Home / ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေးသို့ တင်ပြခဲ့သည့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လွှတ်တော်ရေးရာ သံတမန်ဆက်ဆံရေးခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများဆိုင်ရာ အစီရင်ခံစာ

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေးသို့ တင်ပြခဲ့သည့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လွှတ်တော်ရေးရာ သံတမန်ဆက်ဆံရေးခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများဆိုင်ရာ အစီရင်ခံစာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့

နိဒါန်း

၁။            ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ချမှတ်ထားသည့် နိုင်ငံရေး ရည်မှန်း ချက်များအရ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းနိုင်ရေးနှင့် ပြည်သူများ၏ ဆန္ဒနှင့် အညီ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အား တည်ဆောက်နိုင်ရေးတို့အတွက် လွှတ်တော်ကဏ္ဍမှ ကြိုးပမ်း ဆောင်ရွက်ရာတွင် ပြည်တွင်း၌ တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေသည့်နည်းတူ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းက လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုး ကူညီမှုများရရှိရေးအတွက်လည်း ထိတွေ့ချိတ်ဆက်မှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။

ဆောင်ရွက်ခဲ့သည့် ကဏ္ဍများ

၂။            လွှတ်တော်ရေးရာ သံတမန်ဆက်ဆံရေး၊ နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရာတွင် ဒေသတွင်းနှင့် နိုင်ငံတကာလွှတ်တော်အဖွဲ့အစည်း များ၊ လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်သာမက နိုင်ငံတကာသံတမန်များ၊ အဖွဲ့အစည်း များနှင့်လည်း စဉ်ဆက်မပြတ် ထိတွေ့ချိတ်ဆက်ပြီး ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာလွှတ်တော်အစည်းအဝေးများသို့ အွန်လိုင်းမှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ပါဝင် တက်ရောက်ခဲ့မှုများအပြင် သီးခြားတွေ့ဆုံဆွေးနွေးမှုများ၊ စာများတိုက်ရိုက်ပေးပို့မှုများ၊ ချက်ချင်း တုံ့ပြန် ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

၃။            ယင်းသို့ ဆောင်ရွက်ရာ၌ ၂၀၂၃ ခုနှစ်အတွင်းတွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီပြန်လည် ရရှိရေးကြိုးပမ်းချက်များ၊ အနာဂတ်နိုင်ငံရေးရည်မှန်းချက်များနှင့် လိုအပ်နေသည့် အကူအညီများကို  နိုင်ငံ တကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ပံ့ပိုးကူညီမှုများ တိုးမြှင့်ပေးအပ်နိုင်ရေး၊  အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များနှင့် ရာဇဝတ်မှုများကို နိုင်ငံ တကာ အသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ယင်းအကြမ်းဖက်လုပ်ရပ်များ အမြန်ဆုံး အဆုံးသတ်နိုင်ရေး ထိရောက်သော အရေးယူပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ပေးရေးနှင့် လေယာဉ်ဆီအပါအဝင် စစ်လက်နက်ရောင်းဝယ်မှု ပိတ်ပင်တားဆီးပေးရေး၊ လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့အရေးတွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ပါဝင်ဆောင်ရွက်နေသည့်ကဏ္ဍများကို ရှင်းရှင်းလင်းလင်းသိရှိပြီး ငွေကြေးနှင့် နည်းပညာအကူအညီများရရှိရေး၊ နွေဦးတော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်နေသည့် တော်လှန်ရေးအင်အားစုများထံသို့ အကူအညီများ တိုးမြှင့်ပေးအပ်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့ပါသည်။

ဒေသတွင်းနှင့် နိုင်ငံတကာ အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခြင်း

၄။            လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR) ၏ ဥက္ကဋ္ဌ Hon. Mercy Chriesty Barends နှင့် ပူးတွဲ ဥက္ကဋ္ဌ Hon. Charles Santiago ၏ ဖိတ်ကြားချက်အရ ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပခဲ့သည့် “လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)၏ နှစ်ပတ်လည်ဖိုရမ်”သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာဝင်းမြတ်အေး နှင့် ဦးနေမျိုးထက် တို့ သွားရောက်တက်ရောက်ခဲ့သည်။ ယင်းဖိုရမ်တွင် “မြန်မာ့ပဋိပက္ခ၊ အာဆီယံ အရေးများ၊ အင်ဒိုနီးရှားနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍအားဆွေးနွေးခြင်း”၊ “မြန်မာ နိုင်ငံ၌ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးတို့အတွက် CRPH ၏ တောင်းဆို ချက်များ”၊  “ရွေးကောက်ခံ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၏ စိန်ခေါ်မှုများ” စသည့် ခေါင်းစဥ်များ ဖြင့် ပါဝင်ဆွေးနွေးခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် အကြမ်းဖက်စစ်တပ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များအပေါ် ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖမ်းဆီးသတ်ဖြတ်ခဲ့မှု အခြေအနေများကို မျှဝေဆွေးနွေးခဲ့ပြီး အကြမ်းဖက်ခံရမှုများကြားမှ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားနိုင်ရေး ဒီမိုကရေစီအင်အားစုများ၏ ကြိုးပမ်းမှုများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

