Home / ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေးသို့ အစီရင်ခံတင်သွင်းခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေးသို့ အစီရင်ခံတင်သွင်းခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်                                        

နိဒါန်း

၁။          ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံလျက် ဥပဒေပြုရေး၊ ကိုယ်စားပြုရေးနှင့် အစိုးရအား ထိန်းကျောင်းစောင့်ကြည့်ရေး တာဝန် များအား ဆောင်ရွက်နေသည့်နည်းတူ လက်ရှိနွေဦးတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်နိုင်ရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုအသီးသီး၏ ဘုံရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသား မဟာမိတ် အင်အားစုများ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ လက်တွေ့ကျ၍ ထိရောက်သော ပံ့ပိုး ကူညီမှုများ ရရှိရေးအတွက်လည်း ချိတ်ဆက်ပူးပေါင်းမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။

၂။            ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စတင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၅ ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ နေ့အထိ  ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များကို ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်အစည်းအဝေး များတွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင် ယခင်ဖွဲ့စည်းထားရှိသည့် ရေးရာကော်မတီ (၁၂)ရပ် အနက်မှ သတင်းနှင့်ပြန်ကြားရေးဆိုင်ရာကော်မတီအား သတင်းနှင့်ပြန်ကြားရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၂၅/၂၀၂၃) ဆုံးဖြတ်ချက်အရ ပြင်ဆင်ဖွဲ့စည်းပြီး လွှတ်တော်ရေးရာကော်မတီ(၁၁)ရပ်ဖြင့် လုပ်ငန်း တာဝန်များကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ရေးရာကော်မတီများအနေဖြင့်လည်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဥပဒေ၊ မူဝါဒများကို လေ့လာသုံးသပ်ခြင်း၊ နိုင်ငံ တကာ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များအား စီစဥ်ဆောင်ရွက်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏  သက်ဆိုင်ရာဝန်ကြီးဌာနများအပါအဝင် တော်လှန်ရေးအင်အားစုအားလုံးနှင့် တွေ့ဆုံဆွေးနွေး၍ မြေပြင် လိုအပ်ချက်များအတွက် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကော်မတီများ၏ လုပ်ငန်းများအား ဟန်ချက်ညီညီ ချိတ်ဆက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပခြင်း

၃။              ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကော်မတီ၏ လုပ်ဆောင်ချက်များ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များအား လွှတ်တော်သို့ အစီရင်ခံ တင်ပြ နိုင်ရန်နှင့် တော်လှန်ရေး၏ ဖြစ်ပေါ်ပြောင်းလဲမှုများအရ တော်လှန်ရေးအတွက် အထောက်အကူပြု စေမည့် အစီအစဥ်များ ချမှတ်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများအား ခေါ်ယူကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးအားလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တတိယအကြိမ် အစည်းအဝေး အားလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် စတုတ္ထအကြိမ် အစည်းအဝေးအား လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ပဉ္စမအကြိမ် အစည်းအဝေးအားလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် အထူးအစည်းအဝေးအား လည်းကောင်း ခေါ်ယူကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများအား ပိုမို အစီအစဥ်ကျနစွာ ကျင်းပနိုင်ရေးအတွက် ပဉ္စမအကြိမ်အစည်းအဝေးမှစ၍ သင့်လျော်သော ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များဖြင့် ကျင်းပရေးလုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယနေ့ ကျင်းပသည့် ဆဋ္ဌမအကြိမ် အစည်းအဝေးသည်လည်း အပါအဝင်ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း

၄။            ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ဦးအောင်ကျော်မိုးအား လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဇူလိုင်လ ၂၈ ရက်နေ့တွင်  ခွန်းစောဖူးအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနများအပါအဝင်တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား တင်ပြခြင်း

