Home / ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေးတွင် တင်သွင်းသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၅ ခုနှစ် ဆောင်ရွက်ချက် အစီရင်ခံစာ

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေးတွင် တင်သွင်းသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၅ ခုနှစ် ဆောင်ရွက်ချက် အစီရင်ခံစာ

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေးတွင် တင်သွင်းသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၅ ခုနှစ် ဆောင်ရွက်ချက် အစီရင်ခံစာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲဖွဲ့စည်းခြင်း

နွေဦးတော်လှန်ရေး၏ လိုအပ်ချက်အရ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် Federal Democracy Charter (FDC) နှင့်အညီ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအတွင်း တိုင်ပင် ညှိနှိုင်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းပေါ်ပေါက်ခဲ့ သော အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစိုးရဖွဲ့စည်းပြီး (၄) နှစ်ပြည့်မြောက်ပြီးချိန်မှ စတင်ကာ တော်လှန်ရေး၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ဆက်လက်လုပ်ဆောင်ကြရမည့် အခြေအနေများ ကို လေ့လာသုံးသပ်ပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒများကို နားထောင်လျက် အင်အားအပြည့်ဖြင့် ပိုမို အားကောင်းသော ထိထိရောက်ရောက် ကျစ်လစ်ခိုင်မာသော အစိုးရတစ်ရပ်အဖြစ် ပြုပြင်ပြောင်းလဲ ဖွဲ့စည်းနိုင်စေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ ၏ မဟာဗျူဟာကဏ္ဍ (၆) ရပ်ဖြင့် ဆောင်ရွက်နေသည့် စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံခြားရေး စသည့် ဆောင်ရွက်ချက်များကိုလည်း လစ်ဟာမှုမရှိစေဘဲ နိုင်ငံရေးကဏ္ဍတွင် ပိုမိုစုစည်းထိရောက်ပြီး တော်လှန် ရေးအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့်အချက်ကို ပထမဦးစားပေး ထည့်သွင်းစဉ်းစား၍ အဆင့် (၃) ဆင့်ဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။

ပထမအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အစိုးရအတွင်း ပြုပြင်ပြောင်းလဲရေးကိုသာ ဦးစွာဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ပထမအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အစိုးရ ဖွဲ့စည်းပုံ ပြောင်းလဲခြင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရအတွက် ပိုမိုစနစ်တကျလုပ်ဆောင်ရန် လိုအပ်နေသေးသော မူဝါဒပိုင်း၊ လုပ်ထုံးလုပ်နည်းပိုင်းများတွင် ပြန်လည်သုံးသပ်ခြင်းနှင့် ၄ နှစ်တာ ကာလ ဖွဲ့စည်းထားခဲ့သော ကော်မတီ၊ ကော်မရှင်များအား ကျစ်ကျစ်လစ်လစ်ဖြင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေရန်ဆိုသည့် လုပ်ငန်းစဉ်များ ပါဝင်ပါသည်။

ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ယခုကျစ်လစ်စွာ ပြင်ဆင်ဖွဲ့စည်းလိုက်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ ကိုယ်စားပြုမှုများ ပိုမို ပါဝင်နိုင်မည့် ပြည်သူအများ မျှော်လင့်တောင့်တနေသော အားကောင်းသည့်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင် ဖို့ ရည်ရွယ်ထားပါသည်။

တတိယအဆင့်တွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ လမ်းပြမြေပုံအတိုင်း အကြမ်းဖက် စစ်အုပ်စုကို အပြီးတိုင်ဖြုတ်ချပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားနိုင်ရန် ရည်ရွယ်ပါသည်။

ပြုပြင်ပြောင်းလဲရေး၏ ပထမအဆင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြင်ဆင်ဖွဲ့စည်းခြင်းကို ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ သဘောတူညီမှုနှင့်အတူ အတည် ပြုပေးခဲ့ပြီး ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိပြုကျမ်းသစ္စာဆိုခဲ့ကြပြီး ဖြစ်ကြောင်း လေးစားစွာတင်ပြလိုပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာ

အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအင်အားစုအားလုံးနှင့် လက်တွဲပူးပေါင်းလျက် စနစ်ပြောင်းရေး ဦးတည်သော ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲရာတွင် တော်လှန်ရေးကာလ မဟာဗျူဟာ ကို ချမှတ်ကျင့်သုံး အကောင်အထည်ဖော်လျက်ရှိရာ ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် စုံလင် ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာများ (Identities) ကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီ ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်နယ်များ ဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရန်ဟူသည့် မဟာဗျူဟာ မျှော်မှန်း ချက်ကို အောက်ပါ ဦးတည်ချက် (၆) ရပ်နှင့်အညီ ဆောင်ရွက်နေကြောင်း တင်ပြလိုပါသည်။

မဟာဗျူဟာဦးတည်ချက်

(၁)     စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းအား အဆုံးသတ်ရန်။

(၂)      လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။

(၃)     ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက် သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်။

(၄)     သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံ သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းရန်။

(၅)     ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်။

(၆)     ပဋိပက္ခအတွင်း “လိင်နှင့် ကျားမအပေါ် အခြေခံသော အကြမ်းဖက်မှုများအပါအဝင်” မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်။

ထိုဦးတည်ချက် (၆) ရပ်ကို အောက်ပါနည်းလမ်း (၆) ရပ်ဖြင့် တစိုက်မတ်မတ် အကောင်အထည်ဖော် နေကြောင်း တင်ပြလိုပါသည်။

မဟာဗျူဟာနည်းလမ်း (၆) ရပ်

(၁)     နိုင်ငံရေးနည်းလမ်း

(၂)      နိုင်ငံခြားရေးနည်းလမ်း

(၃)     စစ်ရေးနည်းလမ်း

(၄)     အုပ်ချုပ်ရေးနည်းလမ်း

(၅)     ဘဏ္ဍာရေးနည်းလမ်း

(၆)     လူထုဆက်ဆံရေးနည်းလမ်း

(၁) နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ချက်များ

အကြမ်းဖက်စစ်အုပ်စုက ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ကျင်းပပြုလုပ်ရန် ပြင်ဆင်နေသည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်ငန်းအဖွဲ့ (Anti Sham Election Task Force) ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသလို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် ပူပေါင်း ဖွဲ့စည်းထားသော တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ (Anti Illegal Sham Election JWC) နှင့် ပူးပေါင်း၍လည်း ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် သပိတ်အင်အားစုများ၊ နိုင်ငံတကာရောက် မြန်မာအသိုင်းအဝိုင်းမှ အင်အားစုများ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါသည်။

တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်နိုင်ရေးအတွက် အောက်ပါ သတင်းစကားများကို အခြေခံလျက် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသလို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း အစိုးရတစ်ရပ်အနေဖြင့် လုပ်ဆောင်ရန် လိုအပ်သည်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည် –

၁။   ပြည်တွင်း၊ ပြည်ပအင်အားစုများ၊ ပြည်သူလူထုများ အသိအမှတ်ပြုပါဝင်ခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်သည်သာ တရားဝင်ရွေးကောက်ပွဲရလဒ်ဖြစ်သည်။ မတရားအာဏာသိမ်းထားသည့် တရားမဝင် စစ်အုပ်စုသည် ရွေးကောက်ပွဲကျင်းပခွင့်မရှိပါ။

၂။   တရားမဝင် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးပြဿနာ (Political Crisis) ကို ဖြေရှင်းနိုင်မည့် ထွက်ပေါက်မဟုတ်ပါ။

၃။ ၂၀၀၈ ဖွဲ့စည်းပုံသည် အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးကတည်းက ပျက်ပြယ်ပြီးဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင်လည်း မြန်မာ့နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ခဲ့ပါ။ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။

၄။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ကျင်းပသော လက်ရှိ စကစ၏ ရွေးကောက်ပွဲသည် တိုင်းရင်းသား ပြည်သူလူထုမျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ရည်မှန်းချက်ပန်းတိုင်ကို လုံးဝမရရှိနိုင်ကြောင်း သိစေရန်။

၅။   NUCC နှင့် NUG တို့၏ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း (၁) နှင့် (၂) ၊ နိုင်ငံရေးလမ်းပြမြေပုံတို့ကို ကျယ်ကျယ်ပြန့်ပြန့် ချပြရန်နှင့် ဖော်ဆောင်ပြီးသည်များကို အသိပေးရန်။

၆။ မတရားအာဏာသိမ်းထားသည့် စကစ၏ နိုင်ငံရေးထွက်ပေါက်အဖြစ် ဆောင်ရွက်နေသည့် နိုင်ငံရေး ဖြစ်စဉ်ကို ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန်နှင့် ဝိုင်းဝန်းဆန့်ကျင်ကြရန်။

၇။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ပြည်သူတို့၏ သဘောဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်း သည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အချာအာဏာကို မတရား ရယူရန် ကြိုးစားခြင်းဖြစ်သည်ကို ဖော်ပြရန်တို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် မတရားအာဏာသိမ်းယူခြင်းဖြင့် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့ကြသော မင်းအောင်လှိုင်အပါအဝင် တာဝန်ရှိပုဂ္ဂိုလ်များကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက် သမားများအဖြစ် ကြေညာခြင်း၊ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အမည် ခံ အကြမ်းဖက်အဖွဲ့များ၏ အဖွဲ့ဝင်များကို ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး အဆင့်ဆင့်ကိုလည်း အကြမ်းဖက်သမားများအဖြစ် ကြေညာခြင်းများကို ဆောင်ရွက်လျက် ရှိပါသည်။ စိုးမိုးထိန်းချုပ်နယ်မြေများတွင် အဆိုပါအကြမ်းဖက်သမားများကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက် ရှိသလို ဖမ်းဆီးရမိသူများကိုလည်း တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူလျက် ရှိပါသည်။

“စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေး ဥပဒေ” မူကြမ်းကိုလည်း ရေးဆွဲကာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပြီး ယခုအခါ အဆိုပါ ဥပဒေကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ဥပဒေပါအတိုင်း ကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ လုပ်ငန်းများ စတင်အကောင်အထည်ဖော်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် ပူးပေါင်း၍ တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက် (Common Political Agreement) ရရှိနိုင်ရေး တွေ့ဆုံ ဆွေးနွေးညှိနှိုင်း ပွဲများကို တက်ရောက်လျက် ရှိသလို၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲရေး၏ ဒုတိယ အဆင့်အနေဖြင့် ပိုမိုအားကောင်းသော တော်လှန်ရေးဦးဆောင်မှုကို ဖော်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းလျက် ရှိပါသည်။

(၂) နိုင်ငံခြားရေးနည်းလမ်းအရ ဆောင်ရွက်ချက်များ

နိုင်ငံခြားရေးဝန်ကြီးဌာနသည် လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးကာ နိုင်ငံတကာ၌ အမျိုးသားညီညွတ်ရေးအစိုးရအား အသိအမှတ်ပြုမှုရရှိရေး၊ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်မပြုစေရေး၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများအပါအဝင် လက်တွေ့ကျသည့် နိုင်ငံတကာပံ့ပိုးမှုများ ရရှိရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ထမ်းဆောင်နိုင်ရေးအတွက် နိုင်ငံခြား ရေးဝန်ကြီးဌာန (ဝါရှင်တန်ဒီစီရုံး) နှင့်အတူ အာဆီယံ၊ အိန္ဒိယ၊ ဩစတြေးလျ၊ တီမော၊ ဂျပန်၊ (တောင်) ကိုရီးယား၊ ချက်၊ ပြင်သစ်၊ နော်ဝေ၊ ယူနိုက်တက်ကင်းဒမ်း၊ စသည့် ဒေသ၊ နိုင်ငံများ၌ ကိုယ်စားလှယ် များ ခန့်အပ်တာဝန်ပေးကာ အိမ်ရှင်နိုင်ငံများနှင့် ဒေသတွင်းမှ အစိုးရ၊ လွှတ်တော်၊ အဖွဲ့အစည်းများ၊ Think Tanks များ၊ တက္ကသိုလ်၊ မီဒီယာများနှင့် ထိတွေ့ဆက်ဆံနိုင်ရေး၊ မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး၊ မြန်မာ့အရေးကို နိုင်ငံတကာက သိရှိနေစေရေး၊ ရန်ပုံငွေများ ရှာဖွေနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်တာများအား အပတ်စဉ်အစည်းအဝေး ကျင်းပပြုလုပ်၍ မူဝါဒလမ်းညွှန်ချက်ပေးခြင်း၊ လုပ်ငန်း ဆောင်ရွက်မှုများနှင့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအား မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆွေးနွေး၊ ဆုံးဖြတ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ မတ်လတွင် စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံခြား ရေး မူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မရှင်၏ Focal Ministry အဖြစ် ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်များ

ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာအစိုးရ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ၏ တရားဝင် ဖိတ်ကြားမှု များအရလည်းကောင်း၊ Joint-Advocacy များ ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း ပြည်ပခရီးစဉ် များ သွားရောက်ကာ နိုင်ငံတကာနှင့် စဉ်ဆက်မပြတ်ထိတွေ့ ဆောင်ရွက်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံပေါင်း (၁၃) နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထို့အပြင် ၂၀၂၅ ခုနှစ်အတွင်း ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့၌ နှစ်စဉ်ကျင်းပသည့် Munich Security Conference သို့ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား တက်ရောက်ခဲ့သည်။ ထို့နောက် အလှည့်ကျအာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက ကျင်းပပြုလုပ်သော Stakeholders Engagement Meeting (SEM) အစည်းအဝေးများအား တက်ရောက်ခြင်း၊ အမေရိကန် ပြည်ထောင်စုတွင် ကျင်းပပြုလုပ်သည့် International Religious Freedom (IRF) forum ၌ မိန့်ခွန်း ပြောကြားခြင်း၊ Quaker UN Officer နှင့် ပူးတွဲ၍ “Building the New Myanmar: Democracy, Justice, and Peace for the People of Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ ဆွေးနွေးပြောကြား ခြင်း၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်သည့် (၁၅၁) ကြိမ်မြောက် Inter-Parliamentary Union ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့လည်း တက်ရောက်မိန့်ခွန်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန (ဒီစီရုံး) ၏ ဆောင်ရွက်ချက်များ

နိုင်ငံခြားရေးဝန်ကြီးဌာန (ဒီစီရုံး) ၌ ဒုတိယဝန်ကြီး/အကြံပေးပုဂ္ဂိုလ်က ဦးဆောင်ကာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ဆောင်ရွက်မှုများနှင့် တော်လှန်ရေးအင်အားကောင်းစေရန်၊ အမေရိကန်ရောက် မြန်မာနိုင်ငံသားများအရေး ကာကွယ်စောင့်ရှောက်နိုင်ရန်တို့အတွက် အမေရိကန် အစိုးရ၊ လွှတ်တော်၊ အဖွဲ့အစည်းများနှင့် အမြဲမပြတ် ထိတွေ့ဆက်ဆံဆောင်ရွက်လျက် ရှိသည်။ လွှတ်တော်ကြားနာပွဲများ၊ ပြည်နယ်အသီးသီးရှိ မြန်မာလူထုနှင့် တွေ့ဆုံပွဲများတွင်လည်း ပါဝင် ဆောင်ရွက်လျက်ရှိပြီး၊ Burma Act ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ခဲ့၍၊ အမေရိကန်အစိုးရထံသို့ အပ်နှံထားသည့် ဘဏ္ဏာငွေများပြန်လည်ရရှိရေးနှင့် ပတ်သက်၍ One Billion Taskforce ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။  အမေရိကန်အစိုးရသစ်၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မူဝါဒကျင့်သုံးမှုကို မျက်ခြေမပြတ် စောင့်ကြည့်နိုင်ရန်နှင့် ထောက်ခံအားပေးမှု ဆုတ်ယုတ်မသွားစေရန် Advocacy အဖွဲ့ များ၊ မြန်မာနွယ်ဖွားများနှင့်စုစည်း၍ Taskforce တစ်ခု ဖွဲ့စည်းကာ ချဉ်းကပ်မှုများကို ဆောင်ရွက်လျက် ရှိပါသည်။

ကုလသမဂ္ဂမျက်နှာစာ၌ ဆောင်ရွက်ချက်များ

ကုလသမဂ္ဂမျက်နှာစာ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ကိုယ်စားပြုလျက်ရှိပြီး၊ နှစ်အလိုက် ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီ အစည်း အဝေးများ၊ ပင်မကော်မတီအစည်းအဝေးများ၊ လုံခြုံရေးကောင်စီ၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ၊ အခြား အဆင့်မြင့်အစည်းအဝေးများ၊ ကုလသမဂ္ဂလက်အောက်ခံ ကော်မရှင်/ကော်မတီ/ ဘုတ်အဖွဲ့ အစည်းများ တက်ရောက်၍ ဘာသာရပ်အလိုက် မိန့်ခွန်းပြောကြားခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် “High-level Conference on the Situation of Rohingya Muslims and other Minorities in Myanmar” ၌ မိန့်ခွန်း ပြောကြားခြင်း၊ “Beijing Platform for action 30+ Years and Beyond: A Critical Review and Future Directions for Myanmar” ခေါင်းစဉ်ဖြင့်  Side Event၊ “Beijing+30: Resisting Authoritarianism and Conflict – Myanmar Women’s Fight for Rights and Equality” ခေါင်းစဉ်ဖြင့် Side Event တို့အား လူ့အခွင့်အရေးဆိုင်ရာ မြန်မာအမျိုးသမီးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ဦးဆောင်ပြုလုပ်ခဲ့ခြင်း၊ Quaker UN Officer နှင့် ပူးတွဲ၍ “Building the New Myanmar: Democracy, Justice, and Peace for the People of Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အာဆီယံမျက်နှာစာ၌ ဆောင်ရွက်နေမှုများ

