Home / အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ ဇွန်လ (၁) ရက်

ယနေ့ကျင်းပပြုလုပ်သည့် ဒသမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ကြွရောက်လာကြသော အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ အလှည့်ကျ သဘာပတိနှင့်တကွ ကောင်စီဝင်များ၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းများ၊ တော်လှန်ရေး ရဲဘော် ရဲဘက်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ရှေးဦးစွာ နှုတ်ခွန်းဆက်သ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်အနေဖြင့် ပြည်သူ့ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့် လွှတ်တော်တစ်ရပ်၏ ဂုဏ်သိက္ခာကို တန်ဖိုးထား လေးစားလျက် ဥပဒေပြုရေးကဏ္ဍအပါအဝင် လွှတ်တော်လုပ်ငန်းစဉ်များကို အခက်အခဲများစွာကြားမှ မဆုတ်မနစ် ဆက်လက်ဖော်ဆောင် နေခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ပြည်သူ့အာဏာကို ပြည်သူ့ထံ၌သာ တည်တံ့ရှင်သန်နေစေရန် ယနေ့အချိန်ထိ တာဝန်သိစိတ်၊ ဇွဲလုံ့လ၊ သတ္တိအပြည့်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြသော လွှတ်တော်ကိုယ်စားလှယ် ကြီးများ အားလုံးကိုလည်း လှိုက်လှဲစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

(၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံက ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီအား မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားပြုအဖွဲ့အဖြစ် ဆုံးဖြတ် အသိအမှတ် ပြုခဲ့ခြင်းသည် ပြည်သူလူထု၏ ဆန္ဒနှင့် ဒီမိုကရေစီတန်ဖိုးများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ခံမှုကို ထင်ရှားစွာ ဖော်ပြနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်အနေဖြင့် ပြည်သူလူထု၏ ဆင့်လွှဲအာဏာကို ဆက်လက်ကိုင်စွဲလျက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တော်လှန်ရေးအပေါ် ပိုမိုနားလည်သဘောပေါက်လာစေရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါသည်။ အထူးအားဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းထောင်အသီးသီးတွင် မတရား အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် တိုင်းရင်းသား ပြည်သူလူထုနှင့်အတူ အစွမ်းကုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

ယနေ့အချိန်တွင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် နိုင်ငံတဝှမ်း၌ ပြင်းထန်သော စစ်ရေး ဖော်ဆောင်မှုများဖြင့် ပြည်သူလူထုကို အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်လျက်ရှိနေပြီး ၎င်းတို့ ဖွဲ့စည်းထားသော တရားမဝင်အုပ်ချုပ်ရေး ယန္တရားအား နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း တရားဝင်မှုရရှိစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တစ်ဖက်တွင်လည်း ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများအပေါ် စစ်ရေး၊ စီးပွားရေးအစရှိသည့် အမျိုးမျိုးသော ဖိအားများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ၄င်းတို့အာဏာ ဆက်လက် ဆုပ်ကိုင်နိုင်ရေး အတွက် တိုင်းပြည်နှင့်လူထုမျက်နှာ မထောက်ထားကာ ရက်စက်မှုများ နေ့စဉ်ဆက်တိုက် ကျူးလွန်လျက်ရှိပါသည်။

သို့ရာတွင် ပြည်သူလူထု၏ ထောက်ခံမှုအပေါ် အခြေခံသော တော်လှန်ရေးအင်အားစုများ အနေဖြင့်လည်း စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍအသီးသီးတွင် ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် ထောက်ခံမှုများကို ဆက်လက်ရရှိဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း မြန်မာ့အရေးအပေါ် နားလည်သဘောပေါက်မှုများ တိုးတက်လာ စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်များ အားလည်း ကျေးဇူးတင် အသိအမှတ်ပြုကြောင်း ဖော်ပြအပ်ပါသည်။

တော်လှန်ရေးအင်အားစုများအကြား စုစည်းညီညွတ်မှုကို ပိုမိုအားကောင်းလာစေရန်နှင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးလုပ်ဆောင်ချက်များကို ပိုမိုထိရောက်စွာ ပေါင်းစပ်နိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် မတ်လ (၃၀) ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF) ကို အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ခြင်းမှာ သမိုင်းဝင်နိုင်ငံရေး အောင်မြင်မှုတစ်ရပ် ဖြစ်ပါသည်။ ယင်းစုဖွဲ့မှုသည် ကျွန်ုပ်တို့အားလုံး၏ နိုင်ငံရေးရင့်ကျက်မှု၊ အပြန်အလှန်ယုံကြည်မှုနှင့် စုပေါင်းတာဝန်ယူမှုကို ထင်ဟပ်ပြသနိုင်ခဲ့သည့် အရေးကြီးသော ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါသည်။

SCEF အနေဖြင့် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး အပါအဝင် နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဟူသော အဓိကကဏ္ဍကြီး (၄) ရပ်ကို ဦးတည်လျက် အရှိန်အဟုန်ကောင်းမွန်စွာ ချီတက်ဆောင်ရွက် လျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း နိုင်ငံရေးနည်းလမ်းများသာမက စစ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ နည်းလမ်းများဖြင့်လည်း ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းစဉ်များအကြား ချိတ်ဆက်မှုအားကောင်းစေရန် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားမဟာမိတ်များ၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါသည်။

အကြမ်းဖက်စစ်အုပ်စုအား အပြီးတိုင် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပ နိုင်ငံရေးလှုပ်ရှားမှုများကို အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်၍ နိုင်ငံရေးဖိအားများ ပိုမို တိုးမြှင့်ဆောင်ရွက်ကြရန်၊ အတုအယောင်နိုင်ငံရေးထွက်ပေါက်များနှင့် တရားဝင်မှု ရရှိရေး လှည့်ဖြားလုပ်ဆောင်နေသည့် ကြိုးပမ်းချက်များအား အားလုံးဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အာမခံသော ဥပဒေများ၊ မူဝါဒများကို ကြိုတင်ပြင်ဆင် အတည်ပြုနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ ဆက်လက် ဦးဆောင် ကြိုးပမ်းဆောင်ရွက်ပေးပါရန် လေးစားစွာ နှိုးဆော်အပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ကျွန်ုပ်တို့၏ တော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရုံ သာမက အနာဂတ်မျိုးဆက်များအတွက် တရားမျှတမှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ငြိမ်းချမ်းသာယာမှု အခြေပြုသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး အတွက်ဖြစ်ကြောင်း အလေးအနက် ပြောကြားလိုပါသည်။ ထိုရည်မှန်းချက်များ အောင်မြင်နိုင်ရေး အတွက် ကျွန်ုပ်တို့အားလုံး စည်းလုံးညီညွတ်စွာ၊ ယုံကြည်ချက်ခိုင်မာစွာဖြင့် ဆက်လက် ချီတက်ကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။

Scroll to Top