၅။            ၁၁-၃-၂၀၂၃ ရက်နေ့မှ ၁၅-၃-၂၀၂၃ ရက်အထိ ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ဘာရိန်းလွှတ်တော် က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် “(၁၄၆) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ”သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာ ဝင်းမြတ်အေး၊ ဦးနေမျိုးထက်နှင့် အကြံပေး ဒေါက်တာမြသီတာတို့ ပါဝင်သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ သွားရောက်တက်ရောက်ခဲ့ပါသည်။ (၁၄၆) ကြိမ်မြောက် ညီလာခံကာလအတွင်း ညီလာခံ၏ General Debate အစီအစဥ်တွင် မြန်မာ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးသည် မြန်မာ့အရေးအခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတကာသို့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအပေါ် ကူညီပေးရန် တောင်းဆိုတိုက်တွန်းခဲ့သည်။ ထို့ပြင် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် “Parliamentary solidarity with MPs at risk” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် ဆွေးနွေးပွဲသို့ တက်ရောက်၍ အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုနောက် မြန်မာရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအပေါ်၌ ကျူးလွန်လုပ်ဆောင်ခဲ့သည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက် မှုများကို ရှင်းလင်းတင်ပြခဲ့သည်။

၆။            မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံကာလအတွင်း  မြန်မာ့အရေး အခြေအနေ များအား နိုင်ငံတကာအသိုက်အဝန်းက ပိုမိုသိမြင်လာစေရန်နှင့် လွှတ်တော်အချင်းချင်းအကြား ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဥက္ကဋ္ဌ Hon. Mr. Duarte Pacheco အပါအဝင် ညီလာခံသို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံမှုများ ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ညီလာခံက ချမှတ်အတည်ပြုခဲ့သည့် “Raising awareness and calling for action on the serious humanitarian crises affecting the people of Afghanistan, the Syrian Arab Republic, Ukraine, Yemen and other countries, and on the particular vulnerability of women and children” ဆုံးဖြတ်ချက်တွင် ပါဝင်သောနိုင်ငံများတွင် မြန်မာနိုင်ငံ၏အမည်အား ပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် ဆုံးဖြတ်ချက်တွင် မြန်မာအမည် ပါဝင်ခဲ့ပါသည်။ ယင်း ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ များကို နိုင်ငံတကာအသိုက်အဝန်းက ပိုမိုသိမြင်စေနိုင်ခဲ့ပါသည်။ (၁၄၆) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များညီလာခံ၌ အမှုဆောင်ကော်မတီက “ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်သည့်အနေဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင်များအား ညီလာခံများသို့ လေ့လာသူအဖြစ် ဆက်လက်ပါဝင်ခွင့်ပြုရန်” ဆုံးဖြတ်ခဲ့ပါသည်။

၇။           ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် IPU ၏ Asia-Pacific Group ဥက္ကဋ္ဌဖြစ်သူ ဩစတြေးလျ အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ “အာရှ-ပစိဖိတ်ဒေသရှိ လွှတ်တော်များ၏ လုပ်ငန်းများ တွင် လူငယ်များအား ချိတ်ဆက်ဆောင်ရွက်ခြင်း အွန်လိုင်းဆွေးနွေးပွဲ” သို့ နိုင်ငံတကာဆက်ဆံရေး ကော်မတီမှ ကော်မတီဝင်များ ပါဝင်တက်ရောက်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း က ပါဝင်ဆွေးနွေးရာတွင် “စစ်အာဏာသိမ်းမှုနောက် မြန်မာလူငယ် မျိုးဆက်များ၏အခွင့်အရေးနှင့် ရပိုင်ခွင့်များဆုံးရှုံးခဲ့ရမှုများ၊ နွေဦးတော်လှန်ရေးတွင် လူငယ် မျိုးဆက်များ ၏ ပါဝင်နေမှုများ၊ အခန်းကဏ္ဍနှင့် မျှော်လင့်ချက်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တွင် လူငယ်လွှတ်တော်ကိုယ်စားလှယ်များပါဝင်မှု၊ လူငယ်များ၏ အနာဂတ်နိုင်ငံရေး ရည်မှန်းချက်များနှင့် မျှော်လင့်ချက်များ ရရှိအောင်မြင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ယင်းကြိုးပမ်းမှုများ အောင်မြင်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက အားပေးကူညီပေးရန်လိုအပ်မှုများ” ကို ထည့်သွင်း ဆွေးနွေးခဲ့သည်။