အာဆီယံကိုယ်စားလှယ်ရုံးအနေဖြင့် Stakeholder Engagement Meeting များ၊ နိုင်ငံရေး ဆိုင်ရာ အထူးအစည်းအဝေးများ တက်ရောက်ခြင်း၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်များနှင့် ဒေသတွင်းနိုင်ငံများ၏ အဆင့်မြင့်သံအရာရှိများ၊ မြန်မာအရေးတက်ကြွ ဆောင်ရွက်သည့် အရပ်ဖက်အဖွဲ့အစည်းမျာနှင့် အမြဲမပြတ် ထိတွေ့ဆောင်ရွက်ခြင်း၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကို မျှဝေပေးပို့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ တီမောလက်စ်တီနိုင်ငံနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့အကြား ခိုင်မာသောဆက်ဆံရေး ထူထောင်နိုင်ရန်အတွက် (၅) ကြိမ် တိုင် ခရီးသွားရောက်ကာ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သည်။

ကိုယ်စားလှယ်ရုံးများ၏ ဆောင်ရွက်ချက်များ

ကိုယ်စားလှယ်များသည် သက်ဆိုင်ရာနိုင်ငံများရှိ အစိုးရ၊ လွှတ်တော်၊ အဖွဲ့အစည်းများနှင့် အမြဲမပြတ် ထိတွေ့ဆက်ဆံကာ မြန်မာ့အရေးကို သိရှိစေရေးနှင့် အကူအညီများ ရရှိနိုင်ရေး ဆောင် ရွက်ခြင်း၊ မြန်မာနိုင်ငံသားများအား အကာအကွယ်ပေးရေးနှင့် ကောင်စစ်ရေးရာဝန်ဆောင်မှုများပေး ခြင်း၊ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံတကာက အသိ အမှတ်ပြုလာစေရေး၊ စစ်အုပ်စု၏ ပြည်သူများအပေါ် အကြမ်းဖက်ပြုကျင့်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အတုအယောင် ရွေးကောက်ပွဲပြုလုပ်၍ နိုင်ငံတကာအသိုက်အဝန်းကို လှည့်ဖျား ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် (ကျားဖြန့်ကဲ့သို့) အွန်လိုင်းနှင့် နယ်စပ်ဖြတ် ကျော်ရာဇဝတ်မှုခင်းများနှင့်ပတ်သက်၍ အကြမ်းဖက်စစ်အုပ်စု၏ အဆက်အစပ်များအပါအဝင် နိုင်ငံ တကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ပိုမိုကြားသိလာစေ၊ အာရုံစိုက်လာစေရေးတို့ကို နိုင်ငံတကာအသိုင်းအဝန်းသို့ တိုက်တွန်းတောင်းဆိုသွားမည်ဖြစ်သည်။ သက်ဆိုင်ရာ နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်၊ မြန်မာ နိုင်ငံသားများ၏ အကျိုးစီးပွားကို အခက်အခဲများအကြားမှ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်နိုင် ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကိုရီးယားလွှတ်တော်တွင် မြန်မာ့အရေးဆိုင်ရာ အမတ် များအစုအဖွဲ့တစ်ခု ပေါ်ပေါက်လာရန်၊ မြန်မာနိုင်ငံမှ CDM ဆရာဝန်များ တီမောနိုင်ငံသို့ စေလွှတ် သွားရောက်နိုင်ရေး (ရှေ့ပြေးအစီအစဥ်အတွက်) ညှိနှိုင်းဆောင်ရွက်ရန်များကို ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ပါသည်။

(၃) စစ်ရေးနည်းလမ်းအရ ဆောင်ရွက်ချက်များ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် နွေဦးတော်လှန်ရေး၏ နိုင်ငံရေး ရည်မှန်းချက်များမှ တစ်ခုဖြစ်သော စစ်အာဏာရှင်စနစ်အပြီးတိုင် ဖယ်ရှားရန် စစ်အောင်နိုင်ရေး အတွက် နိုင်ငံတဝန်း ပြောက်ကျားစစ်၊ ကန့်သတ်ထိုးစစ်များ ဖော်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားလုံး ကွပ်ကဲမှုတစ်ခုတည်းအောက် စုစည်းခြင်း (Command Unification) ကို ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် လက်ရှိတွင် ကျွန်ုပ်တို့၏ တော်လှန်ရေးသည် အကြမ်းဖက်စစ်ကောင်စီ၏ ဘက်စုံ ထိုးစစ်ကို ရင်ဆိုင်နေရပြီး၊ ဤစိန်ခေါ်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် တော်လှန်ရေး အင်အားစုအားလုံး၏ ကာကွယ်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို တစုတစည်းတည်း ဖြစ်စေမည့် ဘုံမဟာဗျူဟာတစ်ရပ် မရှိမဖြစ် လိုအပ်လျက်ရှိရာ အမျိုးသားကာကွယ်ရေး မဟာဗျူဟာ (National Defence Strategy – NDS) ကို ချမှတ်ခဲ့ပါသည်။

၂၀၂၁-၂၀၂၄ ခုနှစ်ကာလများအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်ကွပ်ကဲမှုပုံစံမှာ အမှတ် (၁) စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်းစစ်ဒေသ ဟူ၍ စစ်ဒေသ (၃) ခုဖြင့် စုဖွဲ့ခဲ့ပြီး မဟာမိတ် ERO များ၏ ကွပ်ကဲမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်အတွင်း အမှတ် (၁) စစ်ဒေသ၏ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်းအောက်ပိုင်း (၅ ခရိုင်)၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့အား ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က ကွပ်ကဲမှု ပြန်လည်ရယူခဲ့ပြီး စစ်ရုံးချုပ် ဦးဆောင်မှုဖြင့် ကောင်းစွာ ကွပ်ကဲလည်ပတ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ အလားတူ တောင်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်း စစ်ဒေသများအားလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသော တိုင်းစစ်ဌာနများအဖြစ် စုဖွဲ့ခဲ့ပါသည်။  တပြည်လုံးအနေဖြင့် တိုင်းစစ်ဌာန (၁၀) ခု၊ တပ်မ (၁) ခု အား တစ်ခုတည်းသော ကွပ်ကဲမှုဖြင့် ၂၀၂၅ ခုနှစ်အတွင်း တပ်ရင်း (၃၅၉) ရင်းအား ကွပ်ကဲဆောင်ရွက်နိုင် ခဲ့ပါသည်။ ထို့အတူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်အား ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြည်သူ့ ရေးရာကိစ္စရပ်များအား ကာကွယ်ရေးဝန်ကြီးဌာနကလည်းကောင်း၊ စစ်ဘက်ရေးရာ ကိစ္စရပ်များအား ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်ကလည်းကောင်း ပကဖအဖွဲ့ပေါင်း (၂၇၇) ဖွဲ့ {တိုင်း/ ပြည်နယ် ပကဖ (၁၁) ဖွဲ့၊ ခရိုင်ပကဖ (၅၄) ဖွဲ့၊ မြို့နယ် ပကဖ (၂၁၂) ဖွဲ့} အား ကွပ်ကဲဆောင်ရွက်ခဲ့ ပါသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို ယခင် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲနေသောပုံစံအား ပြောင်းလဲ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၏ ကွပ်ကဲမှု အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး၏ စစ်ရေးဦးဆောင်မှုဖြင့် တိုင်းစစ်ဌာန ဒုတိုင်းကွပ်ကဲရေးမှူး၊ တိုင်းပကဖ တာဝန်ခံ၊ တိုင်းပကဖ ဒုတာဝန် ခံ (စစ်ဘက်ရေးရာ) တို့ ပါဝင်သော တိုင်းကွပ်ကဲရေးအဖွဲ့များကို ဖွဲ့စည်းပြီး စစ်ဆင်ရေးများကို အမိန့် တစ်ခုတည်းဖြင့် ဖော်ဆောင်နိုင်စေရေး ဆောင်ရွက်ခဲ့ပါသည်။ တိုင်းကွပ်ကဲရေးအဖွဲ့နှင့်အလားတူ ခရိုင် စစ်ဌာန ခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်သော ခရိုင်ကွပ်ကဲရေးအဖွဲ့များကိုလည်း ဖွဲ့စည်းတည်ထောင် ခဲ့ပါသည်။

လေ့ကျင့်ရေးကဏ္ဍတွင် ခရိုင်အလိုက်အခြေခံသင်တန်းများ၊ ဗျူဟာစုဖွဲ့မှုသင်တန်းများအပြင် တပ်မှူးသင်တန်း အပတ်စဉ် (၂)၊ နည်းပြဆရာဖြစ်သင်တန်း အပတ်စဉ် (၂) နှင့် တပ်ထိန်းသင်တန်း အပတ်စဉ် (၁) တို့အား ပြုလုပ်ခဲ့ပြီး လူစွမ်းအားအရည်းအမြစ်များ မြှင့်တင်ခြင်း၊ မွေးထုတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စံပြုတည်မြဲအမိန့်အား                 (၅-၅-၂၀၂၅) ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး တပ်ရင်းများအားလုံး စံကိုက်ပုံစံဖြင့် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါသည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုက်ပွဲဝင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အလားတူ ABSDF နှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် မြေပြင်ကွပ်ကဲရေးအဖွဲ့များ ဖွဲ့စည်းပြီး Join Command တည်ထောင်ခဲ့ပါသည်။ တောင်ပိုင်း KNU တပ်မဟာ ၆ မှ စစ်ကြောင်းများ ကို စစ်တောင်းမြစ်ဝနှင့် မြစ်ဝှမ်းဘက်သို့ အောင်မြင်စွာ တပ်ရွှေ့ပြောင်းခဲ့ပြီး ပဲခူးဒေသ စစ်ဆင်ရေးများ ဆောင်ရွက်ခြင်း အမြန်လမ်း၊ လမ်းဟောင်း စိုးမိုးရေး စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှုမှာ တပြည်လုံးအတိုင်းအတာဖြင့် Command Unification ဆောင်ရွက်နိုင်ခဲ့ပြီး၊ တိုင်းစစ်ဌာန၊ တိုင်းကွပ် ကဲရေးအဖွဲ့များ ဖွဲ့စည်းလည်ပတ်နိုင်၍ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်များ ဆောင်ရွက်နေသကဲ့သို့ ထုအင်အားဖြင့် ထိုးစစ်ဆင်လျက် မြို့သိမ်း (အင်းတော်၊ ဗန်းမောက်)၊ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲ လာနိုင်ခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများ ညီလာခံ (၁/၂၀၂၅) အား (၂၃-၈-၂၀၂၅ မှ ၂၄-၈-၂၀၂၅) ရက်အထိ (၃) ရက်တာ ကျင်းပခဲ့ပြီး မဟာဗျူဟာမြောက် ရည်မှန်းချက် (Ends)၊ မဟာ ဗျူဟာမြောက် လမ်းစဉ်များ (The Ways) များချမှတ်ခဲ့ပြီး ထိုမှတဆင့် တင်ပြမှုများ၊ အချက်အလက် စုစည်းမှုများအား အခြေခံ၍ အမျိုးသားကာကွယ်ရေး မဟာဗျူဟာ (National Defence Strategy – NDS) ကို ချမှတ်ခဲ့ပါသည်။

အချုပ်အားဖြင့်ဆိုသော် အမျိုးသားကာကွယ်ရေး မဟာဗျူဟာ (National Defence Strategy -NDS) ပါ

(က)    စိုးမိုးနယ်မြေ ကာကွယ်/ချဲ့ထွင်ခြင်း

(ခ)     လှုပ်ရှားဒေသသစ် ထိုးဖောက်ခြင်း

(ဂ)     မြို့ပြပြောက်ကျား ဖော်ဆောင်ခြင်း

(ဃ)    ကန့်သတ်တိုက်စစ်များ ဆင်နွှဲခြင်း

(င)     ပူးပေါင်းစစ်ဆင်ရေး အားကောင်းစေခြင်း

(စ)     စိတ်ဓာတ်စစ်ဆင်ခြင်း(PsyOps) တို့အား စတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၆ ခုနှစ်အတွင်း ရည်မှန်းချက်များအားလုံး ပြည့်မီရေး ဆောင်ရွက်လျက် ရှိပါသည်။

(၄) အုပ်ချုပ်နည်းလမ်းအရ ဆောင်ရွက်ချက်များ

(က)    အုပ်ချုပ်ရေးကဏ္ဍ

အုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာ လုပ်ငန်းများဖော်ဆောင်နိုင်ရေးအတွက် ကြားကာလ ဗဟိုကော်မတီသည် ၂၀၂၅ ခုနှစ်အတွင်း အောက်ပါမူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များကို ချမှတ်ဆောင်ရွက်ခဲ့ပါသည် –

(၁)     အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုခဲ့ကြသည့် NON-CDM နိုင်ငံ့ဝန်ထမ်းအား အရေးယူခြင်းဆိုင်ရာ ညွှန်ကြားချက်၊

(၂)      မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့် ရာဇဝတ်ဆိုင်ရာစီရင်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရာတွင် လိုက်နာရန် ညွှန်ကြားချက်၊

(၃)     တရားမမှုခင်းများအား စစ်ဆေးဆောင်ရွက်ခြင်း မပြုရန်ကိစ္စ၊

(၄)     ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် အခွန်ကောက်ခံခြင်းနှင့် ခွဲဝေခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊

(၅)     အရေးကြီးအချက်များလိုက်နာဆောင်ရွက်ရန်၊

(၆)     ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၅) အား ဖြန့်ဝေခြင်းဆိုင်ရာ အခွန်ကောက်ခံခြင်းနှင့် ခွဲဝေသုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊

(၇)     ရေနံမြေကိစ္စရပ်များညွှန်ကြားချက်၊

(၈)     အခွန်ဂိတ်စည်းကြပ်နိုင်ရေးနှင့်အခွန်ဒဏ်ကြေး ကောက်ခံရရှိမှု တိကျမှန်ကန်ရေး ခရိုင်လုပ်ငန်း လမ်း စီမံချက်၊

(၉)     သားသတ်ရုံနှင့်မွေးမြူရေးလုပ်ငန်းများဆိုင်ရာ ညွှန်ကြားချက်လုပ်ငန်းလမ်းညွှန် ထုတ်ပြန်ခြင်း၊

(၁၀)   သိမ်းဆည်းရရှိထားသော ရန်သူနှင့်ရန်သူ့ဘက်တော်သားပိုင်ဆိုင်မှုပစ္စည်းများ စာရင်းပြုစု တင်ပြရန် ညွှန်ကြားခြင်း၊

(၁၁)   ပြည်သူ့ဝန်ထမ်းများ အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းရာတွင် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊

(၁၂)    ဖမ်းဆီးရမိသည့် ပစ္စည်းများကို စီမံခန့်ခွဲရေးကိစ္စနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်၊

(၁၃)   စိုးမိုးထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများခွင့်မပြုရန် ထုတ်ပြန် ခြင်းတို့ ဖြစ်ပါသည်။

ထို့အပြင် မြို့နယ်ဆိုင်ရာ ရေးရာတာဝန်ခံများ၏ ပြန်တမ်းများကို ပြန်လည်စိစစ်၍ ပြန်တမ်း များ ပြန်လည်ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကိုလည်း ခရိုင် (၁၀) ခုနှင့် မြို့နယ် (၇၁) မြို့နယ်တို့တွင် ပြီးစီး အောင် လုပ်ဆောင်နိုင်ခဲ့ပါသည်။ စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင်/မြို့နယ် ပအဖ အဖွဲ့များထံမှ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လစဉ်အစီရင်ခံစာများကိုလည်း ပုံမှန် တောင်းခံ၍ ဝန်ကြီးဌာနအလိုက် လိုအပ်သောလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက် ရှိပါသည်။ တော်လှန်ရေး၏ အခြေအနေ လိုအပ်ချက်အရ ၂၀၂၅ ခုနှစ်အတွင်းတွင် အောက်ပါမြို့နယ် (၉) ခုတို့အား အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်း၍ စစ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ တရားရေးကဏ္ဍများအား အထူးအလေးပေး စီမံဆောင်ရွက်လျက် ရှိပါသည်။

