Home / လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးသို့ ပေးပို့သော သဝဏ်လွှာ

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးသို့ ပေးပို့သော သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်

လေးစားအပ်ပါသော လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ်များ၊

လေးစားအပ်ပါသော လုပ်ဖော်ဆောင်ဖက် မိတ်ဆွေများနှင့် လွှတ်တော်ကိုယ်စားလှယ်များ

လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ ဒသမအကြိမ် အွန်လိုင်းအစည်းအဝေး ကျင်းပနိုင်ခြင်းအတွက် အထူးဝမ်းမြောက်ဂုဏ်ယူကြောင်း ဦးစွာ ပြောကြားလိုပါသည်။ ကျွန်ုပ်တို့အနေဖြင့် ယနေ့ အစည်းအဝေးတွင် လူကိုယ်တိုင် ပါဝင်တက်ရောက်နိုင်ခြင်းမရှိသော်လည်း မြန်မာပြည်သူများနှင့်အတူ ရပ်တည်သည့် ကျွန်ုပ်တို့၏ သွေးစည်းညီညွတ်မှုမှာ မပြောင်းလဲဘဲ ခိုင်မြဲစွာ တည်ရှိနေပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သည့် တရားမဝင် စစ်အာဏာသိမ်းမှုမှစ၍ ယနေ့အချိန်အထိ ၅ နှစ်ကျော် ကြာမြင့်လာခဲ့ပြီးဖြစ်သည့်အပြင် အခက်အခဲများနှင့် ခုခံတော်လှန်မှုကို နှစ်စဉ် ကြုံတွေ့ခဲ့ကြရသော်လည်း မြန်မာပြည်သူပြည်သားများ၏ ဒီမိုကရေစီမျှော်လင့်ချက်များနှင့် ယုံကြည်ချက်များကို ပျောက်ကွယ်သွားအောင် လုပ်နိုင်ခဲ့ခြင်းမရှိဘူး။ ထိုမျှော်မှန်းချက်များသည် ပြည်သူများက ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းