Home / ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးသို့ တင်သွင်းသည့် (၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့မှုဆိုင်ရာ အစီရင်ခံစာ

ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးသို့ တင်သွင်းသည့် (၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့မှုဆိုင်ရာ အစီရင်ခံစာ

နိဒါန်း
၁။ ကမ္ဘာ့နိုင်ငံပေါင်း (၁၈၃) နိုင်ငံတို့မှ နိုင်ငံတော်အဆင့် လွှတ်တော်များဖြင့် ဖွဲ့စည်း ထားသည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union – IPU) တွင် မြန်မာ လွှတ်တော်သည် ၂၀၁၂ ခုနှစ်မှစတင်၍ တင်းပြည့်အဖွဲ့ဝင် လွှတ်တော်တစ်ရပ်အဖြစ် ပြန်လည် ဝင်ရောက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်က လွှတ်တော်များ ခေါ်ယူကျင်းပ ခွင့်ကို ဖျက်သိမ်းပြီး နိုင်ငံတော်၏ အာဏာကို အကြမ်းဖက်နည်းဖြင့် သိမ်းယူခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားပြု သူများနှင့် တရားဝင်ဆွေးနွေးဖက်အဖြစ် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က အသိအမှတ် ပြုခဲ့ပါသည်။ 
၂။ ယင်းအသိအမှတ်ပြုမှုနှင့်အတူ ခရီးသွားလာနိုင်ရေးအခက်အခဲများနှင့် ကန့်သတ် ချက်များကြောင့် (၁၄၂) ကြိမ်မြောက်မှ (၁၄၅) ကြိမ်မြောက် ညီလာခံနှင့် ဆက်စပ်အစည်းအဝေး များသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်နိုင်ခဲ့ခြင်း မရှိပေ။ သို့သော် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် (၁၄၂) ကြိမ်မြောက်နှင့် (၁၄၄) ကြိမ်မြောက် ညီလာခံများတွင် General Debate ဆိုင်ရာမိန့်ခွန်းအား ဗီဒီယိုမက်ဆေ့ပေးပို့ခြင်းဖြင့် ပါဝင်ခဲ့ပါသည်။
၃။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အချို့၏ ခရီးသားလာနိုင်မှုများ ရှိလာသည့် အချိန် တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့အား ခရီးသွားလာနိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး စေလွှတ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၄၆) ကြိမ်မြောက် ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများမှစ၍ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး (၁၅၂) ကြိမ်မြောက် ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ အောက်ပါ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့ပါသည် – 
(က) ဒေါ်ဇင်မာအောင် (ရန်ကင်းမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး) – အဖွဲ့ခေါင်းဆောင်
( ခ ) ဒေါက်တာသက်ကိုကို (ယူကေနိုင်ငံဆိုင်ရာကိုယ်စားလှယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ)  – အကြံပေး/အတွင်းရေးမှူး
( ဂ ) ကိုဝဏ္ဏ ((၁၅၂) ကြိမ်မြောက် IPU ညီလာခံအတွက် သံတမန်‌ရေးရာအကြံပေး) – အကြံပေး/အတွင်းရေးမှူး
ရည်ရွယ်ချက်
၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အောက်ပါရည်ရွယ်ချက် များဖြင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်ခဲ့ခြင်း ဖြစ်ပါသည် –
(က)၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တရားဝင်မှုအား ထိန်းသိမ်းကာကွယ်နိုင်ရန်၊ 
( ခ ) လွှတ်တော်ဆိုင်ရာ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်နိုင်ရန်နှင့် ပိုမိုအားကောင်းလာစေရန်၊ 
( ဂ ) နိုင်ငံတကာလွှတ်တော်များအကြား မြန်မာနိုင်ငံ၏ ဒီမိုကရေစီကိုယ်စားပြုမှု ကို မြှင့်တင်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ပါလီမန်များအသိုက်အဝန်းနှင့် စည်းလုံးညီညွတ်မှုကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်ရန်၊
(ဃ) မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာပြည်သူတို့အပေါ်၌ အကြမ်း ဖက်စစ်အုပ်စုက ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများကို နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များသို့ အသိပေးတင်ပြရန်၊
( င ) စစ်အုပ်ချုပ်ရေးကို အပြီးတိုင် အဆုံးသတ်နိုင်ရန်နှင့် မြန်မာပြည်သူလူထု အတွက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်း ထားရှိမှုအပါအဝင် တော်လှန်ရေးအင်အားစုများ၏ ကြိုးပမ်းချက်များကို နိုင်ငံတကာအသိုက်အဝန်းက အပြည့်အဝသိရှိနိုင်ရေး ရှင်းလင်းအသိပေးနိုင်ရန်။ 