၈။           အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့၌ ၂၃-၁၀-၂၀၂၃ ရက်နေ့မှ ၂၇-၁၀-၂၀၂၃ ရက်နေ့အထိ ကျင်းပ ခဲ့သည့် “(၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ” သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ယင်းညီလာခံကာလအတွင်း မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအစည်းအဝေးများ၊ အမြဲတမ်းကော်မတီ အစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ညီလာခံသို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်သည် ညီလာခံ၏  General Debate တွင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။

၉။            (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၌ အမှုဆောင်ကောင်စီအစည်းအဝေးက “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့၏ မိတ်ဖက်ဆွေးနွေး ဖက်အဖြစ် ညီလာခံအစည်းအဝေးများတွင် မဲပေးခွင့်မရှိသော လေ့လာသူအဖြစ် ဆက်လက်ပါဝင်ခွင့် ပြုရန်” ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ကမ္ဘာတစ်ဝှမ်းမှ လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် စပ်လျဥ်းသည့် အစီရင်ခံစာအား အတည်ပြုရာတွင် မြန်မာလွှတ်တော် ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေများကို ထည့်သွင်းဆုံးဖြတ်ခဲ့ပါသည်။ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ လေးစားလိုက်နာရေး မြင့်တင်ရေးကော်မတီ ကလည်း မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှု အခြေအနေများနှင့် မြန်မာဒုက္ခသည်များ အကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ အကြမ်းဖက်အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူများ အပေါ် ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် များ ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများနှင့် နိုင်ငံတကာလွှတ်တော် အသိုက်အဝန်း က မြန်မာ့ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုအပေါ် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုချက်များပါဝင်သည့် Handout အား ကိုယ်စားလှယ်အဖွဲ့များထံသို့ ဖြန့်ဝေခဲ့ပါသည်။

၁၀။         ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် IPU ၏ Asia-Pacific Group ဥက္ကဋ္ဌဖြစ်သူ ဩစတြေးလျ အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ “အာရှ-ပစိဖိတ်ဒေသရှိ ပါလီမန်နှင့် အမျိုးသမီးခေါင်းဆောင်မှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ” သို့ ပါဝင်တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲသို့ IPU ၏ Asia-Pacific Group အဖွဲ့ဝင်နိုင်ငံများက ပါဝင်တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌက “စစ်တပ်အာဏာသိမ်းမှု မတိုင်ခင် မြန်မာအမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုအခြေအနေများ၊ အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ၊ စစ်တပ်အာဏာသိမ်းမှုအပြီး မြန်မာအမျိုးသမီးများအပေါ် သက်ရောက်မှုများ၊ စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ရန် အမျိုးသမီးငယ်များ၏ ပါဝင်ဆောင်ရွက်နေမှုများ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ မတရား ဖမ်းဆီးခံခဲ့ရမှုများ၊ တရားမဝင် စစ်အာဏာသိမ်းမှုအား ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်သွားနိုင်ရေးအတွက် အမျိုးသမီးလွှတ်တော်အမတ်များ ကွန်ရက်ထူထောင်နိုင်ခဲ့မှုများနှင့် အမျိုးသမီးလွှတ်တော်အမတ်များ၏ ပဋိပက္ခများကြားမှ ဒီမိုကရေစီတာဝန်များကို ဆက်လက်ထမ်းဆောင် နေမှုများ”ကို ဆွေးနွေးပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုများ

၁၁။         ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နိုင်ငံတကာအသိုက်အဝန်းနှင့် ချိတ်ဆက် မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းလာစေရေးအတွက် နိုင်ငံတကာလွှတ်တော် အသိုက်အဝန်းနှင့်သာမက နိုင်ငံတကာသံတမန်များ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်လည်း အွန်လိုင်းမှ ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စဉ်ဆက်မပြတ်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ အာဏာသိမ်းစစ်ကောင်စီက တိုးမြှင့်ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများအပါအဝင် မြန်မာ့နိုင်ငံရေး နောက်ဆုံးအခြေအနေများ နှင့် ဖြစ်ပေါ်တိုးတက်မှုများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေး၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ နွေဦးတော်လှန်ရေးကြီးတွင် ပါဝင်ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၏လုပ်ငန်းများနှင့် ကြိုးပမ်းအားထုတ်မှုများအပါအဝင် မြန်မာ့ဒီမိုကရေစီ အရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးစေလိုသည်များကို တိုက်တွန်းမှုများ ပြုလုပ်လျက်ရှိပါသည်။

