Home / ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားခဲ့သည့် မိန့်ခွန်း

၂၀၂၄ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားခဲ့သည့် မိန့်ခွန်း

၁၅-၉-၂၀၂၄ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၁၀:၀၀ နာရီ

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားကို တက်ရောက်လာ ကြတဲ့ လေးစားရတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ၊ ကြားကာလဖက်ဒရယ်ကောင်စီများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှခေါင်းဆောင်များ၊ CDM ဝန်ထမ်းများနဲ့ ကျောင်းသားကျောင်းသူများ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ နိုင်ငံတကာသံတမန်များနှင့် ဧည့်သည်တော်ကြီးများ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ နိုင်ငံသူ/နိုင်ငံသားများအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေ ကြောင်းနှင့် မိမိတို့လိုလားနေကြတဲ့ ဒီမိုကရေစီစနစ်ကိုရရှိအောင် ကြိုးပမ်းအားထုတ်နိုင်ပြီး ဒီမိုကရေစီအသီးအပွင့်များကို ရရှိခံစားနိုင်ကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အင်မတန်မှ ဆိုးရွားလှတဲ့ ရေဘေးဒုက္ခကို ရင်ဆိုင်နေကြရတဲ့ ဒေသအသီးသီးမှာရှိတဲ့ ပြည်သူများလည်း ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံး လွတ်မြောက်နိုင်ကြဖို့နဲ့ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေကို အလျင်အမြန် ရရှိပါစေကြောင်း ဆန္ဒပြု မေတ္တာပို့ ဆုတောင်းအပ်ပါတယ်။

               ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှာ ဒီမိုကရေစီထွန်းကားနိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်စဉ် စက်တင်ဘာလ (၁၅) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် ၂၀၀၇ ခုနှစ် (၆၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစကတည်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ယခုအခါမှာ ပြည်သူများဟာ ဒီမိုကရေစီရေးအတွက် ဖက်ဆစ်စစ်အာဏာရှင်ကို ဘဝနဲ့အသက်တွေ ပေးဆပ် တိုက်ပွဲဝင်နေကြရပါတယ်။ ၂၀၂၁ ခုနှစ်၊ စစ်တပ်က ပြည်သူ့အစိုးရထံက အာဏာကို ဥပဒေမဲ့ အကြမ်းဖက်သိမ်းယူပြီး စစ်အာဏာရှင်စနစ်နဲ့ ထိန်းချုပ်ဖို့ လုပ်ဆောင်လာရာမှာ ပြည်သူများက တစ်ခဲနက် ဆန့်ကျင်ဖော်ထုတ် ငြင်းဆိုခဲ့ကြပါတယ်။ ဒါဟာ မိမိတို့ကိုယ်တိုင်ပါဝင် အဆုံးအဖြတ် ပြုပေးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ရလဒ်ကို ထပ်ဆင့်အတည်ပြုပေးတာလည်း ဖြစ်ပါတယ်။ ဒါကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ် နှိမ်နင်းခြင်းနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာ မိမိတို့ ပြည်သူများရဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို ကမ္ဘာကြီးက ပိုမို သိမြင်လာနိုင် စေဖို့အတွက် ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲမှာ ပြည်သူများက ရွေးချယ်ခဲ့ပြီး ပြည်သူနဲ့အတူ ရပ်တည်တဲ့ ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကြီးရဲ့ ကိုယ်စား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒီကနေ့အခမ်းအနားကို ယခင်နှစ်များ နည်းတူ အလေးထား စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။ ပြည်သူ့တော်လှန်ရေးအင်အားစုများရဲ့အသံနဲ့ ဆန္ဒမှန်ကိုလည်းပဲ ကမ္ဘာကြီးက ကြားသိစေရန်လည်း ရည်ရွယ်ပါတယ်။

               ဒီနှစ်အတွက် ကုလသမဂ္ဂရဲ့ဆောင်ပုဒ်က (Ensuring effective governance of AI at all Levels) “အဆင့်တိုင်းတွင် AI ကို ထိရောက်စွာအသုံးချနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေး” လို့ ဖြစ်ပါတယ်။ ဖန်တီးပြုလုပ်ထားတဲ့ အသိဉာဏ်လို့ အဓိပ္ပါယ်ရတဲ့ ကွန်ပျူတာပရိုဂရမ်တစ်ခုရဲ့ လူသားတွေ စဉ်းစားသင်ယူနိုင်သလို ကွန်ပျူတာကလုပ်နိုင်ပြီး နည်းပညာနယ်ပယ်မှာ အတော် များများမှာသုံးလာနေပြီး ထိရောက်တဲ့ အသုံးချနိုင်ရေးအတွက် ဦးတည်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်လာတဲ့ ကျွန်တော်တို့ရဲ့ Gen-Z မျိုးဆက်သစ်များဟာ တချို့သောကဏ္ဍတွေမှာ AI ကို လက်လှမ်းမီသလောက် အသုံးပြုနိုင်ကြ တယ်လို့သိရပါတယ်။ တိုးတက်ထိရောက်အောင် သုံးနိုင်ရေးဟာ အငြင်းပွားစရာမရှိအောင် မှန်ကန်ပါတယ်။ ဒါပေမဲ့ ဒီကနေ့လို အခါသမယမှာ ကျွန်တော်တို့နိုင်ငံအတွက် ပြောရမယ့် အခြေအနေနဲ့တော့ နည်းနည်း အလှမ်းကွာနေမှာဖြစ်ပါတယ်။

               ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးလမ်းမှာ ပထမဆုံး အထင်ကရ အောင်မြင်မှုပဲ ဖြစ်ပါတယ်။ ဒါဟာ ပါတီတစ်ခုရဲ့ အောင်ပွဲသက်သက်မဟုတ်ဘဲ၊ လူထုရဲ့ အောင်ပွဲ ဖြစ်ပါတယ်။ ပြည်သူတွေဟာ လက်နက်အားကိုးနဲ့ ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေလာခဲ့ပြီးနောက် မြန်မာပြည်သူများအနေနဲ့ မြန်မာ့သမိုင်းမှာ အရပ်သားအစိုးရတစ်ရပ်ကို ရွေးချယ်နိုင်ခဲ့ကြပါတယ်။

               ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ပြည်သူလူထုဟာ သူတို့ရဲ့ဆန္ဒကို ကူးစက် ရောဂါကြားက သတ္တိရှိရှိ ထုတ်ဖော်နိုင်ခဲ့သလို ဒီရွေးကောက်ပွဲကြီးဟာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့် ရေးအဖွဲ့များက အသိအမှတ်ပြုခဲ့ကြပါတယ်။

               မဲစာရင်းမှားတာရှိတယ်ဆိုတာ ရမယ်ရှာပြီး ပြည်တွင်းပြည်ပက လွတ်လပ်ပြီး တရားမျှတ ကြောင်း အသိအမှတ်ပြုခဲ့ရတဲ့‌ ရွေးကောက်ပွဲရလဒ်အရ ပြည်သူက လက်နဲ့ရေးတာကို ခြေနဲ့ ဖျက်ဖို့ အကြမ်းဖက်စစ်အာဏာရှင်တွေက ကြိုးစားခဲ့ပေမယ့်လည်း လူထုက လက်မခံကြောင်း စစ်အာဏာရှင်အုပ်စုကိုရော ကမ္ဘာကြီးကိုပါ မီးမောင်းထိုးပြခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လူထု ထောက်ခံမှုနဲ့၊ ဒီမိုကရေစီနည်းနဲ့ အာဏာရယူနိုင်ခြင်းမရှိလို့ လက်နက်နဲ့ အာဏာသိမ်းထားတဲ့ စစ်အာဏာရှင်တွေဟာ အရှက်သိက္ခာမရှိ ဒီကနေ့အချိန်ထိ အာဏာကို ဆက်လက်ထိန်းချုပ်ထား နိုင်ဖို့ အကြမ်းဖက်မှုတွေသုံးပြီး ကြိုးစားနေဆဲ ဖြစ်ပါတယ်။ လူထုဆန္ဒမပါဘဲ လက်နက်နဲ့ အုပ်ချုပ်ဖို့ ကြိုးစားခဲ့တဲ့ စစ်အာဏာရှင်တွေဟာ နောက်ဆုံးမှာတော့ အရှုံးနဲ့ ဘဝနိဂုံးချုပ်ရမှာကို မြင်တွေ့နေ ရပါတယ်။