အရေးပေါ်အုပ်ချုပ်ရေးဖွဲ့စည်းထားသော မြို့နယ်များမှာ –

၁။  မော်လိုက်

၂။  သပိတ်ကျင်း

၃။  ကနီ

၄။  စဉ့်ကူး

၅။  ဖောင်းပြင်

၆။  ဟုမ္မလင်း

၇။ ချောက်

၈။ ကလေး

၉။  တမူး တို့ ဖြစ်ပါသည်။

(ခ)     တရားစီရင်ရေးကဏ္ဍ

တရားရေးဝန်ကြီးဌာနအနေဖြင့် တရားရုံး၊ ဥပဒေရုံးနှင့် အကျဉ်းထောင်များအား ဖွဲ့စည်း ထူထောင်၍ ကြားကာလနှင့် လျော်ညီသော လွတ်လပ်သည့် အရပ်ဘက်တရားစီရင်ရေးစနစ်အား ကြိုးစားဖော်ဆောင်လျက် ရှိပါသည်။ မှုခင်းများအား ဥပဒေနှင့်အညီ မှန်မှန်နှင့် မြန်မြန်ပြီးပြတ်စေရေး၊ တရားရုံး၊ ဥပဒေရုံးနှင့် အကျဉ်းထောင်လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးတို့ အတွက် ကြီးကြပ်ဆောင်ရွက်လျက် ရှိပါသည်။

၂၀၂၅ ခုနှစ်အတွင်း မြို့နယ်တရားရုံး ၄ ရုံးအား ထပ်မံတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး စုစုပေါင်း မြို့နယ် တရားရုံး ၃၃ မြို့နယ်ထိ ဖွဲ့စည်းနိုင်ခဲ့ပါသည်။ မြို့နယ်တရားသူကြီး စုစုပေါင်း ၁၁၄ ဦး၊ အမျိုးသား တရားသူကြီး ၈၃ ဦး၊ အမျိုးသမီးတရားသူကြီး ၃၁ ဦး၊ အယူခံရုံး တရားသူကြီး ၃ ဦးတို့က တာဝန် ထမ်း ဆောင်လျက် ရှိပါသည်။ ထို့ပြင် ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ် ၂၄ မြို့နယ် တွင် တရားရုံး စာရေးဝန်ထမ်း ၃၁ ဦး ခန့်အပ်ထားပါသည်။

၂၀၂၅ ခုနှစ်အတွင်း ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ရာဇဝတ်မှု ၉၀၄ မှု၊ တရားမမှု ၂၇၃ မှု လက်ခံရရှိခဲ့ပြီး၊ စုစုပေါင်း ရာဇဝတ်မှု ၁၃၇၃ မှု၊ တရားမမှု ၅၆၅ မှုအနက် ရာဇဝတ်ကြီးမှု ၆၇၆ မှု၊ တရားမမှု ၁၅၀ မှု အမိန့်ချမှတ်နိုင်ခဲ့သဖြင့် ၄၂.၆၂ % ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ မြို့နယ် ဥပဒေရုံးများအနေဖြင့်လည်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ မြို့နယ် (၃၄) မြို့နယ်တွင် မြို့နယ်ဥပဒေ တာဝန်ခံ (၂၃) ဦး၊ ဒု-မြို့နယ်ဥပဒေတာဝန်ခံ (၂၄) ဦး၊ တွဲဖက်မြို့နယ်ဥပဒေ တာဝန်ခံ (၂) ဦး စုစုပေါင်း (၄၉) ဦး ခန့်အပ်ထားပါသည်။ မြို့နယ်ဥပဒေရုံးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စာရေးဝန်ထမ်း (၇) ဦးအား ခန့်အပ်ထားရှိပြီး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ မြို့နယ်ဥပဒေရုံးများမှ တင်ပြ လာသော တရားမစွဲတင်မီ ဥပဒေအကြံပေးမှု‌ပေါင်း (၄၅၃) မှုအား ပြန်လည်အတည်ပြု ဆောင်ရွက် နိုင်ခဲ့ပါသည်။

တရားရေးဝန်ကြီးဌာနအနေဖြင့် ပင်လည်ဘူးမြို့နယ်၊ ကသာမြို့နယ်၊ မုံရွာမြို့နယ်နှင့် ကျွန်းလှ မြို့နယ်များတွင် မြို့နယ်အကျဉ်းထောင်များ ဆောက်လုပ်နိုင်ခဲ့ပါသည်။ စုစုပေါင်း အကျဉ်းထောင် (၄) ခု ဆောက်လုပ်နိုင်ခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်း ၁၁ ဦးဖြင့် အကျဉ်းထောင်လုပ်ငန်းများကို လည်ပတ် အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ တရားရေးဝန်ကြီးဌာန၏ အကျဉ်းထောင်မရှိသော မြို့နယ် များတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ မြို့နယ် ပ.လ.ဖ များက တာဝန်ယူ၍ ထိန်းသိမ်းလျက် ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ တရားရေးဝန်ကြီးဌာန၏ အကျဉ်းဦးစီးဌာန မှ ကောက်ခံရရှိထားသော အကျဉ်းသားစုစုပေါင်း အရေအတွက်မှာ ၇၈၀ ဦး ဖြစ်ပါသည်။

တရားသူကြီးများ၊ ဥပဒေတာဝန်ခံများနှင့် အကျဉ်းထောင်ဝန်ထမ်းများ၏ စွမ်းရည် တိုးတက် မြင့်မားစေရေးအတွက် လုပ်ငန်းခွင်သင်တန်းနှင့် မွမ်းမံသင်တန်းများကျင်းပပြီး စဉ်ဆက်မပြတ် လေ့ကျင့် သင်ကြားပေးလျက် ရှိပါသည်။ တရားရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေပါ အကြံဉာဏ်ပေးရေးနှင့် ဥပဒေ များ စိစစ်အကြံပြုရေးကိစ္စများအတွက် ဦးစီးဌာနတစ်ရပ်လည်း ထားရှိဆောင်ရွက်လျက် ရှိပါသည်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ ကိစ္စရပ်များအတွက်လည်း Transitional Justice လုပ်ငန်းစဉ်များ ဆောင်ရွက်နေကြသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအပါအဝင် အစု အဖွဲ့ အသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။

တရားရေးဝန်ကြီးဌာနအနေဖြင့် အောက်ပါလုပ်ငန်းစဉ်များကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

(က) ပြည်သူများ တရားမျှတမှုရရှိစေရန်အတွက် အုပ်ချုပ်ရေးဖော်ဆောင်ပြီးသည့်မြို့နယ်များတွင် တရားရုံးများ ထူထောင်နိုင်ရန် (သို့မဟုတ်) တရားရုံးထူထောင်ရန် လိုအပ်ချက်ပြည့်မီခြင်း မရှိသော မြို့နယ်များတွင် ရာဇဝတ်တရားစီရင်ရေးအဖွဲ့များ ပေါ်ပေါက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက် သွားရန်၊

(ခ) တရားသူကြီးများ၊ တရားစီရင်ရေးအဖွဲ့များက ဥပဒေအသိပညာနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များအား သိကျွမ်းနားလည်နိုင်မှုအပေါ် လိုအပ်သော ကူညီပံ့ပိုးပေးမှုများ ဆောင်ရွက်ရန်နှင့် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးရန်၊

(ဂ) ကြားကာလတွင် ဥပဒေကို ကျင့်သုံးဆောင်ရွက်ရာ၌ အမှန်တကယ် လိုအပ်လျက်ရှိသော အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးနှင့် ပြင်ဆင်ကျင့်သုံးရန် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးအတွက် တင်ပြဆောင်ရွက်သွားရန်၊

(ဃ) တရားစီရင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ ရုံးလုပ်ငန်းတွင် ပါဝင်သည့် ရုံးဝန်ထမ်းများ အရည်အချင်း ပြည့်မီရေးအတွက် လိုအပ်သော သင်တန်းများပေးခြင်း၊ လုပ်ငန်းစနစ်တကျ ဆောင်ရွက် နိုင်ရန်အတွက် လမ်းညွှန်ချက်များပေးခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းတို့အား ကြပ်မတ်ဆောင်ရွက်သွားရန်၊

(င) ကြားကာလအခြေအနေတွင် တရားရုံးများ၏ မှုခင်းစနစ်တွင် ပါဝင်သော အမှုတွဲများ၊ အရေးကြီး စာရွက်စာတမ်းများအား အလွယ်တကူ မပျက်စီးရန်အတွက် ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာနှင့် အညီ စနစ်တကျ သိမ်းဆည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊

(စ) ကြားကာလတွင် ပြည်သူများ ဥပဒေအသိပညာကို လက်လှမ်းမီရရှိနိုင်ရေးအတွက် အထောက် အကူပြုနိုင်သော ကဏ္ဍတွင် ပါဝင်သည့် တရားရုံးလျှောက်လွှာစာရေးများအား ခန့်အပ်ကာ ကြီးကြပ် တာဝန်ပေးခြင်း၊ ရှေ့နေရှေ့ရပ်များ ပေါ်ပေါက်လာပြီး တရားရုံးများတွင် အမှုလိုက်ပါ ဆောင်ရွက်နိုင် ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန်၊

(ဆ) ကြားကာလတွင် ပြည်သူများ၏ ပဋိပက္ခ ပြဿနာအခက်အခဲများကို လျော့ပါးသက်သာစေရန် အတွက် စေ့စပ်ဖျန်ဖြေရေးရုံးများ တိုးပွားပေါ်ပေါက်လာစေရန်အတွက် ဆောင်ရွက်သွားရန်၊

(ဇ) တရားစီရင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများ၏ စွမ်းဆောင်ရည် တိုးမြှင့်စေရန် အတွက် လေ့ကျင့်သင်ကြားပေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်၊

(ဈ) အကျဉ်းထောင်များ တိုးချဲ့တည်ဆောက်သွားရန်၊

(ည) အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုလုပ်ငန်းစဥ်များနှင့် စပ်လျဥ်း၍ JCC-TJ တွင် မူဝါဒ ရေးဆွဲရေးလုပ်ငန်းများအပြင် လူထုနှင့်ထိတွေ့ဆက်ဆံရေး၊ အသိပညာပေးလှုံ့ဆော်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သွားရန်၊

(ဋ) အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အတွင်း အသွင်ကူးပြောင်းရေး တရားမျှတမှုဆိုင်ရာ ဆွေးနွေးဖလှယ်မျှဝေမှုများနှင့် လေ့လာသုံးသပ်မှုများ ဆောင်ရွက်သွားရန် စသည့် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(ဂ)     ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ

ပညာရေးကဏ္ဍ

ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာကဏ္ဍအနေဖြင့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည် –

(က)    ပြည်သူ့ပညာရေးကျောင်းများ (မြေပြင်၊ Online) ဖွင့်လှစ်နိုင်ရေး၊ ဆက်လက်ရပ်တည်နိုင်ရေး အတွက် ကူညီထောက်ပံ့ပေးခြင်း၊ အသိအမှတ်ပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(ခ)     ဆရာ့အတတ်ပညာအရည်အသွေးများ မြှင့်တင်ပေးခြင်း။

(ဂ)     အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း။

(ဃ)    သင်ရိုးညွှန်တမ်း၊ သင်ရိုးမာတိကာများကို ပြန်လည်ဆန်းစစ်ခြင်းနှင့် သင်ကြားသင်ယူမှု အထောက်အကူပြု ပစ္စည်းများ စီစဉ်ဆောင်ရွက်ခြင်းနှင့် ထောက်ပံ့ပေးခြင်း။

(င)     သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း။

အဆင့်မြင့်ပညာဌာနအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်စုံ၊ စီးပွားရေး၊ အနုပညာ၊ နည်းပညာ၊ ကွန်ပျူတာ အတတ်ပညာ၊ ပညာရေး၊ သူနာပြု၊ ဆေးနှင့်ဆေးနှီးနွှယ် စသည့် ပညာရပ်ကြီးများ၏ ဒီပလိုမာ၊ ဘွဲ့ကြို၊ ဘွဲ့ရ၊ ဘွဲ့လွန်၊ ဂုဏ်ထူးတန်း စသည့် အတန်းအားလုံး အွန်လိုင်းမှလည်းကောင်း၊ မြေပြင် ပညာရပ်စုံ တက္ကသိုလ်များအဖြစ်လည်းကောင်း၊ အွန်လိုင်းမြေပြင် ပေါင်းစပ်၍လည်းကောင်း၊ မဟာမိတ်များနှင့် ပူးပေါင်း၍လည်းကောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ပါရဂူသင်တန်းများ ဆက်လက် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် တက္ကသိုလ်ဝင်ခွင့် အောင်မြင်ပြီးမြောက်သူများအတွက် ပထမနှစ်သင်တန်းများကိုလည်း အပတ်စဉ် (၃) ခု အထိ လက်ခံ နိုင်ခဲ့သည်။  မိတ်ဖက် ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ညှိနှိုင်းခြင်းနှင့် လိုအပ်သည့် ငွေကြေးနှင့် နည်းပညာများ မျှဝေသုံးစွဲခြင်း၊ ဒေသအလိုက် တက္ကသိုလ်ကောင်စီများ ခိုင်မာအားကောင်းစေရေး အတွက် သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ စုစည်းခြင်း၊ ညှိနှိုင်းခြင်း၊ ဘဏ္ဍာငွေများ ထောက်ပံ့ ခြင်းများကို လုပ်ဆောင်ခဲ့သည်။ အဆင့်မြင့်ပညာ တက္ကသိုလ်/ ဒီဂရီ ကောလိပ်/ ကောလိပ်သိပ္ပံ အွန်လိုင်း – မြေပြင်ကျောင်းပေါင်း (၂၀၁) ကျောင်း၊ ဆရာအင်အား (၂,၉၅၉) ဦး၊ ဖွင့်လှစ်နေသော ဘွဲ့ဒီဂရီ ပရိုဂရမ် ပေါင်း (၂၁၁) ခု၊ ဘွဲ့ဒီဂရီ အသီးသီးတွင် အတန်းပြီးမြောက်သွားသော ကျောင်းသား၊ ကျောင်းသူပေါင်း (၁,၇၆၈) ဦးနှင့် တက်ရောက်နေဆဲ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၂,၂၆၁) ဦးရှိသည်။ မြန်မာ့နွေဦး တက္ကသိုလ်က ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်ကို ကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း (၆၁၈) ဦးကို ဘွဲ့အပ်နှင်းခဲ့ သည်။ လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပပညာရှင် များဖြင့် သင်တန်းပေါင်း (၁၂၀) ခု ပြုလုပ်ခဲ့သည်။ ကရင်နီဒေသတွင် ဖွင့်လှစ်လျက်ရှိသော ဖန်းဆော် မြေပြင်တက္ကသိုလ် သင်ကြားရေးတွင်လည်းကောင်း၊ ချင်းပြည်နယ်တွင် ဖွင့်လှစ်မည့်တက္ကသိုလ်များ အတွက် လိုအပ်ချက်များကို ပံ့ပိုးကူညီလျက် ရှိသည်။ CDM ဆရာ၊ ဆရာမများအား ထောက်ပံ့ ချီးမြှင့် ခြင်း၊ ကြားကာလပညာရေးအတွက် လိုအပ်သော ဘဏ္ဍာငွေနှင့် သင်ကြားရေးပစ္စည်းများအတွက် ထောက်ပံ့ခြင်းတို့ လုပ်ဆောင်ခဲ့သည်။

သက်မွေးပညာဌာနအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ကာလတို Online သင်တန်း (၁၆၀) ခု၊ ကာလရှည် ပုံမှန် Online သင်တန်း (၁၃၀) ခုနှင့် မြေပြင်သင်တန်းပေါင်း (၁၇) ခု ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၄၅၄) ဦး တက်ရောက်ခဲ့သည်။ GTHS အတန်းများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ပြီး GTI အတန်းများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားလျက် ရှိပါသည်။

ဆရာအတတ်ပညာဌာန၏ Spring Normal University အနေနှင့် တအာန်းမြေပညာရေး ကောင်စီနှင့်ပူးပေါင်း၍ တအာန်းဒေသရှိ ပညာရေးစီမံအရာရှိများအတွက် ခေါင်းဆောင်မှု ဒီပလိုမာ သင်တန်း၊ မြို့နယ်ဘုတ်များနှင့် ချိတ်ဆက်၍ မူလတန်းနှင့် အလယ်တန်းဆရာအသစ်များအတွက် Intensive Teacher Training များ၊ Chin National Organization – Meifar EduTech Institute ၏ ပညာရေးဘွဲ့ ဒီပလိုမာ (မူလတန်း) အတွက် TOT ပေးခြင်း၊ resources sharing လုပ်ဆောင်ခြင်းများ ရှိပြီး ဘာသာရပ်တစ်ချို့ကို online မှ hybrid ပုံစံဖြင့် သင်ကြားပေးခြင်း၊ Aung Sann Comprehensive University အား PGDTEd (US) သင်ကြားနိုင်ရန်အတွက် TOT ပေးခြင်း၊ ကသုံးလုံးဒေသ SNU Campus တွင် သင်တန်းများ ဖွင့်လှစ်ခြင်း၊ အင်ကြင်းရိပ်ဆရာအတတ်ပညာ အကယ်ဒမီနှင့် ချိတ်ဆက် သင်တန်း ပို့ချခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ သင်တန်းများ ပို့ချခြင်းများ ဆောင်ရွက်ခဲ့သည်။

University of Teaching အနေနှင့် တအောင်းပညာရေးအကယ်ဒမီ (TEA) အတွက် ပညာရေး လမ်းညွှန်ချက်များ အကြံပြုဆွေးနွေးခြင်း၊ တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်အခြေခံပညာ ဆရာ၊ ဆရာမ များအတွက် ဆရာအတတ်ပညာ ရက်တိုသင်တန်းများ ပို့ချခြင်း၊ အခြေခံပညာ စေတနာ့ဝန်ထမ်း ဆရာ များကို သင်တန်းပေးခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ဝန်ကြီးဌာန၏ ဌာနအလိုက် ဆောင်ရွက်ချက်များအနေဖြင့် သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနမှ သုတေသနစာတမ်းများနှင့် Information Resources များ upload ဆက်လက်ပြီး လုပ်ဆောင်ရန် အတွက် အချက်အလက်များ ပြန်လည် စိစစ်ဆောင်ရွက်လျက် ရှိခြင်း၊ နွေဦးပညာရပ်ဝန်း Facebook စာမျက်နှာတွင် ဆောင်းပါးနှင့် ကဗျာများကို စိစစ်ရွေးချယ်ဖော်ပြခြင်းနှင့် ပညာရေးဆိုင်ရာ ဘာသာပြန် စာမူများကိုလည်း ဖော်ပြခြင်း။

  • နိုင်ငံတကာရေးရာဌာနသည် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ စွမ်းဆောင်ရည်မြှင့်သင်တန်းများနှင့် အုပ်ချုပ်‌ရေးနှင့်လူ့စွမ်းအား အရင်းမြစ်ဖွံ့ဖြိုးရေးသင်တန်း များအား နိုင်ငံတကာနှင့်ချိတ်ဆက်မှုအတွက် ပြင်ဆင်ရန်နှင့် အပြည်ပြည်ဆိုင်ရာနှင့် ဝန်ကြီး ဌာနတွင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
  • စီဒီအမ်ရေးရာဌာနအနေဖြင့် အရေးပေါ်ထောက်ပံ့မှုအနေနှင့် CDM (၁၁၇၅) ဦး အတွက် (၇၉,၂၀၀,၀၀၀) ကျပ်၊ နွေဦးထီထောက်ပံ့မှုတွင် CDM (၁၇,၆၅၉) ဦး အတွက် (၈၈၂,၈၂၅,၅၇၂) ကျပ်၊ ငလျင်ထောက်ပံ့မှုတွင် CDM (၉၉၆) ဦး အတွက် (၃၇၆,၅၀၀,၀၀၀) ကျပ်၊ (CDM စုစုပေါင်း (၁၉,၈၃၀) ဦး အတွက် (၁,၃၃၈,၅၂၅,၅၇၂) ကျပ် ခွဲဝေထောက်ပံ့ခဲ့ပါသည်။)
  • ပြည်သူ့ပညာရေးကျောင်းများ (မြေပြင်၊ Online) အား M&E လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၂၆ ခုနှစ်အတွက် ပညာရေးဝန်ကြီးဌာန၏ M & E TOR အသစ် ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့ခြင်း၊ စစ်ကိုင်းမကွေးရှိ ၁၃ မြို့နယ် On-ground schools (195) ကျောင်းတွင် M & E အစီရင်ခံစာ (အင်္ဂလိပ်၊ မြန်မာ) နှစ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သည်။ online ကျောင်း အသိအမှတ်ပြု ဆောင်ရွက်နိုင်ရန် M&E ရလဒ်များ ထုတ်ပြန်ပေးခြင်း ပြုလုပ်ခဲ့သည်။
  • စီမံကိန်းအကောင်ထည်ဖော်ဆောင်ရွက်မှုများအနေဖြင့် ငလျင်ကြောင့် ပျက်စီးသွားသော ကျောင်းများအတွက် အလှူရှင်များမှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ (၅၀,၀၀၀) မှ ကျောင်း ပေါင်း (၃၅) ကျောင်း၊ IFTA ပရောဂျက်မှ ကျောင်းပေါင်း (၈၀) ကျော်ကို ပြန်လည် ပြင်ဆင်ခြင်း၊ တည်ဆောက်ခြင်းများအတွက် ကူညီထောက်ပံ့ခဲ့ပါသည်။
  • Technical Provision Project အရ Infra Support Group ကို ဖွဲ့စည်းပြီး Project Update Monthly Progress Report များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ MES တွင် Grading System & အတန်းတင်ခြင်း လုပ်ငန်းစဉ်များ၊ မေဂျာပြောင်းလုပ်ငန်းစဉ်များ၊ လုပ်ငန်းစဉ်များ ရေးသား ခြင်း၊ MES User Manual Template ပြုစုခြင်းများ ဆောင်ရွက်ခဲ့သည်။ MES Version 3 တွင် functions သစ်များ ထည့်သွင်းခြင်း၊ Staff Database, Birth Certificates Database များ တည်ဆောက်ခဲ့သည်။ ထို့အပြင် MES စနစ်တွင် တက္ကသိုလ်များအတွက် Payment System ဆောင်ရွက်၍ စတင် အသုံးပြုလျက်ရှိပါသည်။ NUCS, KNCU၊ Loikaw TU, ကရင်နီပညာရေး ဌာနနှင့် ချိတ်ဆက်၍ Offline Hub တည်ဆောက်နိုင်ရေး အစီအစဉ်များ ဆောင်ရွက်ခဲ့သည်။  MoE Domain Mail များကို တက္ကသိုလ် ကောင်စီများ၊ မြို့နယ်ဘုတ်အဖွဲ့များကို ချိတ်ဆက် အသုံးပြုနိုင်ရေး ဆောင်ရွက်ခဲ့ပြီး VPN အသုံးပြုနိုင်ရန် ဖြန့်ဝေခြင်း၊ Data Domain Cyber  တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး သက်ဆိုင်သူများကို ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အသိပညာ ပေးခြင်း၊ တက္ကသိုလ်များ၏ IT ဆိုင်ရာတာဝန်ခံများကို နည်းပညာ အကူအညီများပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ သူနာပြုတက္ကသိုလ်နှင့် ကျန်းမာရေး အထောက်အကူပြုတက္ကသိုလ်များအတွက် Moodle Website အသစ်များ တည်ဆောက် အသုံး ပြုခြင်း၊ အခြေခံပညာ ပြီးမြောက်ကြောင်းစာမေးပွဲနှင့် ပတ်သက်၍ လုပ်ငန်းစဉ်များ၊ တက္ကသိုလ် ဝင်ခွင့်ခေါ်ယူခြင်း လုပ်ငန်းစဉ်များကို ချိတ်ဆက် ဆောင်ရွက် ပံ့ပိုးလျက်ရှိသည်။ MoE Zoom Account များနှင့် ပတ်သက်၍ Domain အဟောင်းမှ အသစ်သို့ ပြောင်းရွှေ့ခြင်းများကို လုပ်ဆောင်ရန် ကြိုတင်အကြောင်းကြားခြင်း၊ ရွှေ့ပြောင်းခြင်း၊ အချက်အလက်များ ကောက်ခံ ခြင်းများကို ဆောင်ရွက်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် “၂၀၂၅ ခုနှစ်၊ အခြေခံ ပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ဖြေဆိုခွင့် လျှောက်ထားခြင်းကို ၂၀၂၅ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ၊ တတိယ အကြိမ် တက္ကသိုလ်ဝင်ခွင့်ကို (၁-၅-၂၀၂၅) မှ (၃၁-၅-၂၀၂၅) အထိ ခေါ်ယူခဲ့ပြီး နည်းပညာပိုင်း ပံ့ပိုးမှုများ လုပ်ဆောင်ခဲ့သည်။
  • Introduction to Public Relations and Media Management Training ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၅၄ ဦး တက်ရောက်ခဲ့သည်။ Website Training for IFEC & NUG CIOs၊ Moodle အသုံးပြုမှု ဆရာ၊ ဆရာမများ ကျွမ်းကျင်စေရန် Moodle Training ပို့ချခြင်းများ ဆောင်ရွက်ခဲ့သည်။ SCPRU, Media များနှင့် ချိတ်ဆက်၍ လေကြောင်းတိုက်ခိုက်ခံရမှု အချက်အလက်များ၊ မီဒီယာအင်တာဗျူးများကို ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ ငလျင်နှင့် ပတ်သက်သော နောက်ဆက်တွဲအန္တရာယ်များနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသိပညာပေးခြင်းများ၊ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက် ခဲ့သည်။ Safe Schools, Safe Education ကမ်ပိန်းကို ကဏ္ဍအစုံမှ ဆရာ၊ ဆရာမများ၊  နိုင်ငံ တကာ Fundraisers များ၊ OFP များ၊ Social Influencer များနှင့်လည်း ဆွေးနွေးတိုင်ပင် အကြံဉာဏ်များ ရယူကာ ဇူလိုင်လ (၁၅) ရက်နေ့ကနေပြီး ဩဂုတ်လ (၃၁) ရက်နေ့အထိ ကမ်ပိန်းပြုလုပ်ခဲ့ရာ မျှော်မှန်းပမာဏ မရရှိခဲ့သည့်အတွက် ကမ်ပိန်းကာလကို စက်တင်ဘာလ (၁၅) ရက်နေ့အထိ တိုးမြှင့်ပြီး စုစုပေါင်း (၉၅,၅၈၇.၆) အမေရိကန်‌ဒေါ်လာ ကောက်ခံရရှိခဲ့ သည်။ တစ်ဦးချင်း လှူဒါန်းမှုများကို ဆက်လက်လက်ခံလျက် ရှိသည်။ ပရောဂျက်မှ ရရှိငွေ များကို အသုံးပြု၍ လေကြောင်းရန် အချက်ပေးစနစ်နှင့် ဗုံးခိုကျင်းများ တည်ဆောက်လျက် ရှိ သည်။

ကျန်းမာရေးကဏ္ဍ

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ တော်လှန် ရေးရဲဘော်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ အနေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာ (၃) အုပ်ချုပ် ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍအတွက် အဓိကထား အထောက်ကူပြု ဆောင်ရွက်လျက် ရှိပါသည်။

ကျန်းမာရေး အဆောက်အအုံများနှင့် လူ့စွမ်းအားအရင်းအမြစ်များ

ကျန်းမာရေးဝန်ကြီးဌာနသည် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆေးရုံပေါင်း (၁၀၆) ရုံ၊ ဆေးခန်းပေါင်း (၈၀၈) ခု၊ ရွေ့လျားဆေးခန်းပေါင်း (၁၉၂) ခု တို့ဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်လျက် ရှိပြီး  ကျန်းမာရေးတာဝန်ခံ (၂၉) ဦး၊ မြို့နယ် ကျန်းမာရေးတာဝန်ခံ (၂၂၇) ဦး၊ ကျန်းမာရေးလုပ်သား အင်အားစု (၅,၀၉၈) ဦး ဖြင့် မြို့နယ်ပေါင်း (၁၉၀) တွင် မြေပြင်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် အတွင်း ဆေးရုံးဆေးခန်းများကို ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျန်းမာ ရေးဝန်ဆောင်မှု လုပ်ငန်းများကို ပိုမိုလုံခြုံစိတ်ချစွာဖြင့် ဆောင်ရွက်နိုင်ရန် မြေအောက်ဆေးရုံများကို အပြည်ပြည်ဆိုင်ရာမှ အလှူရှင်များ၏ လှူဒါန်းမှူဖြင့် မြေအောက်ဆေးရုံ စုစုပေါင်း (၁၀) ရုံကို တည် ဆောက်လျက် ရှိပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြေပြင် ဆေးရုံ/ဆေးခန်းပေါင်း (၇၇၆) ခု အနက် (၂၁၃) ခုမှ ပေးပို့လာသော အစီရင်ခံစာများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ

  • ပြင်ပလူနာ (,၂၉၂,၃၆၅) ဦး၊
  • ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေါင်း (၅၄,၈၆၉)
  • မွေးဖွားမှုပေါင်း (၆၃,၀၆၅)
  • ခွဲစိတ်လူနာ (၄၉,၀၂၅) ဦး၊
  • လွှဲပြောင်းလူနာ (,၉၇၀) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါသည်။

ထို့အပြင်မြေပြင်ကျောင်းပေါင်း (၄၁၆) ကျောင်းရှိ ကျောင်းသားပေါင်း (၂၇,၀၆၈) ဦးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါသည်။ အထက်ပါ အချက်အလက်များ မှာ ဆေးရုံ/ ဆေးခန်းစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်မှသာ အချက်အလက် ရရှိသောကြောင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အရေအတွက်မှာ ယခုထက် (၃) ဆခန့် ပိုမို များပြားနိုင်ပါသည်။

အွန်လိုင်းမှ ဆေးကုသခြင်းလုပ်ငန်းများအနေဖြင့် တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း အနေဖြင့်  အထွေထွေဆေးခန်း (၁၃) ခု၊ အထူးကုဆေးခန်း (၂၄) ခု အထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ စုစုပေါင်း ဝန်ထမ်းအင်အား (၃၁၆) ယောက်ဖြင့် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက် ရှိပါသည်။

၂၀၂၅ ခုနှစ်အတွင်း ဧရိယာလွှမ်းခြုံမှုအနေဖြင့် မြန်မာနိုင်ငံ၏ မြို့နယ်စုစုပေါင်း (၃၁၀) မြို့နယ် နှင့် ပြည်ပနိုင်ငံ (၄၆) နိုင်ငံမှ လူနာများအား အွန်လိုင်းကုသမှုများ ပေးနိုင်ခဲ့ပြီး၊ လူနာပေါင်း (၂၀,၇၀၇) ကို ကုသမှုအကြိမ်ပေါင်း (၃၉,၀၃၂) ကြိမ်ဖြင့် အခမဲ့ တိုင်ပင်ကုသပေးနိုင်ခဲ့ပါသည်။

ဖက်ဒရယ်ကျန်းမာရေးအင်အားစုများ ချိတ်ဆက်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း

ပြည်နယ်အားကောင်းမှ ပြည်ထောင်စုအားကောင်းရေး အခြေခံမူ (Bottom-up Federalism) အတိုင်း ၂၀၂၅ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာအနေဖြင့် ပေါင်းစပ်ညှိနှိုင်းရေး မြေပြင်ခရီးစဉ်များ ကို ကရင်နီပြည်နယ်သို့လည်းကောင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး များမှ ကိုယ်စားလှယ်များဖြင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ ပအိုဝ်း၊ ရှမ်းပြည်နယ်များမှ ကျန်းမာရေးအဖွဲ့များဖြင့် အွန်လိုင်းပေါင်းစပ်ညှိနှိုင်ရေး အစည်းအဝေး များကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် အမျိုးသားကျန်းမာရေးကော်မတီ (National Health Committee)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ ကျန်းမာရေး ပေါင်းစပ် ညှိနှိုင်း ရေးကော်မတီ JCC-Health တို့ ပူးပေါင်းကျင်းပမည့် National Health Seminar ဒုတိယအကြိမ်ကို ကျင်းပနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး အရေးပေါ်ဆောင်ရွက်ချက်များ

ကျန်းမာရေးဝန်ကြီးဌာနသည် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့၏ နည်းပညာ အကူအညီဖြင့် လူပေါင်းများစွာ၏ အသက်အိုးအိမ်များ ဆုံးရှုံးခဲ့ရသည့် ရစ်ချတာစကေး (၇.၇) ရှိသည့် စစ်ကိုင်းငလျင်ကြီးတွင် အရေးပေါ်တုံ့ပြန်ရေးများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ငလျင်ဘေးသင့် ပြင်ပလူနာစုစုပေါင်း (၁,၉၅၉) ဦး၊ ထိခိုက်ဒဏ်ရာ ရလူနာပေါင်း (၂၄၈) ဦး နှင့် ခွဲစိတ်မှုပေါင်း (၄၇) ခုထိ ဆောင်ရွက်ခဲ့ပါသည်။ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးပြဿနာများကို ကုသ တိုင်ပင်ဆွေးနွေးပေးနိုင်ရန် တယ်လီကျန်းမာအနေဖြင့် ဆေးခန်းအချိန်များကိုလည်း တိုးမြှင့် ဖွင့်လှစ် ကြည့်ရှုပေးခဲ့ပါသည်။

ပြန်လည်သန်စွမ်းရေးနှင့် ခြေတုလက်တု တပ်ဆင်ရေး

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ခြေတု၊ လက်တု တပ်ဆင်ခြင်းများနှင့် ပြန်လည်သန်စွမ်းရေး စင်တာ (၁၂) ခု ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ အောက်တိုဘာတွင် ကောက်ခံထားချက်များအရ တိုက်ပွဲများနှင့် မိုင်းအန္တရာယ်များကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူ ပြန်လည်သန်စွမ်းရေး စင်တာ များမှ ခြေတုလက်တုတပ်ဆင်ပြီးသူလူနာ (၃,၇၂၁) ဦး ရှိပြီး (၁.၆၉၅) ဦးအား ခြေတုလက်တု တပ်ဆင် ပေးနိုင်ခဲ့ရုံသာမက ၄င်းတို့ထဲမှ (၅၀၀) ဦးအား အလုပ်အကိုင် ပြန်လည်နေရာချထားရေးများကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၅ ဇွန်လမှစတင်ပြီး မြို့နယ် ၈ မြို့နယ်၌ ပြည်သူ့အခြေပြု ပြန်လည်သန်စွမ်း ရေးလုပ်ငန်းများ (Community Based Rehabilitation/ CBR) ကို စတင်အကောင်အထည်ဖော်ရန် ကြိုးစားလျက်ရှိပြီး ကိုယ်အင်္ဂါဆုံးရှုံးသူပေါင်း (၃၂၄) ဦး အပါအဝင် မသန်စွမ်းသူပေါင်း (၁,၈၀၀) ဦးကို စာရင်းပြုစုရရှိခဲ့ပါသည်။

ဆေးပညာသင်ကြားရေး

ကျန်းမာရေးဝန်ကြီးဌာနသည် ကြားကာလ ယာယီဆေးကောင်စီ (၅) ခု၊ ဘာသာရပ်ဆိုင်ရာ ဘုတ်အဖွဲ့ (၁၃) ခုနှင့် မြေပြင်ဆေးကျောင်းများ စသဖြင့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ မြေပြင် ဆရာဝန်များ၏ ဘွဲ့လွန် ကျောင်းသား/သူများ ဘွဲ့ပေးခြင်း၊ မြေပြင်တွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၏ ရှေ့ဆက် ပညာသင်ကြားခြင်း (Fellow training and CME)၊ အရေးပေါ် ကုသမှုများနှင့်ပတ်သက်၍ ဘာသာရပ်အလိုက် မြေပြင်လိုအပ်ချက်အရ သင်တန်းများပို့ချခြင်း၊  ပညာ ရေးဝန်ကြီးဌာန၏ အဆင့်မြင့်ပညာသင်ကြားရေးနှင့် ပူးပေါင်း၍ Board certified specialist များ accreditation ရစေရေးတို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

ကျန်းမာရေးဘဏ္ဍာ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူး ခြင်း၊ ယာဉ်နှင့် စက်ပစ္စည်းများ ဝယ်ယူခြင်း၊ ဆေးရုံဆေးခန်းများ တည်ဆောက်ပြုပြင်ခြင်း၊ ဗုံးခိုကျင်း များ တူးဖော်ခြင်း၊ ကျန်းမာရေးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီများပေးခြင်း၊ ‌ရှေ့တန်းရောက် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများ ပံ့ပိုးပေးခြင်း၊ CDM ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ခြင်းအပါအဝင် ဒေသအသီးသီး၏ ကျန်းမာရေးလုပ်ငန်းဆောင်တာများအတွက် ကျပ်ငွေ သန်းပေါင်း (,၇၉၇.၅၁) သန်း အား အသုံးပြုခဲ့ပါသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်မှုကဏ္ဍ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအတွက် ကျပ်သန်းပေါင်း (၆,၉၁၄.၅၂) ကို သုံးစွဲထောက်ပံ့နိုင်ခဲ့ပါ သည်။ ဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်အတွင်း နေရပ်စွန့်ခွာရသူများနှင့် စစ်ဘေးရှောင်ပြည်သူများ အတွက် စားနပ်ရိက္ခာလိုအပ်ချက်များနှင့် အမိုးအကာလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ သဘာဝ ဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ထောက်ပံ့ကူညီခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ခွဲခြားခြင်း မရှိသည့် တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ကျဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ထိခိုက်လွယ် ပြည်သူများ (မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ) နှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နိုင်ငံ့ဝန်ထမ်း CDM များ အား ပံ့ပိုးကူညီခြင်း၊ ဘေးအန္တရာယ်အရေးပေါ် တုံ့ပြန်ရေးအတွက် အရန်ဆန်သိုလှောင်မှု အစီအစဉ်များ၊ ဗုံးခိုကျင်းများ တည်ဆောက်ပေးခြင်းနှင့် အသိပညာပေးကဏ္ဍများအတွက် လိုအပ်သည့် နည်းပညာနှင့် ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်းများကို အဓိက ဆောင်ရွက်လျက် ရှိပါသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ (၁၁) လအတွင်း ဝန်ကြီးဌာနအနေဖြင့် (၁) လလျှင် စစ်ဘေးရှောင်ပြည်သူပျမ်းမျှလူဦး‌ရေ (၈၀,၀၀၀) ကျော်၊ ထိခိုက်နှင့် ကျဆုံးပြည်သူ စုစုပေါင်း (၅,၄၅၉) ဦးနှင့် သဘာဝဘေးအန္တရာယ်ထိခိုက်ခံစားရသူဦးရေ (၁၀၄,၁၅၆) ဦးတို့ကို လူသားချင်းစာနာမှု အကူ အညီများ ပေးအပ်နိုင်ခဲ့ပါသည်။ ထို့အပြင် စစ်ဘေးရှောင်အိမ်ထောင်စု (၆၅၈) စုအတွက် အမိုးအကာများ ပံ့ပိုးပေးခြင်း၊ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရသော ဒေသများတွင် ဗုံးခိုကျင်းများ တူးဖော်ပေး ခြင်းနှင့် ဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းအပါအဝင် အရပ်သား ပြည်သူများကို အကာအကွယ်ပေးခြင်း (Civilian Protection) ဆိုင်ရာ အသိပညာပေး သင်တန်းများ၊ ရပ်ရွာအခြေပြုဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းများ၊ စခန်းစီမံခန့်ခွဲမှု အသိပညာများ၊ Humanitarian Negotiation နှင့် ဆက်စပ်သည့် မျှဝေမှုများ၊ စိတ်-လူမှုထောက်ပံ့ရေးဆိုင်ရာ သင်တန်းများကို ပြည်တွင်း/ ပြည်ပမှ ဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ပေးလျက် ရှိပါသည်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်မှု ယန္တရားတွင် ပါဝင်လျက်ရှိသည့် တိုင်း၊ ခရိုင်၊ မြို့ နယ်အဆင့်ရှိ လူသားစာနာတာဝန်ခံများအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်းများရရှိစေရန် Interim Capacity Building Program (ICBP) မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ အဆိုပါ လုပ်ငန်းများသည် ဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် တိုက်ရိုက်ပံ့ပိုးဆောင်ရွက်မှုများသာဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်များက ကောက်ခံရရှိသည့် လူသား စာနာ အခွန်ခွဲတမ်းမှ ရရှိသော ရန်ပုံငွေများဖြင့်လည်း ဘေးအန္တရာယ်ကြိုတင်ပြင်ဆင် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို မြို့နယ်အဆင့်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါ သည်။

ဝန်ကြီးဌာနက ဒေသအလိုက်နှင့် ကဏ္ဍအလိုက် တိုက်ရိုက်ထောက်ပံ့ထားမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

စဉ်

တိုင်းဒေသ

ထောက်ပံ့မှု ပမာဏ (ကျပ်သန်း)

စစ်ကိုင်း

၁၆၇၁.၃၄

တနင်္သာရီ

၁၄၀.၈၆

ပဲခူး

၆၂၅.၂၆

မကွေး

၉၆၃.၃၇

မန္တလေး

၂၂၃၇.၃၈

ရန်ကုန်

၁၈.၅၀

ဧရာဝတီ

၂၇.၂၈

ကချင်

၈၃.၉၇

ကရင်နီ

၁၇.၆၅

၁၀

ကရင်

၄၁.၃၂

၁၁

ချင်း

၄၈.၁၉

၁၂

မွန်

၂၁.၄၀

၁၃

ရခိုင်

၂၆.၈၃

၁၄

ရှမ်း

၃၇၁.၄၄

၁၅

နေပြည်တော်

၃၉၆.၃၀

၁၆

ထိုင်းနယ်စပ်

၇၄.၅၆

၁၇

အိန္ဒိယနယ်စပ်

၄၀.၇၀

၁၈

Multi – (နယ်ပယ်ဒေသစုံ)

၁၀၈.၁၆

စုစုပေါင်း

၆၉၁၄.၅၂

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်အတွင်း ရုပ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှုများအပြင် ရပ်ရွာလူထုဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရည် ရှိစေရေးအတွက် တော်လှန်ရေးအင်အားစုများ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို တိုးမြှင့်လုပ်ဆောင်ခြင်း၊ နိုင်ငံတကာလွှတ်တော်များ၊ အစိုးရများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းချိတ်ဆက်မှု များ ပြုလုပ်၍ ဘေးသင့်ဒေသများသို့ နိုင်ငံတကာအကူအညီများရရှိစေရန် ဆောင်ရွက်ခြင်း၊ တိုင်းရင်း သား မဟာမိတ်ဒေသများရှိ လူသားချင်းစာနာမှုအဖွဲ့အစည်းများ၊ ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများသို့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီများ တိုက်ရိုက် ပံ့ပိုးပေးနိုင်ရန် (Localization) နှင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများ (Cross-border Assistance) ရရှိစေရန် ပံ့ပိုးကူညီချိတ်ဆက်ပေးခြင်း (Facilitation) လုပ်ငန်းများကို အလေးထားဆောင်ရွက်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် လုပ်ငန်းသဘာဝတူညီပြီး ပြည်သူကို ဝန်ဆောင်မှုပေးလျက်ရှိသော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်း၍ တော်လှန်ရေး ကာလနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ပိုမိုကျစ်လစ်အားကောင်းသော ဝန်ကြီးဌာနအဖြစ် ပြင်ဆင် ပြောင်းလဲမည် ဖြစ်ပါသည်။ တော်လှန်ရေးကာလအတွင်း မေ့မထားသင့်သော အမျိုးသမီး၊ ဂျဲန်ဒါ၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ လုပ်ငန်းစဉ်များကို ကာကွယ်ခြင်း၊ ထောက်ပံ့ခြင်းနှင့် မြှင့်တင်ခြင်း တို့အပါအဝင် တော်လှန်ရေးတွင် အရေးပါသည့် ထောက်ပို့ကဏ္ဍမှ ပါဝင်ခဲ့ကြသော အလုပ်သမားများ အတွက် အခြေခံအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုအား ILO Constitution, Article 33 နှင့် ထိရောက်စွာ အပြစ်ပေးအရေးယူရေး၊ အမျိုးသားညီညွတ်ရေးအစိုးရအား ILO မှ စတင်၍ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှုရရှိရေး၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရေး နှင့် ပုံမှန်ဝင်ငွေရရှိရေး၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပါသည်။ တော်လှန်ရေးကာလတွင် စစ်ရေးနှင့်ဆက်စပ်၍ နောက်ဆက်တွဲ ပေါ်ပေါက်လာမည့် အရေးပေါ် လူသားချင်းစာနာမှုအကူအညီများအပြင် စိုးမိုးထိန်းချုပ် နယ်မြေများတွင် စားနပ်ရိက္ခာဖူလုံမှုရှိစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အသေးစား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားချေးငွေများပံ့ပိုးပေးခြင်း၊ အသက် မွေးဝမ်းကျောင်း သင်တန်းပေးခြင်းစသည့် အစီအစဉ်များနှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားရန် ဦးစားပေး စီစဉ်ထားသည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တိုးမြှင့် လုပ်ဆောင်နိုင်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှ တစ်ဆင့် တော်လှန်ရေး အောင်မြင်စေရေး ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် ဒေသတွင်း လူမှု သဟဇာတ ဖြစ်စေရေးနှင့် ငြိမ်းချမ်းရေးအတွက်ကိုပါ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။

လျှပ်စစ်ကဏ္ဍ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း အောက်ပါလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါသည် –

  • ဘဏ္ဍာရေးဝန်ကြီးဌာန (MOPFI) နှင့် ညှိနှိုင်း၍ NUG ထိန်းချုပ်နယ်မြေများရှိ ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့ (ပအဖ) များမှ စွမ်းအင်ဆိုင်ရာအခွန်များ စတင်ကောက်ခံရန် မူဝါဒကို အောင်မြင်စွာ ချမှတ်နိုင်ခဲ့သည်။
  • ဓာတ်ငွေ့လုပ်ငန်း Operator ကုမ္ပဏီများသို့ ပို့ကုန်ဓာတ်ငွေ့ရောင်းချငွေများကို MOEE ထံသို့ သာ ပေးသွင်းရန်အတွက် တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့ပြီး၊ ဇူလိုင်လတွင် ကုမ္ပဏီတစ်ခု ထံမှ တရားဝင် ပြန်ကြားချက်ကိုလည်း လက်ခံရရှိခဲ့သည်။
  • ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံများ၏ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများ ထုတ်ယူ၊ သယ်ယူ ပို့ဆောင်မှုနှင့်ပတ်သက်သည့် မူဝါဒနှင့် လမ်းညွှန်ချက်များကို အတည်ပြု ချမှတ်နိုင်ခဲ့သည်။
  • စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ရေနံနှင့် ရေနံထွက်ပစ္စည်းများအား စနစ်တကျ အခွန်/ ဒဏ်ကြေး၊ လိုင်စင်ကြေးများ ကောက်ခံနိုင်ရေးနှင့် ရေနံလုပ်ကွက်များ စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များအား စီမံကြီးကြပ်ဆောင်ရွက်ခဲ့သည်။

ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များအနေဖြင့်-

  • ပို့ကုန် ဓာတ်ငွေ့ရောင်းရငွေများ စစ်ကောင်စီထံသို့ စီးဝင်မှုကို လုံးဝရပ်တန့်နိုင်ရန် နည်းလမ်း မျိုးစုံဖြင့် ကြိုးပမ်းမှုများကို အဆက်မပြတ် ဆက်လက်လုပ်ဆောင်သွားရန်၊
  • Energy Master Plan အပြီးသတ်ရေး : ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် လိုအပ် သည့် အနာဂတ်စွမ်းအင်မူဝါဒ (Energy Master Plan) ကို အမြန်ဆုံး အပြီးသတ် ရေးဆွဲချမှတ် ရန်၊
  • ထိန်းချုပ်နယ်မြေများတွင် စွမ်းအင်ဆိုင်ရာ အခွန်များကို စည်းမျဉ်းနှင့်အညီ ပိုမို ကျယ်ပြန့် ထိရောက်စွာ ကောက်ခံနိုင်မည့် ယန္တရားများကို ခိုင်မာအောင် တည်ဆောက်ရန်နှင့် ရေနံလုပ် ကွက်များ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်တို့ ဖြစ်ပါသည်။

အခွန်ငွေ ကောက်ခံရရှိမှု (Tax Revenue Collection)

အခွန်အမျိုးအစား

ကောက်ခံရရှိမှု (ကျပ်သန်း)

အချိန်ကာလ (Cumulative)

စက်သုံးဆီ ဖြတ်သန်းခ၊ ကျွန်းလှ/မကွေး MOGE ရေနံမြေမှ ရရှိငွေ

၁၅၈,၆၂၉

စက်သုံးဆီ ဖြတ်သန်းခ (၂၀၂၂ ဒီဇင်ဘာမှ ၂၀၂၅ အောက်တိုဘာအထိ)၊ ကျွန်းလှ/မကွေး MOGE (၂၀၂၄ စက်တင်ဘာ မှ ၂၀၂၅ ဩဂုတ်အထိ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းကဏ္ဍ

ကြားကာလစိုက်ပျိုးရေးနှင့် မွေးမြူရေးဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းတွင် (၂၆) မြို့နယ်၊ မကွေးတိုင်းတွင် (၉) မြို့နယ်၊ မန္တလေးတွင် (၁) မြို့နယ်ဖြင့် စုစုပေါင်း (၃၆) မြို့နယ်တွင် စိုက်ပျိုးမွေးမြူ ရေးနှင့် ငါးလုပ်ငန်း၊ ဆည်မြောင်းဆိုင်ရာကိစ္စများ ဆောင်ရွက်လျက်ရှိပါသည်။

ကြားကာလ စိုက်ပျိုးရေးနှင့် မွေးမြူရေးဦးစီးဌာန တာဝန်ခံများအနေဖြင့် ဗဟိုတွင် (၈) ဦး၊ တိုင်း Focal (၈) ဦး၊ စစ်ကိုင်းတိုင်းအတွင်း ခရိုင်မြို့နယ်တာဝန်ခံ (၅၁) ဦး၊ မကွေးတိုင်းအတွင်း ခရိုင်မြို့နယ် တာဝန်ခံ (၁၁) ဦး၊ မန္တလေးအတွင်း (၁) ဦးတို့ဖြင့် လုပ်ငန်းများ လည်ပတ်လျက် ရှိပါသည်။

စိုက်ပျိုးရေးဦးစီးဌာနခွဲ လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် အောက်ပါလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိပါသည်-

  • စစ်ကိုင်းတိုင်း (၁၈) မြို့နယ်၊ မကွေးတိုင်း (၆) မြို့နယ်နှင့် မန္တလေးတိုင်း (၁) မြို့နယ်၊ စုစုပေါင်း (၂၄) မြို့နယ်တွင် တာဝန်ခံများ ခန့်အပ်ပြီး မြေပြင်တွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။
  • မိုးစပါး၊ နွေစပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ ကုလားပဲ၊ ဟင်းသီးဟင်းရွက် စသည့် သီးနှံများကို စုစုပေါင်း (၇၃၄.၀၀ ဧက) စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါသည်။
  • ဒေသတွင်း စိုက်ပျိုးသီးနှံများ၏ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးနိုင်ခြင်း၊ စစ်ဘေးရှောင် ပြည်သူများအား ဆန်၊ ဆီနှင့် ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးဝေနိုင်ခြင်းနှင့် တပ်ရင်း တပ်ဖွဲ့များ၏ စားနပ်ရိက္ခာအတွက် စိုက်ပျိုးထုတ်လုပ်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့ပါသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနခွဲ လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် စစ်ကိုင်းတိုင်း (၂၆) မြို့နယ်၊ မကွေးတိုင်း (၅) မြို့နယ်နှင့် မန္တလေးတိုင်း (၁) မြို့နယ်တို့တွင် တိရိစ္ဆာန်ကျန်းမာရေး ကာကွယ်ခြင်းနှင့်ကုသခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိပါသည်။