၁၂။          ၂၀၂၃ ခုနှစ်အတွင်း အောက်ပါတွေ့ဆုံဆွေးနွေးမှုများအပြင် ဩစတြေးလျ၊ နယူးဇီလန်၊ ယူကေ၊ ဂျပန်၊ ထိုင်း၊ တောင်ဆူဒန် လွှတ်တော်ကိုယ်စားလှယ်များနှင့် လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှုပေါင်း (၆) ကြိမ်၊ အွန်လိုင်းမှတွေ့ဆုံမှုပေါင်း (၃) ကြိမ်၊ အမေရိကန်၊ ယူကေ၊ နယူးဇီလန်၊ ဆွီဒင်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဖင်လန်၊ အိန္ဒိယတို့မှ နိုင်ငံတကာသံတမန်များနှင့် လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှုပေါင်း (၁၁) ကြိမ်၊ အွန်လိုင်းမှတွေ့ဆုံမှုပေါင်း (၂)ကြိမ်၊ ကုလသမဂ္ဂအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များနှင့် လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှုပေါင်း (၁၆) ကြိမ်၊ အွန်လိုင်းမှတွေ့ဆုံမှုပေါင်း (၁၈) ကြိမ်၊ နိုင်ငံတကာပညာရှင်များနှင့် လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှုပေါင်း (၅) ကြိမ်၊ အွန်လိုင်းမှ တွေ့ဆုံမှုပေါင်း (၅) ကြိမ်ရှိခဲ့ပြီး ယင်းတွေ့ဆုံမှုများသည် တစ်ဖက်အဖွဲ့အစည်းများ၏ လုံံခြုံရေးအရ အသေးစိတ်ဖော်ပြ နိုင်ခြင်း မရှိပါ-

               (က) ၇-၃-၂၀၂၃ ရက်နေ့မှ ၉-၃-၂၀၂၃ ရက်နေ့အထိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့သို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet ၊ အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးကော်မတီနှင့် Committee on Appropriations အဖွဲ့ဝင်၊ Senator Mr. Chris Van Hollen၊ National Democratic Institute (NDI)၊ National Endowment for Democracy (NED) အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအပေါ် အမေရိကန်အစိုးရနှင့် အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ထိရောက်သော ပံ့ပိုးကူညီမှု များရရှိရေးနှင့် နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေးတို့ကို တိုက်တွန်းတောင်းဆိုခဲ့ပါသည်။

               (ခ )  ၁၁-၃-၂၀၂၃ ရက်နေ့မှ ၁၅-၃-၂၀၂၃ ရက်နေ့အထိ ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပခဲ့သည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနှင့် သီးခြားစီတွေ့ဆုံ၍ အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရှောင်ပြည်သူများအတွက် အရေးပေါ် အကူအညီလိုအပ်နေမှုများ၊ မြန်မာလွှတ်တော်၏ ဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းမှုများနှင့် စိန်ခေါ်မှုများ၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားမည့် ကဏ္ဍများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။ ယင်း တွေ့ဆုံခဲ့မှုတွင် နယူးဇီလန်၊ ဩစတြေးလျ၊ ဩစတြီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ထိုင်း၊ ယူကေ၊ ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ တီမောလက်စတေး တို့မှ ကိုယ်စားလှယ်အဖွဲ့များအပြင် IPU မှ တာဝန်ရှိသူများလည်း ပါဝင်ပါသည်။

               (ဂ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ်များသည် ၆-၆-၂၀၂၃ ရက်နေ့တွင် ဂျပန်အောက်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် Mr. ITO Shintaro ၊ Mr. YUHARA Shunji ၊ Mr. AOYAGI Hitoshi တို့နှင့် လည်းကောင်း၊ ၁၃-၆-၂၀၂၃ ရက်နေ့တွင် နယူးဇီလန်လွှတ်တော်အမတ် Ms. Vanushi Walters နှင့်လည်းကောင်း ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေးဆိုင်ရာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ပေးရေး၊ မြန်မာ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုအပေါ် တိုက်ရိုက်ပံ့ပိုးကူညီမှုများ ပေးအပ်ရေးနှင့် နေရပ် စွန့်ခွာ တိမ်းရှောင်နေရသည့် နယ်စပ်ရှိ မြန်မာပြည်သူများအား နိုင်ငံရေးခိုလှုံခွင့် ပေးအပ်ရေး အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ် နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရအား တိုက်တွန်းပေးရန်အပါအဝင် မြန်မာ့ဒီမိုကရေစီ အရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို ဆွေးနွေးခဲ့ပါသည်။