အစည်းအဝေးများ တက်ရောက်ခြင်းနှင့် မိန့်ခွန်းပြောကြားခြင်း
၅။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အာရှ-ပစိဖိတ်အုပ်စု (Asia-Pacific Group) အစည်းအဝေး၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များဖိုရမ်၊ (၂၁၇) ကြိမ်မြောက် အမှုဆောင်ကောင်စီအစည်းအဝေးများ၊ ညီလာခံအစည်းအဝေးများ၊ General Debate အစီအစဉ်နှင့် IPU တွင် သြစတြေးလျအဖွဲ့ဝင်ဖြစ်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တို့ကို ပါဝင်တက်ရောက်ခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင်သည် ၁၅-၄-၂၀၂၆ ရက်နေ့တွင် ကျင်းပသည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များဖိုရမ်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင် နိုင်ရန်အတွက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ကြံ့ကြံ့ခိုင်နိုင်စွမ်း ရှိသည့်လူ့အဖွဲ့အစည်းတစ်ရပ်အား ဖော်ဆောင်နိုင်ရေးအတွက် ရှေ့တန်းကနေ မားမားမတ်မတ် ဆောင်ရွက်နေကြသော အမျိုးသမီးများ၏ အသံကို လှည့်စားခြယ်လှယ်အသုံးချခံနေရသော အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
၆။ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင်သည် ၁၈-၄-၂၀၂၆ ရက် နေ့တွင် ကျင်းပသည့် General Debate အစီအစဉ်တွင် မိန့်ခွန်းပြောကြားခဲ့ပြီး အဆိုပါမိန့်ခွန်း တွင် အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်မှုများကို ခံစားနေကြရသည့် ပြည်သူများ၏အခြေအနေများ၊ အာဏာသိမ်းစစ်တပ်နှင့် ၎င်းကဖွဲ့စည်းသည့် အတုအယောင်လွှတ်တော်အား တရားဝင် အသိ အမှတ်ပြုမှု မပေးရန်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား ဆက်လက် အသိ အမှတ်ပြုသွားရန်နှင့် အရပ်သားများအပေါ် ဆက်လက်ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှု များကို အဆုံးသတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် တောင်းဆိုတိုက်တွန်းခဲ့ပါသည်။
နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း
၇။ ညီလာခံကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ပိုလန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ဩစတေးလျနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ယူကေနိုင်ငံ၊ ဘူတန်နိုင်ငံ၊ တီမောလက်တေ့နိုင်ငံ၊ အီတလီနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ လွှတ်တော် ကိုယ်စားလှယ်များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းတွေ့ဆုံမှုများတွင် မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် လက်ရှိ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခြေအနေများ၊ အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက် ၅ ရပ်အပေါ် စစ်ကောင်စီက လိုက်နာ ဆောင်ရွက်ခြင်းမရှိသည့် အခြေအနေများ၊ အာဏာသိမ်းစစ်တပ်နှင့် မဟာမိတ်များက အကာ အကွယ်ပေးထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဆက်လက်ရွှေ့ပြောင်းလည်ပတ်နေမှု များ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) အား ဖွဲ့စည်းထားရှိမှုနှင့် နိုင်ငံရေးရည်မှန်းချက်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်၏ ဆက်လက်ကျူးလွန်လျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် များကို နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး၊ လူသားချင်း စာနာ‌ထောက်ထားမှုအကူအညီများကို တိုးမြှင့်ရရှိရေး၊ တော်လှန်ရေးအင်အားစုများကို နည်းပညာ၊ ငွေကြေးနှင့် ထောက်ခံအားပေးမှု ကဲ့သို့သော အကူအညီများကို တိုးမြှင့်ရရှိရေး၊ ၂၀၂၂ ခုနှစ်တွင် ချမှတ်ခဲ့သော အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်နှင့် ချိတ်ဆက်ထားသည့် ကုလသမဂ္ဂ၏ Resolution 2669 တွင် စစ်ကောင်စီအား အသိအမှတ်ပြုထားခြင်းမရှိသကဲ့သို့ အရပ်သားဝတ်စုံပြောင်းလဲထားသည့် အာဏာသိမ်းစစ်အာဏာရှင်များ၏ အတုအယောင် လွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအား နိုင်ငံတကာက အသိအမှတ်ပြု ဆက်ဆံခြင်း မပြုရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများမပြုရေး၊ CRPH အား ဆက်လက်အသိအမှတ်ပြု ထောက်ခံပေးရေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြမ်းဖက် စစ်အုပ်စု၏ မတရားဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေး ဖိအားပေး ကြိုးစား ဆောင်ရွက်ပေးရန် တိုက်တွန်းဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား ဆက်လက်အသိအမှတ်ပြုခြင်း