ငါးလုပ်ငန်းဦးစီးဌာနခွဲအနေဖြင့် ၂၀၂၅ ခုနှစ်တွင်၊ မြို့နယ် (၈) မြို့နယ်တွင် ဂရန်အင်းများချ၍ အခွန်ကောက်ခံလျက်ရှိရာ ကျပ်သိန်းပေါင်း ၁၈,၉၆၇ ကျော် ရရှိခဲ့ပါသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနခွဲအနေဖြင့် ဒေသဝမ်းစာ ဖူလုံရေးအတွက် စိုက်ပျိုးရေပေးဝေခြင်းတွင် သီးနှံရာသီအလိုက် စိုက်ပျိုးရေ စဉ်ဆက်မပြတ် ပေးဝေနိုင်ရေး၊ ပျက်စီး ယိုယွင်းနေသော ရေပေးဝေရေးအဆောက်အဦးများ ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများအတွက် နည်း ပညာအကူအညီ လိုအပ်လာပါက နည်းပညာများ ကူညီပံ့ပိုးပေးခြင်း၊ လူသားချင်းစာနာသည့် လုပ်ငန်း စဉ်များဖြစ်သည့် မီးဘေးသင့်နှင့် စစ်ဘေးရှောင်ကျေးရွာများအတွက် သောက်သုံးရေ စက်ရေတွင်းများ  တူးဖော်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

ကြားကာလစိုက်ပျိုးရေးနှင့် မွေးမြူရေးဦးစီးဌာနသည် ဖက်ဒရယ်ရေးရာ ပြင်ဆင်မှုများအနေဖြင့်-

(၁)     ကဏ္ဍတစ်ခုလုံးအတွက် ယေဘုယျစဉ်းစားချက်များနှင့် လက်ရှိဌာနဖွဲ့စည်းမှုအရ ဗဟိုအဆင့် က ဆောင်ရွက်သင့်သည့်လုပ်ငန်းများ ဖော်ထုတ်ခြင်း၊

(၂)      ဖက်ဒရယ်လုပ်ငန်းအဖွဲ့ထံ ပေးပို့ခြင်းနှင့် လုပ်ငန်းစဉ်တလျှောက် တိုင်ပင်ဆွေးနွေးမှုများ ဆောင်ရွက်ခြင်း၊

(၃)     ဗဟိုအဆင့် ဦးစီးဌာနခွဲတစ်ခုချင်းအလိုက် လုပ်ငန်းတာဝန်များ အသေးစိတ် ဖော်ထုတ်ခြင်း၊ ဌာနဖွဲ့စည်းမှုဆိုင်ရာနှင့် ဝန်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးစီမံခြင်း၊

(၄)     ဝန်ထမ်းအဆင့်ဆင့်နှင့် ပြန်လည်ဆွေးနွေးခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးမှုများ လိုအပ် ခြင်း၊

(၅)     ပေါ်ပေါက်လာမည့် ဖက်ဒရယ်ယူနစ်အစိုးရများနှင့် ဆွေးနွေးခြင်းတို့ကို ပြင်ဆင်လျက်ရှိပါသည်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကဏ္ဍ

လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနအနေဖြင့် အောက်ပါလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိပါ သည် –

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူခြင်း

လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနသည် နိုင်ငံနှင့်တဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ် စုစုပေါင်း (၇,၂၆၈) ခု မှတ်တမ်းတင်နိုင်ခဲ့သည်။ Uwazi သို့ ဖြစ်စဉ် ထည့်သွင်းခြင်း (၂,၇၀၃) ခု ပြုလုပ် နိုင်ခဲ့ပြီး ၎င်းတို့အနက် ဖြစ်စဉ် (၁၈၆) ခုကို အင်တာဗျူး၍ အချက်အလက် မှန်ကန်ကြောင်း အတည် ပြုနိုင်ခဲ့သည်။ IIMM သို့ အလွန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ပေါင်း (၁၃၈) ခုကို ပေးပို့နိုင်ခဲ့သည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်မှုထမ်း စေခိုင်းခြင်း ဖြစ်ရပ် (၅၆၄) ခုနှင့် တော်လှန်ရေးအင်အားစုများက ကျူးလွန်သည့် ချိူးဖောက်မှု (၂၉၅) ခုကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။   

စစ်ကိုင်းတိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်ပေါင်း (၁,၄၆၆) ရှိပြီး ချိုးဖောက်ခံရမှု အများဆုံးဒေသများအဖြစ် မှတ်တမ်းပြုစုနိုင်ခဲ့သည်။ ကိုယ်ပိုင်ပစ္စည်းများ ဖျက်ဆီးခံရခြင်း (၁,၅၁၃) မှု ရှိပြီး ချိုးဖောက်ခံရမှုအများဆုံးဖြစ်ပြီး ဥပဒေမဲ့သတ်ဖြတ်ခြင်းဖြစ်စဉ် (၁,၄၇၁) ခုမှာ ဒုတိယအများဆုံး ဖြစ်သည်။ ထို့အပြင် ကောက်ယူရရှိထားသော အချက်အလက်များအား ခုနှစ်အလိုက်သာမက လအလိုက် အလွယ်တကူ ရှာဖွေကိုးကား အသုံးပြုနိုင်ရန် ၀န်ကြီးဌာန၏ website ပေါ်တွင် Data Dashboard ဖြင့် လစဉ် မွမ်းမံဖော်ပြလျက်ရှိသည်။

နိုင်ငံတကာ စည်းရုံးရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

UK နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ ကို ဆက်လက်အကောင်အထည်ဖော်ရန် တိုက်တွန်းခြင်း၊ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနှင့် အေဂျင်စီ များမှတစ်ဆင့် နိုင်ငံခြားရေးမှတစ်ဆင့် မသန်စွမ်းသူများအရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အချက်အလက်များ ပေးပို့ခြင်း၊ တောင်ပိုင်းရောက်နေသည့် ရိုဟင်ဂျာများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်နိုင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာန၊ ကုလသမဂ္ဂအေဂျင်စီများနှင့် ချိတ်ဆက်၍ လူသားစာနာအကူအညီများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ စုဖောင်ဒေးရှင်းတို့နှင့်အတူ ICJ အစီရင်ခံစာကို ဦးဆောင် တင်သွင်းနိုင်ခဲ့ခြင်း၊ ကိုရီးယားနိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (UJ) လုပ်ဆောင်နိုင်ရေး ကိုရီးယားနိုင်ငံရှိ ရှေ့နေ၊ ဥပဒေပညာရှင်များနှင့် ပြင်ဆင်လုပ်ဆောင်ခြင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာ ဖြစ်စဉ်ကို NUG က တူရကီနိုင်ငံ ရှေ့နေချုပ်ရုံးထံ တရားစွဲဆိုရန် အောက်တိုဘာ ၂ ရက် တင်သွင်းနိုင် ခဲ့ပြီး IIMM အနေဖြင့် အချက်အလက်များ ရှေ့နေချုပ်ရုံး တောင်းခံမှုရရှိလျှင် အချက်အလက်များအား မျှဝေပေးမည့်အကြောင်း ကတိစကား ရရှိခဲ့သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကုလ၏ ဆုံးဖြတ်ချက်များ၊ ကုလလုံခြုံရေးကောင်စီ၌ Call များ ပြုလုပ်နိုင်ရန်၊ ကိုရီးယား၌ ရောက်ရှိနေကြသည့် လူငယ်များအပေါ် ကူညီစောင့်ရှောက်ပေးနိုင်ရေး အတွက် ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက တရားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကတိစကားရရှိခဲ့သည်။ ထို့အပြင် NUG ၏ အကြံပြုချက်များ ပါဝင်သော လူ့အခွင့်အရေးကောင်စီ၏ ရိုဟင်ဂျာဆိုင်ရာ ဆုံးဖြတ်ချက်ထွက်ပေါ်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ILO ညီလာခံတွင် အခြားသော ဝန်ကြီးဌာနများ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး Article 33 ဖြင့် အရေးယူဆောင်ရွက်မှု ဖြစ်ပေါ်လာစေရေး ဆောင်ရွက်နိုင်ခဲ့သည်။ 

ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာအား အကြမ်းဖက်စစ်အုပ်စုက paramotorများ အသုံးပြု တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ တံခါးပိတ် သံတမန်ရှင်းလင်းပွဲတစ်ရပ်အား ကျင်းပပြုလုပ်နိုင် ခဲ့သည်။ ထို့အပြင် အတုအယောင်ရွေးကောက်ပွဲမတိုင်မီ မြင့်တက်လာသော လူ့အခွင့်အရေး ချိုးဖောက် မှု မှတ်တမ်းများနှင့် စပ်လျဉ်း၍ “Rising Human Rights Violations Before the Sham Elections” ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင်ကို နိုင်ငံတကာရှိ သံတမန်အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေး အဖွဲ့ အစည်းများသို့ လှုံ့ဆော်မှုများလုပ်ဆောင်ရာတွင် တော်လှန်ရေးအင်အားစုများ ကိုးကားအသုံးပြုနိုင်ရေး အတွက် ထုတ်ပြန်နိုင်ခဲ့သည်။

တိုင်ကြားမှုများကို ဖြေရှင်းကိုင်တွယ်ဆောင်ရွက်ခြင်း

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ မတ်လမှ ယနေ့အချိန်အထိ ဆောင်ရွက်ဆဲ အမှု (၁၃၆) မှု၊ ဖြေရှင်းပြီးအမှု (၃၃) မှု၊ မခိုင်လုံ/ပလပ်အမှု (၃) မှု၊ ဖြေရှင်းနိုင်ခြင်း မရှိသည့်အမှု (၂) မှု၊ မှတ်တမ်းအနေဖြင့် သိမ်းဆည်းထားသည့်အမှု (၁၅၇) မှု၊ ဝန်ကြီးဌာနသို့ တိုင်ကြားစာ မရောက်ရှိသည့် အမှု (၂၁၀)၊ စုစုပေါင်း (၅၂၉) မှုရှိပြီး တိုင်ကြားစာဗဟိုကော်မတီသို့ (၁၇၂) မှု ပေးပို့ဆောင်ရွက်ပြီး ဖြစ် သည်။ တိုင်ကြားစာဗဟိုကော်မတီသို့ ရောက်ရှိလာသော တိုင်ကြားစာများကို လူ့အခွင့်အရေး ချိုးဖောက် မှု အမျိုးအစားများနှင့် ရာဇ၀တ်မှုများ ခွဲခြားခြင်း၊ လစဉ်အစီရင်ခံစာထုတ်ပြန်နိုင်ရန် ကြားကာလ တိုင်ကြားစာ ဗဟိုကော်မတီ၀န်ထမ်းများအား နည်းပညာပံ့ပိုးမှုများ လုပ်ဆောင်နိုင်ခဲ့သည်။

လူ့အခွင့်အရေးပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် ပအဖတာဝန်ခံများ၊ လူအခွင့်အရေးတာဝန်ခံများနှင့် အခြား၀န်ကြီးဌာနများ၏ ရေးရာတာဝန်ခံများကို အခြေခံသင်တန်းများအနေဖြင့် လူ့အခွင့်အရေး သင်တန်း၊ ဒီဂျစ်တယ်ဘေးကင်းရေးနှင့် လုံခြုံရေးသင်တန်းနှင့် လူ့အခွင့်အရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဆန်းစစ်ခြင်း သင်တန်းများပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့အပြင် လူ့အခွင့်အရေးနည်းပြ သင်တန်း၊ စစ်သည်တော်ကျင့်ဝတ်နည်းပြသင်တန်း၊ အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ် စောင့် ရှောက်ရေး နည်းပြနှင့် နည်းပြမွမ်းမံသင်တန်း စုစုပေါင်း သင်တန်း (၈) ခု ပြုလုပ်နိုင်ခဲ့ပြီး နည်းပြ (၅၇) ဦး (အမျိုးသား-၃၄၊ အမျိုးသမီး-၂၁၊ အခြား-၂) ကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနသည် အချိန်ဇယားသတ်မှတ်၍ ၀န်ကြီးဌာန၏ အကြံပေး ဘုတ်အဖွဲ့၀င်များ၊ အာရှဒေသနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့ အစည်းများကွန်ယက် (ANNI)၊ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)၊ လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့(မြန်မာ) တို့နှင့် သီးခြားတွေ့ဆုံကာ လုပ်ဆောင်လျက် ရှိသည်။ 

(၅) ဘဏ္ဍာရေးနည်းလမ်းအရ ဆောင်ရွက်ချက်များ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် အဓိကတာဝန်ယူဆောင်ရွက်လျက် ရှိသော လုပ်ငန်းများမှာ –

(က)    အောင်လံလွှင့်ချီနွေဦးထီ

(ခ)     အခွန်ကောက်ခံခြင်း

(ဂ)     အထူးငွေတိုက်စာချုပ်

(ဃ)    End Of Dictatorship / Early Partnership Program

(င)     NUG Pay

(စ)     Spring Development Bank (နွေဦးဖွံ့ဖြိုးရေးဘဏ်) တို့ ဖြစ်ပါသည်။

အောင်လံလွှင့်ချီ နွေဦးထီလုပ်ငန်း၏ ၂၀၂၅-ခုနှစ်၊ စက်တင်ဘာလအထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

(က)    Pilot Project ပထမဆင့်ကို (၁၅-၈-၂၀၂၁) ရက်နေ့နှင့် ဒုတိယဆင့်ကို (၆-၉-၂၀၂၁) ရက်နေ့တွင် စတင်ခဲ့ပြီး ပိုမိုလွယ်ကူ လုံခြုံမှုရှိသော HRW စနစ်အား (၁-၁၁-၂၀၂၁) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်၊

(ခ)     ထီစောင်ရေ အများအပြား ဝယ်ယူနိုင်သော Bulk Purchase ကိုယ်စားလှယ် အစီအစဉ် ဖြင့် ပိုမိုကျယ်ပြန့်စွာ ရောင်းချပေးသည့် စနစ်ကို (၂၁-၁-၂၀၂၂) ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ပါသည်၊

(ဂ)     နွေဦးထီ၏ Version One ဖြစ်သော HRW စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကို နောက်ဆုံးအပတ်စဉ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်၊

(ဃ)    နွေဦးထီလုပ်ငန်းကို SDB ဘဏ်နှင့် ကိုယ်စားလှယ်ကွန်ယက်မှ ရောင်းချသည့် Version Two အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်၍ လက်ရှိနွေဦးထီ Version One ရောင်းချခြင်းကို ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလတွင် ခေတ္တရပ်ဆိုင်းခဲ့ပါသည်၊

(င)     နွေဦးထီ Version Two ကို ၂၀၂၄-ခုနှစ်၊ မတ်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး လစဉ် ကျပ် သန်း (၅၀၀) ဆုကြီးအပါအဝင် ဆုမဲပေါင်းလေးသောင်းကျော် ချီးမြှင့်လျက် ရှိပါသည်၊

(စ)     နွေဦးထီ Version Two စတင်ခဲ့သည့် ၂၀၂၄-ခုနှစ်၊ မတ်လမှစတင်၍ CDMer များသို့ လစဉ် ထောက်ပံ့ငွေ ကျပ်သိန်း (၇၀၀) အထိ တိုးမြှင့်ထောက်ပံ့နိုင်ခဲ့ပါသည်။ နွေဦးထီ လုပ်ငန်း စတင်သည့်အချိန်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ ထောက်ပံ့နိုင်မှု အခြေ အနေမှာ အောက်ပါအတိုင်းဖြစ်ရာ နွေဦးထီ Version Two ကို စတင်အကောင်အထည် ဖော် ဆောင်ရွက်ချိန်မှစ၍ CDMer များသို့ တိုးတက်ထောက်ပံ့နိုင်ခဲ့ပါသည် –

(ကျပ်သန်းပေါင်း)

စဉ်

အကြောင်းအရာ

ထောက်ပံပေးငွေ

၁။

နွေဦးထီ Version One – ၂၀၂၂-ခုနှစ်၊ စက်တင်ဘာမှ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလအထိ

၅၆၅.၁၀၀

၂။

နွေဦးထီ Version Two – ၂၀၂၄-ခုနှစ်၊ မတ်လမှ ၂၀၂၅-ခုနှစ်၊ စက်တင်ဘာလအထိ

–        လစဉ်ထောက်ပံ့မှု ကျပ် (၇၀) သန်း x ၇-လ

–        ၂၀၂၃-၂၀၂၄ အမြတ်ငွေလက်ကျန်

(၃၅၃,၁၈၄,၂၉၈-ကျပ်)

၄၉၀.၀၀၀

၃၅၃.၁၈၄

 

စုစုပေါင်း ထောက်ပံ့ငွေ

၈၄၃.၁၈၄

 

–        ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်

(၂၀၂၄-ခုနှစ်၊ အောက်တိုဘာ မှ ၂၀၂၅-ခုနှစ်၊ စက်တင်ဘာလအထိ လစဉ်ထောက်ပံ့ငွေ ကျပ် (၇၀) သန်းx၁၂-လ