               မကြာသေးမီက ဖယ်ခုံမြို့နယ်၊ နန့်ခမ်းမြို့နဲ့ မြိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းနဲ့ အရပ်သား ပြည်သူနေထိုင်ရာအရပ်မှာ လေယာဉ်နဲ့ အင်အားပြင်းဗုံးတွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ (၂၅) ဦး အသက် ဆုံးရှုံးခဲ့ရပါတယ်။ အလားတူပဲ ရခိုင်မှာ အစုလိုက်အပုံအလိုက် သတ်ဖြတ်ခဲ့မှုတွေ ကမ္ဘာအသိ ဖြစ်ပါတယ်၊ ဒေသတိုင်းမှာ ဒီလို အရပ်သားပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေမှုကို မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချ မှတ်တမ်းပြုထားကြောင်း ဒီကနေ့မှာ ထပ်လောင်းပြောလိုပါတယ်။ အကြမ်းဖက်စစ်တပ်အနေနဲ့ ဒီလိုကျူးလွန်လုပ်ဆောင်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရ ပါမယ်။  ဒီလိုလူမဆန်တဲ့ အကြမ်းဖက်မှုတွေကို အရေးယူနိုင်အောင်၊ အပြစ်ပေးနိုင်အောင်လည်း ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

               ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းချိန်ကစပြီး အကြမ်းဖက်စစ်အုပ်စုက ကျူးလွန် လုပ်ဆောင် တဲ့အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအပေါ် အရေးယူမှုတွေ ထိထိရောက်ရောက်မပြုလုပ် နိုင်သေးတာကြောင့် ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပါတယ်။ အခုချိန်မှာ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတကာဥပဒေတွေ ကိုစော်ကားပြီး မြန်မာပြည်သူတွေအပေါ် စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိ တိုးမြှင့်ကျူးလွန် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီလိုရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖော က် မှုတွေကို အမြန်ဆုံး တားဆီးနိုင်ဖို့၊ အဆုံးသတ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အထူးတောင်းဆို လိုပါတယ်။

               ဒီလို လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ခါးသီးစွာ အံတုရင်း မိမိတို့ ပြည်သူလူထုဟာ ဒီမိုကရေစီရဲ့အနှစ်သာရ၊ ဒီမိုကရေစီရဲ့တန်ဖိုးကို နားလည်သဘောပေါက်တဲ့အတွက် ယနေ့အချိန် ထိတိုင် အသက်၊ သွေး၊ ချွေးများကိုပေးဆပ်ကာ တော်လှန်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းတဲ့ နည်းတွေနဲ့ စစ်တပ်ကို ထုတ်ဖော် စည်းရုံးခဲ့ပြီးပါပြီ။ ဒါပေမယ့် အတ္တကြီး၊ အသိနည်းတဲ့ စစ်အာဏာရှင်တွေဟာ တိုင်းပြည်နဲ့ ပြည်သူကို ကျွန်ပြုအုပ်ချုပ်ဖို့ ဖက်ဆစ်လုပ်ရပ်များနဲ့ကြိုးပမ်းလာတာကြောင့် ဒီကနေ့လို စစ်မီးလောင်မြိုက်ပြီး မတည်ငြိမ်၊ မငြိမ်းချမ်းတဲ့ အခြေအနေကို ရောက်ရှိခဲ့ရတာ ဖြစ်ပါတယ်။

