချက်၊ အိပ်မက်နဲ့ ရည်မှန်းချက်များကို အပြီးသတ်ဖြည့်ဆည်းပေးတဲ့ နောက်ဆုံးစစ်ပွဲ ဖြစ်ကို ဖြစ်ရပါမယ်။ ကျွန်တော် တို့နိုင်ငံရဲ့ အကျည်းတန်လှတဲ့ ဒီဖြစ်စဉ်ကို ဒီနွေဦးတော်လှန်ရေးကနေ အဆုံးသတ်ဖို့ အရေးကြီး ပါတယ်။ ၂၀၂၁ ခုနှစ်၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကစပြီး ဒီကနေ့ အထိ အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် မဆုတ်မနစ်သော ဇွဲ၊ သတ္တိတို့နဲ့ နွေဦးတော်လှန် ရေးမှာ သက်စွန့်ကြိုးပမ်း ပါဝင်နေကြတဲ့ တော်လှန်ရေးသူရဲကောင်းများ၊ လူငယ်များ၊ ပြည်သူ များ၊ CDM ဝန်ထမ်းများရဲ့ စွန့်လွှတ်အနစ်နာခံမှုကိုလည်း ကျွန်တော်တို့ အမြဲ ဦးညွှတ် တန်ဖိုး ထားသွားကြရပါမယ်။
 
ရှစ်လေးလုံး အရေးတော်ပုံကြီးမှသည် ယနေ့အထိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပြည်သူ့ခေါင်းဆောင်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ စံနမူနာပြအနစ်နာခံမှု၊ သတ္တိတို့ဟာ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းမီးရှူးတန်ဆောင် ဖြစ်ပါတယ်။ စစ်အာဏာရှင်များရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ရေးဟာ၊ အနာဂတ်နိုင်ငံရဲ့ အရေးများမှာ ထဲထဲဝင်ဝင် ထိထိရောက်ရောက် ပူး‌ပေါင်းဆောင်ရွက်နိုင်ရေးဟာ ကျွန်တော်တို့ရဲ့ တာဝန်တစ်ရပ်ဖြစ်သလို ပြည်သူ့ဆန္ဒအတိုင်း ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုတာ အလေးအနက် ပြောကြားလိုပါတယ်။
 
တော်လှန်ရေး အောင်မြင်ဖို့အတွက် ပြည်သူအားလုံးရဲ့၊ အင်အားစုအားလုံးရဲ့ စုစည်းမှု၊ ညီညွတ်မှုဟာ ရှေ့မှာ နိုင်ငံတော်ယာယီသမ္မတကြီးနဲ့တကွ ဝန်ကြီးချုပ်ကြီး မိန့်ကြားသွားခဲ့သလို ညီညွတ်မှုဟာ အဓိကအသက်သွေးကြော ဖြစ်ပါတယ်။  ပြည်တွင်း ပြည်ပမှာရှိတဲ့ တော်လှန် ပြည်သူများ၊ တိုင်းရင်းသားအင်အားစုများ၊ တော်လှန်ရေးအင်အားစုများအားလုံး စုစည်းညီညွတ် စွာ လက်တွဲဆောင်ရွက်ကြဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ အချင်းချင်း ခိုင်မာစွာ ပေါင်းစည်းထားတဲ့ အင်အားနဲ့သာ စစ်အာဏာရှင်စနစ်ကို ပိုမိုမြန်ဆန်စွာ အပြီးသတ် အမြစ်ပြတ်ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။
 
တစ်ချိန်တည်းမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးကို လက်တွေ့ ကျကျ ဖြေရှင်းနိုင်ရေးအတွက်၊ မှန်ကန်တဲ့ နိုင်ငံရေးအခင်းအကျင်းကို ဖော်ဆောင်နိုင်ရေး အတွက် မြန်မာပြည်သူများရဲ့ စစ်မှန်တဲ့ အသံကို လေးလေးနက်နက် နားထောင်ကြရန်လည်း ထပ်လောင်းအသိပေးတိုက်တွန်းလိုပါတယ်။ မြန်မာ့အရေးကို ကူညီဖြေရှင်းနိုင်ရေးအတွက် အဖက်ဖက်က ကြိုးပမ်းပေးကြတဲ့ အာဆီယံအပါအဝင် လူ့အခွင့်အရေးအတွက် အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) စတဲ့ နိုင်ငံတကာအသိုက်အဝန်းကိုလည်း မြန်မာပြည်သူများရဲ့ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဒီကနေ့မှာ ထပ်လောင်းပြောကြားလိုပါတယ်။ မြန်မာ့အရေးဖြေရှင်းမှုဟာ ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းသာယာရေးကို ရှေးရှုရမှာဖြစ်သလို အနာဂတ်သစ်ကို လျှောက်လမ်းနိုင်တဲ့ ဝန်းကျင် ကို ဖန်တီးပေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံအတွက်၊ မြန်မာပြည်သူတွေအတွက်သာမဟုတ်ဘဲ ဒေသတွင်းအတွက်၊ ကမ္ဘာကြီးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးဖြစ်ထွန်းမှုတွေ ရှိစေချင်တာ ကျွန်တော်တို့ တော်လှန်ရေးကြီးရဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာပြည်သူများထံ၊ တော်လှန်ရေးအင်အားစုများထံသို့ ကူညီပံ့ပိုးမှုများကို ပိုမိုတိုးမြှင့်ပေးကြ ဖို့လည်း တော်လှန်ပြည်သူများကိုယ်စား အလေးအနက် ဖိတ်ခေါ်အပ်ပါတယ်။
 
ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်များအနေနဲ့ ပြည်သူလူထု၊ ကျောင်းသား၊ လူငယ်၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ CDM ဝန်ထမ်းများနဲ့ တော်လှန်ရေး အင်အားစုအားလုံးနှင့်အတူ တစ်သားတည်း အမြဲတမ်းရပ်တည်သွားပါမယ်။ အခုအခါ တော်လှန်ရေးအတွက် ပိုမိုအားကောင်းတဲ့ စုဖွဲ့မှု ဖြစ်စေမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ၈၈ ဒီမိုကရေစီတော်လှန်ရေးရဲ့ သမိုင်းဝင် သူရဲကောင်း များ လိုလားခဲ့တဲ့ ပြည်သူတို့ မျှော်လင့်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို မလွဲမသွေတည်ဆောက်သွားနိုင်ရေးအတွက် လွှတ်တော်ကဏ္ဍကနေ ဆက်လက်ပါဝင်ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုရင်း နိဂုံးချုပ်အပ်ပါတယ်။ 
 
ဖက်ဒရယ်ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့အတွက် အသက်ပေးဆပ်ခဲ့ကြရတဲ့ သူရဲကောင်းအပေါင်းကို ဦးညွှတ်လိုက်ပါတယ်။ 
 
အရေးတော်ပုံမုချအောင်ကို အောင်ရမည်။
 
အားလုံးကို ကျေးဇူးတင်ပါတယ်။
Scroll to Top