၈၄၀.၀၀၀

 

–        ၂၀၂၄-၂၀၂၅ ခုနှစ်၊ နှစ်ကုန်ရှိ အမြတ်ငွေ

လက်ကျန် (၇၀၁,၇၁၈,၆၃၇.၉၅)

၇၀၁.၇၁၉

 

စုစုပေါင်း ထောက်ပံ့ငွေ

၁၅၄၁.၇၁၉

၃။

နွေဦးထီလုပ်ငန်းဆောင်ရွက်ချိန်မှ

၂၀၂၅-ခုနှစ်၊ စက်တင်ဘာလကုန်အထိ

စုစုပေါင်း ထောက်ပံ့ငွေ

(ကျပ် ၂,၉၅၀,၀၀၂,၉၃၅.၉၅)

 

 

၂၉၅၀.၀၀၃

အခွန်ကောက်ခံခြင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် အခွန်ကောက်ခံရေးနှင့် ခွဲဝေသုံးစွဲရေးမူဝါဒကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူတို့စိုးမိုးမှုရှိသောဒေသများတွင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် အခွန်အရပ်ရပ်ကောက်ခံခြင်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင်၍ ပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲ ပွင့်လင်းမြင်သာသော အခွန်နှုန်းများဖြင့် ဆောင်ရွက် လျက် ရှိပါသည်။ မိမိတို့ ထိန်းချုပ်နယ်မြေများတွင် အခွန်ကောက်ခံမှုကို ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်မှုဖြစ်စေရေးအတွက် “ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ” ၏ သက်တမ်းတလျှောက် လုံးတွင် သက်ရောက်အကျုံးဝင်စေမည့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အခွန်ကောက်ခံမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

(က) အခွန်ကောက်ခံလျက်ရှိသည့် မြို့များ (၄၃) မြို့နယ် (စစ်ကိုင်း၊ မကွေးမြောက်ပိုင်း၊ တနင်္သာရီတိုင်းနှင့်မန္တလေးတိုင်းတို့မှ ထိန်းချုပ်မြို့နယ်များ)

(ခ) အခွန်အမျိုးအစားများ။ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ဝင်ငွေခွန်များ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ သတ်မှတ်စည်းကြပ်သည့် အခွန်နှင့် ဒဏ်ကြေးများ၊

(ဂ) ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိမှု အခြေအနေတို့ ဖြစ်ပါသည်။

(ကျပ်သန်းပေါင်း)

စဉ်

ဒေသ

ကောက်ခံရမြို့နယ်

အရေအတွက်

ကောက်ခံရရှိငွေ

“က” သုံးလုံခရိုင် မြို့နယ်များ

၃၁,၄၈၂

စစ်ကိုင်းတိုးချဲ့မြို့နယ်များ

၂၄

၉၂,၁၁၈

မကွေးတိုင်း

၁၇,၀၇၅

တနင်္သာရီတိုင်း

၈၁၄

မန္တလေးတိုင်း

၁,၄၃၄

စုစုပေါင်း

၄၃

၁၄၃,၉၂၃

မှတ်ချက်။ တနင်္သာရီမြို့နယ်တွင် (၁) မြို့နယ်သာ လက်တွေ့ကောက်ခံနိုင်သေးပါသည်။

အထူးငွေတိုက်စာချုပ် ထုတ်ဝေရောင်းချခြင်း (United Bonds)

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသည် အကြမ်းဖက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လိုအပ်သော ဘဏ္ဍာငွေအရင်းအမြစ်များကို လျင်မြန်လုံခြုံစွာ ရရှိနိုင်ရေးအတွက် အထူးငွေတိုက်စာချုပ်များကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်မိတ်ဆက်ရောင်းချ ဆောင်ရွက်နိုင် ခဲ့ပါသည်။ ငွေတိုက်စာချုပ်များကို ၂-နှစ် သက်တမ်းသတ်မှတ်ကာ ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀ နှင့် ၅၀၀၀ ဟု အမျိုးအစားများ ခွဲခြားထားပြီး စတင်မိတ်ဆက်သည့်နေ့တွင်ပင် ဒေါ်လာ (၆.၃) သန်းကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့ခြင်းဖြင့် ပြည်သူလူထု၏ တစ်ခဲနက်ဝန်းရံ တုံ့ပြန်မှုကို ရရှိခဲ့ပါသည်။

ယခုအခါ အထူးငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချမှု သက်တမ်း ၂ နှစ်မြောက်ကာလဖြစ်၍ သက်တမ်းစေ့ရောက်သည့် ငွေတိုက်စာချုပ် တန်ဖိုးငွေများကို ပြန်လည်ရွေးနှုတ်ရန် အစီအစဉ် ရှိသည့် ငွေတိုက်စာချုပ် ပိုင်ရှင်များအနေဖြင့် ပြန်လည်ရွေးနှုတ်နိုင်ရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီး မြှုပ်နှံမှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ် – ၅/၂၀၂၃ ကို (၅-၁၂-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါကြေညာချက်အရ ငွေတိုက်စာချုပ်ပိုင်ရှင်များသည် အောက်ပါအတိုင်း လွတ် လပ်စွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည် –

(က)    ပြန်လည်ရွေးနှုတ်လိုပါက https//www.unitalbonds-nug.org တွင် ပြန်လည် ရွေးနှုတ်သည့် ပုံစံ (ဃ) ကို အချက်အလက်မှန်ကန်စွာ ဖြည့်သွင်းတောင်းခံရန် လိုအပ် ပါသည်။ အချက်အလက်မှန်ကန်စွာ ဖြည့်သွင်းပေးထားသည့် ငွေတိုက်စာချုပ်ပိုင်ရှင်များ ထံသို့ ရက်သတ္တပတ် (၂) ပတ် မှ (၄) ပတ်အတွင်း ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည် လွှဲပြောင်းပေးပို့သွားမည် ဖြစ်ပါသည်၊

(ခ)     ၂ နှစ်သက်တမ်းစေ့ရောက်သော ဘွန်းငွေတိုက်စာချုပ်ကို ဆက်လက်သက်တမ်းတိုးရန် ဆုံးဖြတ်ထားသူများအနေဖြင့် သီးခြားနည်းလမ်း ဆောင်ရွက်သွားရန် မလိုအပ်ဘဲ မိမိ လက်ဝယ်ရှိ ငွေတိုက်စာချုပ်ကို ဆက်လက်သိမ်းဆည်းထားရုံဖြင့် သက်တမ်း တစ်နှစ် တိုးခြင်းလုပ်ငန်း ပြီးမြောက် အောင်မြင်ပါသည်၊

(ဂ)     အကယ်၍ အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချလျက်ရှိသည့် မြေကွက်၊ တိုက်ခန်း၊ ရှယ်ယာများဖြင့် ပိုင်ဆိုင်မှုလွှဲပြောင်းလိုပါက သီးခြားထုတ်ပြန်သွားမည့် နည်းလမ်းများ အတိုင်း ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ပါသည်။

End Of Dictatorship / Early Partnership Program

အာဏာရှင်စနစ် အဆုံးသတ်ရန်အတွက် အကြမ်းဖက်စစ်ခေါင်းဆောင်များ မတရားသဖြင့် ရယူသိမ်းပိုက်ထားသော ပိုင်ဆိုင်မှု အိမ်၊ ခြံ၊ မြေများကို အစုရှယ်ယာဖြင့် ကြိုတင်ရောင်းချပေးသည့် အစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်အရ အောက်ပါလုပ်ငန်း ၂ ရပ်ကို ဆောင်ရွက်ထားပြီး ဖြစ်ပါသည်-

(က)    ပထမလုပ်ငန်းစဉ်အဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းထား သည့် အမှတ် (၁၄/အင်းလျားလမ်း) အိမ်နှင့် ခြံကို အမေရိကန်ဒေါ်လာ (၁၀) သန်း တန်ဖိုး ဖြတ်ကာ အစုရှယ်ယာတစ်သိန်း ရောင်းချခြင်းဖြစ်ပြီး အစုရှယ်ယာ အားလုံးရောင်းချပြီး ဖြစ်ပါသည်၊

(ခ)     ဒုတိယလုပ်ငန်းအဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် သိမ်းယူထားသည့် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၆ မိုင်ခွဲရှိ နိုင်ငံတော်ပိုင်မြေနှင့် အဆောက် အဦး ပိုင်ဆိုင်ခွင့်အား အများပြည်သူ ဝယ်ယူနိုင်ရန် အစုရှယ်ယာအဖြစ်ခွဲကာ ရောင်းချ ခြင်း ဖြစ်ပါသည်။ မြေနှင့် အဆောက်အဦးမှာ ကာလပေါက်ဈေး အမေရိကန် ဒေါ်လာ သန်း (၂၀) ကျော် တန်ကြေးရှိသော်လည်း ကာလတန်ဖိုး၏ သုံးပုံတစ်ပုံ အမေရိကန် ဒေါ်လာ (၇) သန်း တန်ဖိုးသတ်မှတ်ပြီး အစုရှယ်ယာ တစ်စုလျှင် အမေရိကန် ဒေါ်လာ (၁၀၀) သတ်မှတ်ပြီး အစုရှယ်ယာ (၇၀၀၀၀) ရောင်းချခြင်း ဖြစ်ပါသည်၊

(ဂ)     စစ်တပ်ပိုင်မြေကွက်များနှင့် ကွန်ဒို/အိမ်ယာများရောင်းချခြင်း။ အကြမ်းဖက်စစ်တပ် မတရားသိမ်းယူထားသော မြေနေရာ (၈) နေရာတွင် အိမ်ခြံမြေကွက်များနှင့် ကွန်ဒို အိမ်ယာများအဖြစ် ရောင်းချလျက် ရှိပါသည်။

Early Partnership Program

Early Partnership Program အဖြစ် မိုးကုတ်ပတ္တမြားမြေကို လုပ်ကွက် (၇) ကွက် ဖော်ဆောင် ပြီး ရင်းနှီးမြှုပ်နှံလိုသူများသို့ ကြိုတင်ရောင်းချပေးခြင်း ဖြစ်ပါသည်။ ကျောက်မျက် ထုတ်လုပ်ခွင့် ကာလများ (၁၀) နှစ် ဖြစ်ပါသည်။

NUG Pay

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံအတွင်း လည်ပတ်လျက်ရှိသော ငွေကြေးစနစ် ထိရောက်မှုရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာ အားနည်းချက်များ၊ စိုးရိမ်မှုများကို ဖြေရှင်းနိုင်ရေး မျှော်မှန်း ကာ အမျိုးသားအဆင့် ဒီဂျစ်တယ်ငွေကြေးအဖြစ် (Digital Myanmar Kyat- DMMK) ကို စတင် မိတ် ဆက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ရှေ့ဆောင် Blockchain-based မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ရပ်တည်သည့် NUG Pay အမည်ရှိ ပလက်ဖောင်းမှတစ်ဆင့် ဖြန့်ကျက်ထားခြင်းပင် ဖြစ်ပါသည်။ NUG Pay ၏ လုပ်ငန်းဆောင်ရွက်မှု အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

(က)    လက်ရှိအထိ NUG Pay သုံးစွဲသူ (၃၈၀၀၀) ဦးရှိပါသည်၊

(ခ)     NUG Pay အား မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျ၊ ဥရောပ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု (အရှေ့ကမ်းရိုးတန်းဒေသ) နှင့် အမေရိကန် ပြည်ထောင်စု (အနောက်ကမ်းရိုးတန်းဒေသ) စသည့် ဒေသ (၁၀) ခုတွင် လည်ပတ် သုံးစွဲလျက် ရှိပါသည်၊

(ဂ)     စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသည် ဈေးကွက်မြေဝယ်လိုအား၊ ရောင်းလိုအားပေါ်မူတည်၍ DMMK ငွေကြေးကို ထုတ်ဝေလျက်ရှိပြီး လက်ရှိဈေးကွက် ထဲတွင် DMMK (၅၃.၇) ဘီလီယံ ဖြန့်ဝေလည်ပတ်လျက် ရှိပါသည်၊

(ဃ)    DMMK ငွေကြေးကို အသုံးပြု၍ ငွေပေးငွေယူပြုလုပ်သော Transaction စုစုပေါင်း တန်ဖိုးမှာ (၂.၆) ထရီလီယံ ရှိပြီ ဖြစ်ပါသည်၊

(င)     NUG Pay အနေဖြင့် ကာကွယ်ရေးနှင့် လွတ်မြောက်ဒေသများတွင် DMMK ငွေကြေး အသုံးပြုနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသအသီးသီးရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်လက်တွဲဆောင်ရွက်လျက်  ရှိပါသည်၊

(စ)     NUG Pay သည် ပြည်တွင်းပြည်ပ တော်လှန်ရေးမိတ်ဖက် မဟာမိတ်ဖက်များနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ထိန်းသိမ်းထားရှိပြီး KPICT နှင့်ပူးပေါင်း၍ ကချင် ပြည်နယ်ဒေသအတွင်း NUG Pay လည်ပတ် ဆောင်ရွက်လျက် ရှိပါသည်။

NUGPay USDT Phase One ကာလ

အမျိုးသားညီညွတ်ရေးအစိုးရသည် အမိန့်ကြေညာချက် ၄/၂၀၂၁ ဖြင့် USDT အား ပြည်တွင်း သုံး တရားဝင်ငွေကြေးအဖြစ် အသိအမှတ်ပြုပေးပြီး ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် USDT ကို ထပ်ဆောင်းငွေကြေးစနစ်တစ်ခုအဖြစ် NUGPay Mobile Wallet တွင် အသုံးပြုနိုင်ပြီ ဖြစ်ပါ သည်။ ထိုသို့ NUGPay Wallet တွင် USDT ကိုပါ အသုံးပြုနိုင်ခြင်းဖြင့် ပြည်သူများအနေဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည် –

(က)    တန်ဖိုးကျလျက်ရှိသော မြန်မာငွေကျပ် (MMK) အစား ခိုင်မာမှုရှိသော ဒေါ်လာ ငွေကြေး ဖြင့် ငွေစုဆောင်းနိုင်ခြင်း၊

(ခ)     USDT ကို အသုံးပြုခြင်းဖြင့် မူလ USD ငွေကြေးဖြင့် တော်လှန်ရေးဘဏ္ဍာရန်ပုံငွေတွင် ပါဝင်ကြသူများအနေဖြင့် ငွေလဲလှယ်နှုန်းကြောင့် နစ်နာမှုမရှိဘဲ တိုက်ရိုက် ထောက်ပို့ နိုင်မည်ဖြစ်ခြင်း၊

(ဂ)     P2P Orderbook မှတစ်ဆင့် USDT ကို အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်၍ လွတ်လပ် သော ငွေကြေးဈေးကွက်အသစ်တစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်ခြင်း၊

(ဃ)    P2P Orderbook ကို စကစ၏ ထိန်းချုပ်မှုမရှိသော လွတ်လပ်သည့် ငွေကြေး ဈေးကွက် တစ်ခုအဖြစ် NUGPay အသုံးပြုသူများအနေဖြင့် USDT ငွေကြေးအား NUGPay Application မှတစ်ဆင့် အချင်းချင်း အရောင်းအဝယ်ပြုလုပ်နိုင်မည် ဖြစ်ခြင်း၊

(င)     ငွေကြေးအကြပ်အတည်း (Financial Crises) ကာလများ၌ NUGPay အနေဖြင့် ဘဏ္ဍာရေးအကြပ်အတည်းမဖြစ်စေဘဲ ဝန်ဆောင်မှုဆက်လက်ပေးဆောင်နိုင်ရန် အရန် ငွေကြေးထားရှိမှုကို စီမံဆောင်ရွက်နိုင်ခြင်း၊

(စ)     NUGPay USDT Phase One ကာလအတွက် ငွေလဲလှယ်နှုန်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ မှစ၍ လစဉ်ကြေညာပေးလျက်ရှိပါသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank)

နွေဦးဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံအတွက် ပထမဆုံးသော လွတ်လပ်လုံခြုံခြင်း၊ ပကတိ ဧကန် ပေးစွမ်းနိုင်သည့် အနာဂတ်စံချိန်စံညွှန်းများနှင့် အမှီအခိုကင်းသည့် ဒီဂျစ်တယ်စနစ် ဝန်ဆောင်မှု ခေတ်သစ်တစ်ခေတ် ဖြစ်ပါသည်။ လုံခြုံမှုအဖြစ်ဆုံးစနစ်ကို အခြေခံသည့် ဘလောက်ချိန်း နည်းပညာ ဖြင့် တည်ဆောက်ထား၍ ပြည်သူ့ဘဏ္ဍာဓနဥစ္စာများကို ယုံကြည်စိတ်ချစွာ စုဆောင်းစီမံနိုင်ရေး အတွက် ရပ်တည်ဆောင်ရွက်သွားမည့် ပြည်သူ့ဘဏ်စစ်စစ် ဖြစ်ပါသည်။ နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

(က)    ပြည်သူလူထု၏ ဓနဥစ္စာ လုံခြုံမှုကို အကာအကွယ်ပေးရန် ရွေးချယ်စရာ ဘဏ်အဖြစ် ရပ်တည်နိုင်ရန်နှင့် စစ်ကောင်စီသို့ ငွေကြေးဘဏ္ဍာ စီးဆင်းမှုများ ကြပ်တည်းလာစေရန်၊

