Home / အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖွဲ့စည်းမှုအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် တင်သွင်းအတည်ပြုခဲ့ပြီး ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ကတိပြု ကျမ်းသစ္စာဆို

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖွဲ့စည်းမှုအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် တင်သွင်းအတည်ပြုခဲ့ပြီး ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ကတိပြု ကျမ်းသစ္စာဆို

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖွဲ့စည်းမှုအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် တင်သွင်းခြင်း၊ အတည်ပြုခြင်းနှင့် ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ကတိသစ္စာပြု ကျမ်းသစ္စာ ကျိန်ဆိုခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း က နှုတ်ခွန်းဆက်စကားပြောကြားခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖွဲ့စည်းမှုအား ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန် ပေးအပ်ခြင်းခံရသည့် ဒေါက်တာ ဇော်ဝေစိုး၊ ပညာရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းခံရသည့် ဂျာထွယ်ပန်၊ ကျန်းမာရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း ခံရသည့် ဒေါက်တာ ရွှေပုံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးများအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းခံရသည့် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းနှင့် ဒေးဗစ်ဂွမ်အောင်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းခံရသည့် ဦးကျော်နီတို့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိပြု ကျမ်းသစ္စာ ဆိုခဲ့ကြသည်။

ထို့နောက် ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက အသီးသီး နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ က နိဂုံးချုပ်စကား ပြောကြားခဲ့ကာ အခမ်းအနားအား ၁၁:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် တော်လှန်ရေး၏ လိုအပ်ချက်အရ ဝန်ကြီးဌာန (၁၀) ခုဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး တို့ကို ထပ်မံဖွဲ့စည်းခဲ့ပြီး စုစုပေါင်း ဝန်ကြီးဌာန (၁၇) ခုဖြင့် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေကြပါသည်။

ယခု တော်လှန်ရေးကာလ (၄) နှစ်ကျော် (၅) နှစ်ကာလသို့ ရောက်ရှိလာချိန်တွင် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဖွဲ့စည်းပြီး သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ကာ လက်ရှိဖွဲ့စည်းထားသည့် ဝန်ကြီးဌာနများနှင့် လုပ်ငန်းသဘောတူညီသော ဌာနများကို ကျစ်ကျစ်လျစ်လျစ်ဖြစ်စေရန် ပေါင်းစည်းခြင်း၊ အချို့ဝန်ကြီးဌာနများကို တော်လှန်ရေးကာလအတွင်း ဆောင်ရွက်နိုင်ဖို့ အခက်အခဲ၊ စိန်ခေါ်မှုများစွာ ရှိနေသည့်အတွက် ရပ်နားခြင်း၊ အချို့ဝန်ကြီးဌာနများကို ဝန်ကြီးဌာနအသွင်မဟုတ်ဘဲ ကျစ်ကျစ်လစ်လစ် စီမံခြင်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးကာလအတွင်း လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဝန်ကြီးဌာန (၁၇) ခုမှ (၁၂) ခုသို့ ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ ဖွဲ့စည်းပုံကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တင်သွင်းခဲ့သည်။

ထို့အပြင် ဝန်ကြီးဌာန လျှော့ချခြင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရအတွက် ပိုမိုစနစ်တကျ လုပ်ဆောင်ရန်လိုအပ်နေသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကိုလည်း စနစ်တကျ ပြန်လည် သုံးသပ်ခြင်း၊ များပြားလွန်းသည့် ကော်မတီ၊ ကော်မရှင်များကိုလည်း ကျစ်ကျစ်လျစ်လျစ်ဖြင့် ဖွဲ့စည်းပြီး ထိထိရောက်ရောက် အလုပ်လုပ်နိုင်စေရန်အတွက်လည်း ပြုပြင်ပြောင်းလဲရေးကော်မရှင်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တင်ပြခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top