၅။            ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့၏ လုပ်ငန်းယန္တရားများ လည်ပတ်မှုတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုနှင့် အကြံပြုဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နိုင်ရန် ၂၀၂၃ ခုနှစ်တွင် ဝန်ကြီး ဌာန အသီးသီးနှင့် (၂၂) ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ရေးရာကော်မတီများအလိုက် လက်ရှိတော်လှန်ရေးကာလတွင် တော်လှန်ရေးအရှိန်အဟုန် အားကောင်းစေရန် တော်လှန်ရေး အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရန်၊ အနာဂတ်နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များတွင် အတူတကွ ဆက်လက်ကြိုးပမ်းသွားနိုင်ရန်တို့အတွက် ကော်မတီများ၏ အပတ်စဥ် ပုံမှန် အစည်းအဝေးများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့် အတူ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးများအား (၇၈၆) ကြိမ် စီစဥ်ဆောင်ရွက်နိုင်ခဲ့ပါသည်။  ထို့ပြင် ပြည်သူ့ဝန်ထမ်း CDMer များ၊ ပညာရေးဘုတ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်တွေ့ဆုံ၍ မြေပြင်အ ခြေအနေများကို ဆွေးနွေးပြီး ရင်ဆိုင် နေရသော အခက်အခဲများအတွက် သက်ဆိုင်ရာကော်မတီ၊ ဝန်ကြီးဌာနများသို့ ချိတ်ဆက်ညှိနှိုင်း၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားနိုင်ရန် ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ပူးပေါင်း၍ မြေပြင်ရှိ အခက်အခဲများကို ဝန်ကြီးဌာနများထံသို့ ပေးပို့ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

ဥပဒေနှင့် မူဝါဒ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခြင်း

၆။            ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်၊ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ အခန်း(၅)ပါ ကြားကာလ ဥပဒေပြုရေး ပြဋ္ဌာန်း ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင်  ဥပဒေ (၉) ခုအား ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ မူဝါဒလုပ်ငန်းစဥ်များအား စဥ်ဆက်မပြတ် လေ့လာသုံးသပ်ခြင်း၊ ၂၀၂၄ ခုနှစ်တွင် ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးစံနှုန်းများနှင့် မကိုက်ညီသည့် ဥပဒေများကို ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း လုပ်ငန်းစဥ်များ၊ နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကို ရုပ်သိမ်းခြင်း၊ အသစ်ရေးဆွဲထုတ်ပြန်ခြင်း၊  နိုင်ငံသားများ၏ အခွင့်အရေး၊ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်များကို အလေးထားသော ဥပဒေကောင်းများ ပေါ်ပေါက်လာစေရေးတို့အတွက် လေ့လာ သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ကာ အသွင်ကူးပြောင်းရေးကာလတွင် ဆောင်ရွက်ထားသင့်သည့် အချက် များနှင့်ပတ်သက်၍ Transactional Constitution (TC) အတွက် Ground Principles များအား ကြိုတင်လေ့လာသုံးသပ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

လွှတ်တော်ကိုယ်စားလှယ်များအတွက် စွမ်းရည်မြှင့်တင်ရေးဆွေးနွေးပွဲများ စီစဥ်ဆောင်ရွက်ပေးခြင်း

၇။           ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား အပြီးတိုင် ဖျက်သိမ်းခဲ့ပြီးဖြစ်သည့်အပြင် ဖက်ဒရယ်စနစ်ကို အခြေခံသော ဖွဲ့စည်းပုံ အသစ် တစ်ရပ် ရေးဆွဲသွားရန်လည်း ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် ထုတ်ပြန် ချက်တွင် နိုင်ငံရေးရည်မှန်းချက်တစ်ရပ်အဖြစ် ထည့်သွင်းထားပါသည်။ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်သွားနိုင်ရေးအတွက် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ ရေးဆွဲနိုင်ရေးသည်လည်း အရေးကြီးသည့် လုပ်ငန်းစဥ်တစ်ရပ် ဖြစ်ပါသည်။