(ခ)     တော်လှန်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေ သယံဇာတများကို လုံခြုံလွတ်လပ်စွာ ရှာဖွေမြှင့်တင်ပြီး လွယ်ကူစွာ စီမံခန့်ခွဲနိုင်ရန် အထောက်အပံ့ပေးသည့် ဘဏ်စနစ် ဖြစ်စေရန်၊

(ဂ)     တော်လှန်ရေးအလွန်ကာလ၌ အထူးအရေးပါသည့် နိုင်ငံနှင့် လူမှုစီးပွား ပြန်လည် ထူထောင်ရေး ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ပေးသည့် ထိပ်တန်းဘဏ်စနစ် ဖြစ်လာရန်။

 နွေဦးဖွံ့ဖြိုးရေးဘဏ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁-၆-၂၀၂၃) ရက်နေ့စွဲဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် ကြားကာလ ဗဟိုဘဏ်မှ စည်းမျဉ်း (၅) ချက်ခွင့်ပြုထားသည့် ဘဏ်လုပ်ငန်း နှင့် ငွေကြေးဝင်ဆောင်မှု တရားဝင်လိုင်စင် ရရှိထားပြီး ဖြစ်ပါသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ်ကို (၂၂-၇-၂၀၂၃) နေ့တွင် စတင်လည်ပတ်ခဲ့ပြီး ထိုသို့ စတင်လည်ပတ် သည့် day – 1 တွင် စာရင်းဖွင့်သူပေါင်း (၁၀၀၀) ပြည့်ခဲ့ပါသည်။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် နွေဦးဘဏ် အစုရှယ်ယာ (Token) ရောင်းချပွဲကို ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ လ (၁၇) ရက်နေ့မှ (၂၇) ရက်နေ့အတွင်း အစုရှယ်ယာ (Token) ဒေါ်လာ (၁၀) သန်းဖိုး ရောင်းချခဲ့ရာ တွင် ပြည်သူများ၏ တစ်ခဲနက်အားပေးမှုကြောင့် ဒေါ်လာ (၁၁.၈၅) သန်းအထိ ဝယ်ယူခဲ့ကြပါသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်ပေးနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများ။ နွေဦးဖွံ့ဖြိုးရေးဘဏ် တွင် အကောက်ဖွင့်လှစ်ထားသူများအနေဖြင့် အောက်ပါဝန်ဆောင်မှုလုပ်ငန်းများကို ရရှိနိုင်မည် ဖြစ်ပါ သည် –

(က)    အတိုးရယူပြီး ငွေစုဆောင်းနိုင်ခြင်း (Fixed Deposit)

(ခ)     ရွှေဝယ်ယူနိုင်သကဲ့သို့ ရွှေကိုအပ်နှံပြီး အတိုးရယူနိုင်ခြင်း (Gold Mart)

(ဂ)     နိုင်ငံခြားငွေကြေး (၁၁) မျိုးဖြင့် စိတ်ကြိုက်လဲလှယ်နိုင်ခြင်း၊

(ဃ)    နွေဦးဘဏ်အကောက်အချင်းချင်း လွှဲပြောင်းခပေးဆောင်ရန်မလိုဘဲ အချိန်မရွေး လွှဲပြောင်းနိုင်ခြင်း၊

(င)     အစုရှယ်ယာ ရောင်းချချိန်တွင် ဝယ်ယူနိုင်ခြင်းဖြင့် နွေဦးဘဏ်၏ အစုရှယ်ယာရှင် ဖြစ် ခွင့်ရှိခြင်း၊

(စ)     နွေဦးဘဏ်မှတစ်ဆင့် နွေဦးထီကံစမ်းနိုင်ခြင်းနှင့် NUG အစိုးရ၏ EOD, Early Partnership Program စသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတွင် လုံခြုံစိတ်ချစွာ ပါဝင်လုပ်ကိုင်နိုင်ခြင်း၊

နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ယနေ့အခြေအနေ (SDB today)။ နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ယနေ့အထိ Update အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

(က)    ဘဏ်၏ စီမံခန့်ခွဲမှုအောက်ရှိ ပုံသေပိုင်ဆိုင်မှု၊ အမေရိကန်ဒေါ်လာ သန်း၂၀ (20 million asset under management)

(ခ)     ဘဏ်တွင်အကောက်ဖွင့်၍ အသုံးပြုနေသူ ၁၅၅,၀၀၀ ဦး (Register User)

(ဂ)     လဲလှယ်နိုင်သည့် ငွေကြေးအမျိုးအစား (၁၁ မျိုး)၊ (MMK, USD, SGD, THB, GBP, AUD, MYR, EUR, JPY, KRW & Gold)

(ဃ)    ဘဏ်နှင့်လွယ်ကူစွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ၂၃ နိုင်ငံတွင် ပြည်သူ့ဓနဆက်ဆံရေး အရာရှိ (Relationship Manager – RM) ၁၈၀ ဦး

နွေဦးဖွံ့ဖြိုးရေးဘဏ်၏ လုပ်ငန်းဆောင်ရွက်ချက်များ။ နွေဦးဖွံ့ဖြိုးရေးဘဏ် စတင်တည်ထောင် ဖွင့်လှစ်နိုင်ခဲ့သည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အောက်ဖော်ပြပါလုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်-

(က)    ပထမဆုံးဆောင်ရွက်ခဲ့သည့် နွေဦးဘဏ် အစုရှယ်ယာ ရောင်းချပွဲတွင် အမေရိကန် ဒေါ်လာ (၁၁.၈၅) သန်းအထိ အောင်မြင်စွာ ရောင်းချနိုင်ခဲ့သည့်အတွက် နွေဦးဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် နွေဦးတော်လှန်ရေးအတွက် တိုက်ရိုက်ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

(ခ)     တော်လှန်ရေးအတွက် ထောက်ပံ့နိုင်ရန် Credit Line တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါ သည်။

(ဂ)     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၁၅) ရက်မှ ဒီဇင်ဘာလ (၁၁) ရက်နေ့အထိ စုစုပေါင်း (၂၇) ရက် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်နွေဦးဘဏ် အစုရှယ်ယာရောင်းချပွဲ ICO Round 2 သည် အမေရိကန်ဒေါ်လာ (၁၃.၄) သန်းနီးပါး ရောင်းချနိုင်ခဲ့ပြီး ပထမအကြိမ် ရောင်းချ မှု ICO Seed Round One တွင် ရရှိခဲ့သည့် အမေကန်ဒေါ်လာ (၁၁.၈၅) သန်းထက် ၁၂% ကျော် ပိုမိုတိုးတက်ရောင်းချနိုင်ခဲ့ပြီး ဘဏ်၏ မတည်ငွေရင်းကို ပိုမို မြှင့်တင်နိုင်ခဲ့ပါသည်။

(ဃ)    ဘဏ်နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဇူလိုင်လ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ အမြတ်ငွေ အမေရိကန် ဒေါ်လာ (၂၈၁,၀၀၀) ရရှိခဲ့ပြီး အမြတ်ဝေစုအားလုံးကို ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် အစုရှယ်ယာရှင် များအားလုံးသို့ ခွဲဝေပေးပြီးဖြစ်ပါသည်။

(င)     အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ပါဝင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ အတွက် ဘဏ်လုပ်ငန်းဖြင့် ကူညီပံ့ပိုးပေးနိုင်ခဲ့ပါသည်။

(စ)     ဘဏ်နှင့်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၅-ခုနှစ်၊ နှစ်သစ်ကူးမှစ၍ စာရင်းသေအပ်နှံမှု အတိုးနှုန်းများကိုလည်း တိုးမြှင့်ပေးသွား မည် ဖြစ်ပါသည်။

(ဆ)    နွေဦးဖွံ့ဖြိုးရေးဘဏ်သည် ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့မှစ၍ ကမ္ဘာ Exchange ဈေးကွက်ဖြစ်သည့် MEXC တွင် တရားဝင်စာရင်းဝင်သွားပြီဖြစ်၍ နွေဦးဘဏ်မှ ရောင်းချ သည့် အစုရှယ်ယာတုံကင်များကို MEXC တွင် ခရစ်စတိုငွေကြေးအဖြစ် ရောင်းဝယ်လဲ နိုင်ပြီ ဖြစ်ပါသည်။

(၆) လူထုဆက်ဆံရေးနည်းလမ်းအရ ဆောင်ရွက်ချက်များ

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သတင်းအချက်အလက် သတင်းစကားများ စနစ်တကျ စီမံခန့်ခွဲ၊ ဆက်သွယ်၊ ထုတ်ပြန်ခြင်းအားဖြင့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံ ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်ဟူသည့် ရည်ရွယ် ချက်ကို ပြီးမြောက်စေရန်အတွက် လိုအပ်သည့် စုဖွဲ့ဖွဲ့စည်းမှုများ ပြုလုပ်ကာ ဆောင်ရွက်လျက် ရှိပါ သည်။ အဆိုပါ လုပ်ငန်းများအတွက် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့ ဦးဆောင် ဖွဲ့စည်းထားသော မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့် လူထုဆက်ဆံရေးယူနစ် (SCPRU) က အဓိက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါသည်။

SCPRU တွင် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ပြင်ပ ပညာရှင်များ ပါဝင်ဖွဲ့စည်းထားပြီး အတွင်းရေးမှူးအဖွဲ့ကို ထားရှိဆောင်ရွက်လျက်ရှိပါသည်။ SCPRU ၏ အောက်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနများခွဲကာ လုပ်ငန်းများလုပ်ကိုင်လျက်ရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ၏ မီဒီယာချန်နယ်ဖြစ်သော ပြည်သူ့အသံရုပ်သံ (Public Voice Television – PVTV) နှင့်လည်း ချိတ်တွဲဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် သတင်းမီဒီယာများ၊ မဟာမိတ် တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ကာ ပြည်သူ့ဆက်ဆံရေး ဆိုင်ရာလုပ်ငန်းများကို ညှိနှိုင်းတိုင်ပင် ဆောင်ရွက်လျက် ရှိပါသည်။

SCPRU ၏ စီမံကွပ်ကဲမှုအောက်ရှိ သတင်းရုံး (Press Office) အနေဖြင့်  သတင်းစာရှင်းလင်းပွဲ များ စီမံဆောင်ရွက်ခြင်း၊ သတင်းမီဒီယာများမှ မေးမြန်းလာသည်များကို ဝန်ကြီးဌာနများနှင့် ချိတ်ဆက် ဖြေကြားခြင်း၊ ထူးခြားဖြစ်စဉ်များနှင့်ပတ်သက်ပြီး အချက်အလက်စုဆောင်းကာ သတင်းလွှာများ ပြုစု ပေးပို့ခြင်း၊ သတင်းရယူလိုသော သတင်းမီဒီယာများနှင့် မြေပြင်တပ်ဖွဲ့များ ချိတ်ဆက်ကာ ခရီးစဉ်များ စီစဉ်ပေးခြင်း၊ မြန်မာ့နိုင်ငံရေးသတင်းများ၊ စစ်အုပ်စု၏ လှုပ်ရှားမှုသတင်းများကို ပုံမှန်စောင့်ကြည့်ကာ တာဝန်ရှိသူများအား တင်ပြအစီရင်ခံခြင်းနှင့် အခြားလိုအပ်သော လုပ်ငန်းဆောင်တာများကို ဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းများ နိုင်ငံတကာ မီဒီယာများတွင် စဉ်ဆက် မပြတ် ပါဝင်နေစေရေးအတွက် နိုင်ငံတကာမီဒီယာများတွင် သတင်းဆောင်းပါးများ ရေးသားခြင်း၊ သတင်းအချက်အလက် ချိတ်ဆက်ပေးပို့ခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

SCPRU ၏ စီမံကွပ်ကဲမှုအောက်ရှိ Online Platform Management Team အနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့်သက်ဆိုင်သော ဝပ်ဆိုဒ်နှင့် အွန်လိုင်းစာမျက်နှာများကို ကိုင်တွယ် ကာ ပြည်သူလူထုသို့ သတင်းစကားပေးသည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။

သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးရှိ သတင်းအချက်အလက်တာဝန်ခံ (Chief Information Officer – CIO) များနှင့် ချိတ်ဆက်ကာ ဝန်ကြီးဌာနအချင်းချင်းကြား သတင်းအချက်အလက်များ စဉ်ဆက်မပြတ် စီးဆင်းနိုင်ရေးကိုလည်း Group CIO Office ထားရှိ၍ ဆောင်ရွက်လျက်ရှိပါသည်။

Public Voice Television (PVTV) အနေဖြင့်လည်း နေ့စဉ်သတင်းအပါအဝင် ပုံမှန် ထုတ်လွှင့် နေကျ အစီအစဉ်များအပြင် အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးဌာနများ၊ တော်လှန်ရေး မဟာမိတ် များ၏ ရုပ်သံများကို ရိုက်ကူးတည်းဖြတ်ပေးခြင်း၊ ထုတ်လွှင့်တင်ဆက်ပေးခြင်းများကို ပြုလုပ်လျက် ရှိပါသည်။

PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏

Youtube Channel – youtube.com/pvtvmyanmar 

Facebook Page – facebook.com/pvtvmyanmar

Telegram Channel – t.me/pvtvmyanmar တို့တွင် ပုံမှန်ထုတ်လွှင့်တင်ဆက်လျက်ရှိသလို PSI Satellite များတွင် ထုတ်လွှင့်လျက်ရှိသော DVB နှင့် Mizzima တို့၏ ရုပ်သံ Channel များတွင်လည်း နေ့စဉ်ပုံမှန် ထုတ်လွှင့်ပြသလျက် ရှိပါသည်။ CRPH၊ NUCC အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၊ အခြားတော်လှန်ရေးမဟာမိတ်များ၏ အခမ်းအနားများ၊ တိုက်ရိုက်ထုတ်လွှင့်မှုများကိုလည်း Crosspost တွဲချိတ်ကာ ထုတ်လွှင့်ပေးလျက်ရှိပါသည်။ PVTV နှင့် Crosspost ချိတ်တွဲထားသော လူမှုကွန်ယက် စာမျက်နှာ (၃၈၂) ခု ရှိပါသည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များ၊ စစ်ရုံးချုပ်၏ ရုံးပိုင်းဆိုင်ရာ တာဝန်ထမ်းဆောင်နေသူ များနှင့် တော်လှန်အနုပညာရှင်များ အပြန်အလှန် ခွန်အားမျှကြသည့် အစီအစဉ်ကို ပြုလုပ်လျက် ရှိပါ သည်။

အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများအနေဖြင့် ဝန်ကြီးဌာနများနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ အခြားတော်လှန်ရေးနှင့် သက်ဆိုင်သည့် အချက်အလက်များကို နေရာတစ်ခုတည်း တွင် သွားရောက်ကြည့်ရှုနိုင်သည့် Data Dashboard တစ်ခုကိုလည်း ပြုလုပ်ဆောင်ရွက်လျက် ရှိပါ သည်။

SCPRU ၏ ပုံမှန်အစည်းအဝေးကို အပတ်စဉ်၊ အတွင်းရေးမှူးများအစည်းအဝေးကို အပတ်စဉ်၊ ဝန်ကြီးဌာနများနှင့် အစည်းအဝေးကို လစဉ်ပြုလုပ်ကာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သော ကြားဖြတ်အစည်းအဝေးများကိုလည်း အလျဉ်းသင့်သလို ခေါ်ယူဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတကာအနေဖြင့် မြန်မာ့နွေဦးတော်လှန်ရေးနှင့်ပတ်သတ်ပြီး အသေးစိတ်အကြောင်းအရာ များ ပြည့်ပြည့်စုံစုံသိနိုင်ရန်အတွက် ဗီဒီယို၊ Analysis and research paper ၊ ဓာတ်ပုံများနှင့် အများသိစေလိုသော အချက်အလက်ပေါင်းရာကျော်ပါ၀င်သော နွေဦးတော်လှန်ရေးတစုံလုံးစာ spring revolution website ကို ဆောင်ရွက်နေပြီး မကြာမီ ထုတ်လွှင့်တင်ဆက်ရန် ရှိပါသည်။

နိဂုံး

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထက်ဖော်ပြပါကဏ္ဍကြီး (၆) ရပ်ကို အချိတ်အဆက် မိမိ ဟန်ချက်ညီညီဖြင့် တော်လှန်ရေး လျင်မြန်စွာအောင်မြင်စေရေး ရှေးရှုလျက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သလို တော်လှန်ရေးအင်အားများအားလုံးနှင့် လက်တွဲပူးပေါင်းလျက် စနစ် ပြောင်းရေးကို ဦးတည်သည့် ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲရာတွင် ချမှတ်ထားသော မဟာဗျူဟာ ဦးတည်ချက်(၆)ချက်ကိုလည်း မဟာမိတ်အဖွဲ့အစည်းများအားလုံးနှင့်အတူ လက်တွဲလျက် မမှိတ်မသုန် ဆက်လက်ကြိုးစားအကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း၊ ဒေသအလိုက် လွတ်မြောက်မှုမှ သည် ပြည်ထောင်စုတခုလုံး လွတ်မြောက်သည်အထိ တစိုက်မတ်မတ်ကြိုးစားသွားမည် ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

Scroll to Top