               (ဃ) ယူကေအထက်လွှတ်တော်အမတ် Hon. Mr. Raymond Edward Harry Collins (Lord Collins of Highbury)၊ အောက်လွှတ်တော်အမတ် Hon. Ms. Catherine West တို့နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့သည် ၄-၇-၂၀၂၃ ရက် (အင်္ဂါနေ့)၊ ၁၆:၃၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီအပေါ် ထပ်မံအရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်နိုင်ရေး၊ မြန်မာပြည်သူ များအတွက် အကူအညီလိုအပ်နေသည့် ကဏ္ဍများနှင့် ယူကေလွှတ်တော်ကိုယ်စားလှယ် များမှ အကူအညီပေး လုပ်ဆောင်နိုင်မည့်ကိစ္စရပ်များအပေါ် ဆက်လက်ပူးပေါင်း     ဆောင်ရွက်သွားနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

               (င)   အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့၌ ၂၃-၁၀-၂၀၂၃ ရက်နေ့မှ ၂၇-၁၀-၂၀၂၃ ရက်နေ့အထိ ကျင်းပ ခဲ့သည့် “(၁၄၇)ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေး များ”သို့ သွားရောက်တက်ရောက်ခဲ့သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနှင့် သီးခြားစီတွေ့ဆုံ၍ အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေများကို Update ရှင်းလင်းတင်ပြခြင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းများနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်နေမှုများ၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားမည့်ကဏ္ဍများကို ဆွေးနွေး ဖလှယ်ခဲ့ကြသည်။ ယင်းတွေ့ဆုံခဲ့မှုတွင် တီမောလက်စတေး၊ လာအို၊ ဘင်္ဂလာဒေ့ရှ်၊ ဆွီဒင်၊ ချက်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ယူကေ၊ ဂျပန်တို့မှ ကိုယ်စားလှယ်အဖွဲ့များအပြင် IPU မှ တာဝန်ရှိသူများလည်း ပါဝင်ပါသည်။

ပညာရှင်များ ဖိတ်ခေါ်၍ ဆွေးနွေးပွဲများ ကျင်းပခြင်း

၁၃။         ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ခိုင်မာ သော ဆက်ဆံရေးတည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာ့အရေးဖြေရှင်းမှုအတွက် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေးမူဝါဒများ၊ လက်ရှိကာလတွင်ထားရှိသည့် နိုင်ငံတစ်နိုင်ငံချင်းစီ အလိုက် ရပ်တည်ချက်များ၊ အနာဂတ်အလားအလာတို့နှင့်ပတ်သက်၍ ကဏ္ဍအလိုက် ပြည်တွင်းနှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များဖိတ်ခေါ်၍ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် အခြားသင့်လျော်သည့် ဝန်ကြီးဌာန တို့အား အခါအားလျော်စွာဖိတ်ခေါ်၍ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုများမှ ရရှိသည့် သတင်းအချက်အလက်များ၊ သုံးသပ်အကြံပြုချက်များကို အခြေခံလျက် ပုံစံအမျိုးမျိုးဖြင့် ချဉ်းကပ်၍ နိုင်ငံတကာအသိုက်အဝန်း၏အားပေးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

နိဂုံး

၁၄။    နိုင်ငံတစ်ဝှမ်းရှိ အကြမ်းဖက်စစ်တပ်အား ခုခံတွန်းလှန်မှုများအားကောင်းလာသည့် ယနေ့ အချိန်တွင်လည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် ငြိမ်းချမ်းသာယာသော အနာဂတ်ကို အမြန်ဆုံးဆက်လက်ပုံဖော်နိုင်ရေးတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များ၊ ကြိုးပမ်းချက်များကို ရှင်းရှင်းလင်းလင်းသိရှိစေရေး၊ မိမိတို့နိုင်ငံ၌ စစ်အာဏာရှင် များအား အမြန်ဆုံးဖယ်ရှားနိုင်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို စုပေါင်းအားဖြင့် အမြန်ဆုံးတည်ဆောက်နိုင်ရေးအပေါ် လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုးကူညီမှုများရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Scroll to Top