၈။         မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ဖက်ဒရယ်မူဝါဒဆိုင်ရာ အလေ့အထများနှင့် စွမ်းရည်မြှင့်တင်မှု အသိပညာ ပြန့်ပွားရေးအတွက် သုတေသန ပြုလုပ်လေ့လာနိုင်ရန် International IDEA ၏ အစီအစဥ်ဖြင့် ဖက်ဒရယ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ ခေါ်ယူ၍ အွန်လိုင်းဆွေးနွေးပွဲ (၆၁) ခုအား ကျင်းပပြုလုပ်ခဲ့ကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၁၈) ဦး  တက်ရောက် ခဲ့သည်။ ဖက်ဒရယ်နိုင်ငံများနှင့်ပတ်သက်သည့် လေ့လာဆွေးနွေးမှုများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး လုပ်ငန်းစဥ်များနှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေများအား လေ့လာ မှုများ၊ အာဏာခွဲဝေခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်းများ၊ အခြားနိုင်ငံများ၏ လုပ်ငန်းစဥ်များ နှင့် နှိုင်းယှဥ်သုံးသပ်၍ အသွင်ကူးပြောင်းရေးကာလ ဥပဒေပြုရေးအတွက် လေ့လာမှုများ၊ ဖက်ဒရယ် နိုင်ငံများတွင် ပြည်နယ်များ ဖော်ဆောင်ခြင်းများ၊ တရားစီရင်ရေးကဏ္ဍတွင် ဖွဲ့စည်း တည်ဆောက် ပုံများ၊ အမှီအခိုကင်းလွတ်မှုနှင့်တာဝန်ခံမှုများ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် လူသား လုံခြုံမှု၊ ဖက်ဒရယ်စနစ်နှင့် လူနည်းစုအခွင့်အရေးဆိုင်ရာ လေ့လာမှုများ၊ မဟာမိတ်ဖွဲ့ခြင်းဆိုင်ရာ လေ့လာမှုများ၊ ဖက်ဒရယ်ဘဏ္ဍာရေးဆိုင်ရာ လေ့လာမှုများစသည့် ခေါင်းစဥ်များဖြင့် လေ့လာဆွေးနွေး သုံးသပ်မှုများအား မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းလျက် ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင် များအား ဖိတ်ကြား၍ ကျယ်ပြန့်စွာ စီစဥ်ဆောင်ရွက်နိုင်ခဲ့သည်။

သတင်းနှင့် ပြန်ကြားရေးကဏ္ဍအတွက် ဆောင်ရွက်ခြင်း

၉။          ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများကို ပြည်သူလူထုနှင့် နိုင်ငံတကာအသိုက်အဝန်းက အချိန်နှင့်တပြေးညီ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် CRPH Website၊ Facebook၊ Twitter၊ Telegram  စသည့် ဆိုရှယ်မီဒီယာကွန်ရက်များမှတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေအသိပေးတင်ပြလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ချက်ပေါင်း (၅၁) စောင် ထုတ်ပြန်နိုင် ခဲ့ကာ သတင်းထုတ်ပြန်ချက်များအပါအဝင် နိုင်ငံတကာအထိမ်းအမှတ်နေ့များ၊ နှစ်ပတ်လည် အခမ်း အနားများနှင့် တိုင်းရင်းသားပြည်သူများ၏ နေ့ထူးနေ့မြတ်များသို့ ပေးပို့သည့် သဝဏ်လွှာများ ပါဝင် ပါသည်။ ထို့အပြင် သတင်းစဥ်များအား အမှတ်စဥ် (၂၆) ခုအထိ စီစဥ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေး၏ ဆုံးဖြတ်ချက်များကိုလည်း နိုင်ငံတကာ လွှတ်တော် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာသံတမန်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံအချို့သို့ တိုက်ရိုက်ပေးပို့ခဲ့သည့်အပြင် G-7 ထိပ်သီး အစည်းအဝေးမတိုင်မီတွင်လည်း G-7 နိုင်ငံ ခေါင်းဆောင်များထံသို့ တိုက်ရိုက်စာပေးပို့ခဲ့ပါသည်။

၁၀။         ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ကချင် ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းရှိ အရပ်သားပြည်သူများအပေါ် ပစ်မှတ် ထား၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကဲ့သို့ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လုပ်ဆောင် လျက်ရှိသည့် ဖြစ်စဥ်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်ထုတ်ပြန်၍ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ တိုက်ရိုက်ပေးပို့ခဲ့ပါသည်။       