၈။ ၁၉-၄-၂၀၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန် များညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အဓိကဆွေးနွေးဖက် မိတ်ဖက် အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ မြန်မာနိုင်ငံ၌ ပို၍ တရားဝင်မှုရှိ သည့် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့်အချိန်နှင့် မြန်မာပြည်သူများ၏ ဆန္ဒများကို ၎င်းတို့၏ အဖွဲ့အစည်းများတွင် ပြည့်ပြည့်ဝဝ ကိုယ်စားပြုနိုင်သည့်အချိန်အထိ နိုင်ငံတကာပါလီမန်များ အဖွဲ့ (IPU) အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ဆက်လက် ထိတွေ့ဆက်ဆံသွားရန် အမှုဆောင်ကော်မတီ (Executive Committee) ၏ အကြံပြုချက်ကို အမှုဆောင်ကောင်စီအစည်းအဝေး (Governing Council) က အတည်ပြုခဲ့ခြင်းသည်။ 
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲရလဒ်နှင့် တရားဝင်မှုကို ထိန်းသိမ်းနိုင်ခြင်း၊ ကိုယ်စားပြုခွင့် ဆက်လက်ရရှိခဲ့ခြင်း
၉။ (၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်နိုင်ခဲ့ခြင်းသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ လူထုက အပ်နှင်းထားသည့် ဆင့်လွှဲအာဏာနှင့်တရားဝင်မှုကို ဆက်လက်ကာကွယ်နိုင်ခဲ့သည် သာမက မြန်မာ့အရေးအခြေအနေများအပေါ် နိုင်ငံတကာလွှတ်တော်အသိုက်အဝန်း၏ သိမြင် နားလည်မှုကိုလည်း မြှင့်တင်နိုင်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် မြန်မာပြည်သူများအား ဒီမို ကရေစီနည်းကျမဟုတ်ဘဲ ဆက်လက်ဖိနှိပ်အုပ်ချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီ က အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင်လွှတ်တော်ဖန်တီးပြီး ပြည်သူ့ ဆင့်လွှဲအာဏာအား ဖျက်ဆီးရန်နှင့် တရားမဝင်စစ်အုပ်ချုပ်ရေးအား တရားဝင်မှုရရှိရန် ကြိုးပမ်းနေမှုကို တားဆီးနိုင်ခဲ့ပါသည်။
၁၀။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ခံလွှတ်တော် ကိုယ်စား လှယ်များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ ဆက်လက်အသိအမှတ်ပြုမှုကြောင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ ညီလာခံများနှင့် အစည်းအဝေးများသို့ ဆက်လက် တက်ရောက်သွားမည် ဖြစ်ပါသည်။ 
နိဂုံး
၁၁။ ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား အဓိကဆွေးနွေးဖက် မိတ်ဖက် အဖြစ် ဆက်လက်အသိအမှတ်ပြုခဲ့ခြင်းသည် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၏ တရားဝင်မှုနှင့် ဆောင်ရွက်ချက်များကို အသိအမှတ်ပြုခြင်းအပြင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ကြိုးပမ်းနေကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ CDM နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် ပြည်တွင်းပြည်ပရှိ တော်လှန်ပြည်သူများ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းပင်ဖြစ်ပါသည်။
၁၂။ ထို့ကြောင့် နိုင်ငံတကာလွှတ်တော်အသိုက်အဝန်း၏ တရားဝင်အသိအမှတ်ပြုမှုနှင့် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းထားသည့် ဆင့်လွှဲအာဏာကို ကိုင်စွဲလျက် မိမိတို့နိုင်ငံ၌ နိုင်ငံနှင့်ပြည်သူလူထု၏ မျှော်လင့်ချက်နှင့် အနာဂတ်ကို ဖျက်စီးရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည့် စစ်အာဏာရှင်စနစ်ဆိုး အပြီးတိုင်ချုပ်ငြိမ်းနိုင်ရန်နှင့် စစ်မှန်သောလွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုတို့ တန်းတူညီမျှခံစားနိုင်ရေးတို့ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေးအတွက် နိုင်ငံတကာအသိုက်အဝန်းထံက ထိရောက် သော ပံ့ပိုးကူညီမှုများရရှိစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။ 
Scroll to Top