               ဒီကနေ့မှာ စစ်အာဏာရှင်ကြောင့် ပျက်စီးခဲ့တဲ့ အခြေအနေအရပ်ရပ်ကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ပြန်လည်အဖက်ဆယ်ရင်း နောက်မျိုးဆက်သစ်များ အတွက် ပိုကောင်းတဲ့ အခြေအနေ၊ ပိုကောင်းတဲ့စနစ်၊ ပိုကောင်းတဲ့ အနာဂတ်တွေကို လက်ဆင့်ကမ်း အမွေပေးအပ် ထားနိုင်ခဲ့ဖို့ ကြိုးပမ်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။

               ဒီကနေ့ မိမိတို့နိုင်ငံမှာ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ ဒီမိုကရေစီကို ချစ်မြတ်နိုး တဲ့ပြည်သူလူထုနဲ့ ဒီမိုကရေစီကို ဖျက်ဆီးနေတဲ့ စစ်အာဏာရှင်တွေ တိုက်နေကြတဲ့ နောက်ဆုံး တိုက်ပွဲဖြစ်ပါတယ်။ ဒီနောက်ဆုံးတိုက်ပွဲမှာ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ ပြည်သူလူထုက မလွဲဧကန် အောင်ပွဲခံရမည်လို့ အကြွင်းမဲ့ယုံကြည်ပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီအပေါ် ဆန္ဒပြင်းပြမှုနဲ့ ယုံကြည်မှုတွေကြောင့် ဒီကနေ့အချိန်မှာ ပြည်သူ့အောင်ပွဲ များစွာကို ရရှိနေတာ ဖြစ်ပါတယ်။

               ဒီတော်လှန်ရေးကာလ သုံးနှစ်ခွဲကျော်ကာလကို ပြန်သုံးသပ်ကြည့်ရင် တော်လှန်ရေး အင်အားစုများအနေနဲ့ရော အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပါ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နိုင်ခဲ့သည်သာမက အချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေတာ၊ စစ်ဆင်ရေးတွေ မှာပါ သာလွန်တဲ့နည်းပညာနဲ့ ဉာဏ်ရည်တုကို အချို့နေရာတွေမှာ အကျိုးရှိရှိ၊ ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒီလိုနည်းပညာကို အသုံးပြုပြီး ပါဝင်နေကြတဲ့ လူငယ် ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေဟာ တော်လှန်ရေးကြီးရဲ့ အဓိက ဒေါက်တိုင်ဖြစ်ပါတယ်။ တော်လှန်လူငယ်မျိုးဆက်သစ်တွေကို ဒီကနေ့မှာ ထပ်လောင်း ချီးကျူးဂုဏ်ယူကြောင်း ပြောကြား လိုပါတယ်။ အခက်အခဲအတားအဆီးတွေ၊ အခြေခံအဆောက်အအုံ ကောင်းကောင်းမရှိခင် အချိန် မှာတောင် အဆင့်မြင့်နည်းပညာတွေကို အသုံးပြုနိုင်တာမို့ အနာဂတ်နိုင်ငံတော်သစ်တည်ဆောက် ချိန်မှာ ဒီထက်သာလွန်တဲ့ အဆင့်မြင့် နည်းပညာတွေနဲ့ အသုံးပြုနိုင်မယ်လို့ သုံးသပ်မိပါတယ်။ အသုံးပြုနိုင်အောင်လည်း ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