ပြည်သူ့အကျိုးပြုကဏ္ဍများအလိုက်ဆောင်ရွက်ခြင်း

၁၁။         နွေဦးတော်လှန်ရေး၏ တပ်ဦးဖြစ်သော အကြမ်းမဖက် အာဏာဖီဆန်မှုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်း (CDMer) သူရဲကောင်းများ၏ အရေးပေါ် လိုအပ်ချက်များအား ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ရေးရာကော်မတီအနေဖြင့် ဝန်ကြီးဌာနအသီးသီးနှင့် အခြားဌာနဆိုင်ရာများရှိ လူဦးရေ (၃၀၀၀) ကျော်အတွက် မြန်မာငွေကျပ်သိန်းပေါင်း (၁၈၀၀) ကျော်အား ပံ့ပိုးကူညီပေးနိုင်ခဲ့ ပါသည်။ ထို့အပြင် မတရားဖမ်းဆီးအကျဥ်းချခံထားရသည့် နိုင်ငံရေးအကျဥ်းသားများ၏ မိသားစု များအား နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP- Assistance Association for Political Prisoners) နှင့် ချိတ်ဆက်ကူညီလျက် လူဦးရေ (၁၀၅၂) ဦးအား ပံ့ပိုးကူညီပေးခဲ့ပြီး ကော်မတီအနေဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်တော်ဆေးခန်း‌တွင် တက်ရောက်ဆေးကုသမှုခံယူ နေသော ထိခိုက်ဒဏ်ရာရ ရဲဘော်များနှင် ခြေလက်အင်္ဂါ စွန့်လွှတ်ပေးလှူထားရသည့် ရဲဘော်များအား  စိတ်ဓာတ်ခွန်အားရရှိစေရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၀၀၀) နှုန်းဖြင့် (၅၃) ဦးအတွက် စီစဥ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

၁၂။          ပညာရေးကဏ္ဍတွင် ဖက်ဒရယ်ပညာရေးစနစ် အကောင်အထည်ပေါ်လာနိုင်ရေး လုပ်ငန်း စဥ်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံ၍ ဘာသာရပ်များအလိုက် သင်ရိုးညွှန်းတမ်း (မူကြမ်း) များအား အကြံပြုဆွေးနွေးခြင်း၊ ဖက်ဒရယ်ပညာရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သွားနိုင်ရေးဆောင်ရွက်ခြင်း၊ “CDMers များအတွက် ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလ ပညာရေးမူဝါဒများ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်နိုင် ရေးနှင့် ဥပဒေတစ်ရပ်ရေးဆွဲနိုင်ရေး” အလုပ်ရုံဆွေးနွေးပွဲများနှင့် ဖက်ဒရယ်ပညာရေးဆိုင်ရာ စကား ဝိုင်းများတွင် ပါဝင်ဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

၁၃။         အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်များ၏ အခန်းကဏ္ဍသည် လက်ရှိနွေဦး တော်လှန် ရေးတွင်သာမက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတွင်လည်း အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ကာ လက်ရှိပဋိပက္ခ အခြေအနေများတွင် လုံခြုံစိတ်ချရသော စစ်ဘေးရှောင်စခန်း များ၌ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆေးဝါးနှင့်စားနပ်ရိက္ခာဖူလုံမှုတို့သည် အခြေခံကျစွာ ထည့် သွင်းစဥ်းစားရမည့် လုပ်ငန်းတာဝန်များ ဖြစ်ပါသည်။ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ကော်မတီသည် လိုအပ်ချက်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြင်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကူညီထောက်ပံ့ပေးမှုများ စီစဥ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၃ ခုနှစ်အတွင်း စစ်ဘေးရှောင်ပြည်သူ (၂၅၅၇၀) ဦး၊ ကိုယ်ဝန်ဆောင် (၂) ဦး၊ CDM ဝန်ထမ်း (၆၀) ဦး၊ နိုင်ငံရေးအကျဥ်းသား (၇၄) ဦးနှင့် ကျဆုံးပြည်သူ (၈) ဦးတို့အတွက် ထောက်ပံ့ကူညီမှုများ ချိတ်ဆက် ပေးအပ်နိုင်ခဲ့သည်။ ထို့အပြင် အနာဂတ်တွင် အကြမ်းဖက်မှုပပျောက်ရေး၊ ကျား၊ မ တန်းတူညီမျှမှု ရရှိရေး၊ မသန်စွမ်းသူများအပါအဝင် ကလေးသူငယ်အခွင့်အရေးများ ပြည့်ဝစွာရရှိနိုင်ရေးတို့အတွက် ဥပဒေများ၊ နည်းဥပဒေများအား ပြန်လည်လေ့လာသုံးသပ်လျက်ရှိသည်။