             ကျွန်တော်တို့ ဒီကနေ့ စစ်အာဏာရှင်များကို ဆန့်ကျင်တိုက်ထုတ်နေတာဟာ ဒီမိုကရေစီစနစ်ကို အခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စုကြီးကို စနစ်သစ်နဲ့ တည်ဆောက်သွားဖို့ ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။ အခြေခံလူအခွင့်အရေးတွေ၊ ဒီမိုကရေစီ တန်ဖိုးတွေကို ကိုင်စွဲပြီးတော့ ခေတ်မီလွတ်လပ်တဲ့၊ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။ စနစ်သစ်ကို တည်ဆောက်နိုင်ဖို့ စဉ်းစားရာမှာ ကာလရှည် ဖြစ်တည်ခဲ့တဲ့ နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းဖို့က အဓိကအရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တာကြောင့် နားလည်မှုရှိရှိ၊ သဘောထားကြီးကြီးနဲ့ မူဝါဒ၊ နည်းစနစ်ကို အခြေခံပြီး စုပေါင်း အဖြေရှာသွားကြရမှာ ဖြစ်ပါတယ်။

               ဒီတော်လှန်ရေးကာလမှာ မတူညီတဲ့ ရှုထောင့်မျိုးစုံကနေ နိုင်ငံတော်သစ်ကို စနစ်သစ်နဲ့ တည်ဆောက်သွားနိုင်ဖို့ အင်အားစုအချင်းချင်းကြား ဆွေးနွေးဖလှယ်ခဲ့ကြတာတွေ ရှိသလို ထပ်မံ ဆွေးနွေးဖလှယ်ကြရမယ့် ကိစ္စရပ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။ အလားတူ ကာလရှည် ပဋိပက္ခ ကိုဖြေရှင်းရင်း စနစ်သစ်တစ်ခုကို တစ်ပြိုင်နက်တည်း တည်ဆောက်သွားနိုင်ဖို့အတွက် ကြိုးပမ်း နေကြတာဖြစ်လို့ သက်ဆိုင်တဲ့ အင်အားစုတွေ၊ ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှုတွေလည်း လိုအပ် နေဦးမှာဖြစ်ပါတယ်။ အများစုရဲ့ သဘောထားအမြင်တွေ၊ အသံတွေ၊ ပါဝင်ဆုံးဖြတ်ခွင့်တွေဖြင့်သာ ပွင့်လင်းမြင်သာရှိပြီး တာဝန်ခံမှုရှိတဲ့ လုပ်ငန်းစဉ်တွေကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

               တစ်ချိန်တည်းမှာ မြေပြင်မှာ စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာမြေပြင်၊ ဝေဟင် နှစ်မျိုးစလုံးနဲ့ အကြမ်းဖက်မှုတွေ တိုးချဲ့လုပ်ဆောင်နေသလို အတုအယောင် ရွေးကောက်ပွဲတစ်ရပ်နဲ့ နိုင်ငံရေးထွက်ပေါက်ရအောင် ဖန်တီးနေတာမို့ ပြည်သူလူထုနဲ့ မိမိတို့ အင်အားစုတွေအနေဖြင့် သတိကြီးကြီးထား ပူးပေါင်းတိုက်ဖျက်သွားကြဖို့ လိုအပ်ပါတယ်။ ပြည်သူ လူထုရဲ့ဆန္ဒမပါဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဖြစ်လာမှာမဟုတ်သလို ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကနေလည်း ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရှိမှာ မဟုတ်ဘူးဆိုတာ အကြမ်းဖက်စစ်အုပ်စုကို ထပ်လောင်း သတိပေးချင်ပါတယ်။ လက်နက်အားကိုးနဲ့ ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိသလို ဒီမိုကရေစီကို လေးစားတန်ဖိုးထားမှု မရှိဘူးဆိုတာ ပြသနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို လေးစားတန်ဖိုးထားတဲ့၊ မြန်မာ နိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး ရရှိစေချင်တဲ့ ကမ္ဘာ့နိုင်ငံများအနေနဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ကျင်းပမယ့်ရွေးကောက်ပွဲကို လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်း၊ ထောက်ခံအားပေး ခြင်းမပြုလုပ်ဘဲ ပြည်သူလူထု၏ဆန္ဒကို လေးလေးနက်နက် လေးစားတန်ဖိုးထားကြဖို့ ဒီအခမ်းအနားကနေတစ်ဆင့် လေးလေးနက်နက် တောင်းဆိုပါတယ်။

             ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ မိမိတို့ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအနေနဲ့လည်း လွှတ်တော်ရဲ့အခန်းကဏ္ဍကနေ ဒီမိုကရေစီကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရင်း ပြည်သူ့ဆန္ဒကို အလေးထားကာ ရှေ့ဆက်ကြိုးပမ်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဒီတော်လှန်ရေးကြီး အမြန်ဆုံး ပြီးဆုံးအောင်မြင်နိုင်ဖို့ ပြည်သူက ဆန္ဒမဲပေး ရွေးချယ်ပေးအပ်ထားတဲ့တာဝန်ကို အခက်အခဲကြားက ထမ်းဆောင်နေကြခြင်း ဖြစ်ပါတယ်။ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်လည်အပ်နှင်းနိုင်ဖို့ ဖြစ်ပါတယ်။

               ဒီခံယူချက်၊ ဒီတန်ဖိုးထားတွေနဲ့ပဲ လက်ရှိအချိန်မှာလည်း ဥပဒေ၊ မူဝါဒ အားကောင်းလာ စေရေးအတွက်၊ တိုင်းရင်းသားမဟာမိတ်များအကြား ဆက်ဆံရေးခိုင်မာလာစေရေးအတွက်၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးအတွက် နည်းလမ်း အမျိုးမျိုးနဲ့ ပါဝင်ကြိုးပမ်းလျက်ရှိပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ ဘုံနိုင်ငံရေးပန်တိုင်ဖြစ်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး အမြန်ဆုံး တည်ဆောက်သွားနိုင်ဖို့အတွက် အခြားသော အင်အားစု များနဲ့အတူ ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်ကြိုးပမ်းသွားမယ်ဆိုတာ ထပ်လောင်း ပြောကြားလိုပါတယ်။

               ဒီကနေ့ ဒီမိုကရေစီနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ခေါင်းဆောင် အသီးသီး၊ အဖွဲ့အစည်းအသီးသီးနဲ့ တစ်ဦးတစ်ယောက်ချင်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေနဲ့ ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီအခမ်းအနားကို အဆင်ပြေပြေဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြတဲ့ အခမ်းအနားမှူးနဲ့တကွ နည်းပညာအဖွဲ့ကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ နောင်နှစ်တွေမှာ ဒီကနေ့လို့ ကမ္ဘာကြီးက တန်ဖိုးထားဆင်နွှဲကြတဲ့ ဒီမိုကရေစီနေ့ အခမ်းအနားကို လူကိုယ်တိုင် ခမ်းခမ်းနားနား သိုက်သိုက်မြိုက်မြိုက် ဆင်နွှဲနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ မိမိတို့ နိုင်ငံမှာ ၊ မိမိတို့ ကမ္ဘာကြီးမှာ ဒီမိုကရေစီ ခိုင်မာအားကောင်းဖို့ မိတ်ဆွေ တွေနဲ့အတူတူ လက်တွဲ ကြိုးပမ်းသွားလိုပါတယ်။ ဒီမိုကရေစီကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံတိုင်း ဒီမိုကရေစီစနစ်ကို ရှင်သန်အောင်လုပ်ဆောင်ပြီး ကိုယ်ကျိုးအတွက်မကြည့်ဘဲ နိုင်ငံသူ၊ နိုင်ငံသား များရဲ့ အကျိုးကိုရှေးရှုပြီး ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတွေကို ဖန်တီးကြပါစို့လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

               အားလုံးကို လေးစားပါတယ်။

               အရေးတော်ပုံ မုချအောင်ရမည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Scroll to Top