၁၄။         ပြည်တွင်းပြည်ပရှိ အလုပ်သမားရေးရာကိစ္စရပ်များတွင် အလုပ်သမားရေးရာကော်မတီ အနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်ရန် ချိတ်ဆက် ကြိုးပမ်း နေသကဲ့သို့ ကြားကာလနှင့် အနာဂတ် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် အလုပ်သမားထုတို့၏ အခွင့်အရေး၊ ရပိုင်ခွင့်တို့အတွက် ပိုမိုကောင်းမွန်သော ဥပဒေ၊ မူဝါဒများ ပေါ်ပေါက်လာရေးကိုလည်း  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံတကာရှိ အလုပ်သမားအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက် လျက်ရှိသည်။

ရှေ့ဆက်အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များအား တင်ပြခြင်း

၁၅။        ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် မိမိတို့နိုင်င်ငံ၌ ဖြစ်ပေါ်နေသည့် လက်ရှိပဋိပက္ခအား အဆုံးသတ်ရေးနှင့် နိုင်ငံတကာအသိုက်အဝန်း၏ လက်တွေ့ကျသော ပံ့ပိုးကူညီမှု များ ရရှိနိုင်ရန် နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းနှင့် ချိတ်ဆက်ပူးပေါင်းမှု အားကောင်းစေရေးကို လည်း မဟာဗျူဟာချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ပြည်တွင်းပြည်ပရှိ မိတ်ဖက်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများ၊ လူပုဂ္ဂိုလ်များနှင့်လည်း ပိုမိုချိတ်ဆက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

၁၆။        ၂၀၂၄ ခုနှစ်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဥ်များတွင် ပိုမိုထိရောက်စွာပါဝင်နိုင်ရန် လိုအပ်မည့် ကျွမ်းကျင်မှုများ နှင့် ဗဟုသုတတို့ မြှင့်တင်ပေးနိုင်ရန်၊ နိုင်ငံတကာအသိုက်အဝန်းနှင့် ထိတွေ့ဆက်ဆံမှု ခိုင်မာအားကောင်း လာစေရန်၊ အခြားသော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်စေရန်၊ လွှတ်တော်၏ လုပ်ငန်းတာဝန်များအား ပိုမိုစနစ်တကျ ဆောင်ရွက်နိုင်စေရန်၊ ပြည်သူလူထုသို့ ဖက်ဒရယ်စနစ်ဆိုင်ရာ အသိပညာပေးမျှဝေမှုများအား ပိုမိုတိုးမြှင့်လုပ်ဆောင်သွားနိုင်ရန် နည်းပညာ နှင့် ငွေကြေးအကူအညီများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးထားသည့် International IDEA အပါအဝင် နိုင်ငံတကာ မိတ်ဖက် လွှတ်တော်ဖွံ့ဖြိုးရေး အဖွဲ့အစည်းများနှင့် ဆက်လက်လက်တွဲပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ပါ သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲရေးဆိုင်ရာ သဘောတရား များ၊ လုပ်ငန်းစဥ်များနှင့် ထည့်သွင်းစဥ်းစားသင့်သည့် အချက်အလက်များအား လေ့လာဖတ်ရှု၍ သုတေသနပြုနိုင်ရန် ဆွေးနွေးပွဲများအတွင်း ဆွေးနွေးချက်များအား စာတမ်းအဖြစ် ထုတ်ဝေ၍ ဆက်လက် မျှဝေသွားနိုင်ရန် International IDEA နှင့် ဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်ပါသည်။        

နိဂုံး

၁၇။      ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နွေဦးတော်လှန်ရေးကာလ တလျှောက်တွင် ပြည်သူများ၏ ဆန္ဒသဘောထားများအား တန်ဖိုးထားလေးစားလျက် ပြည်သူများ အပ်နှင်းလိုက်သော ပြည်သူ့အာဏာအား ကိုင်စွဲလျက် လွှတ်တော်တစ်ရပ်၏ လုပ်ငန်းတာဝန်များကို လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်နိုင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိပြီး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက မျှော်မှန်းကြိုးပမ်းနေသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးအား အမြန်ဆုံး တည်ဆောက်သွားနိုင်ရေး တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုအားလုံးနှင့် အတူတကွ ရပ်တည် ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top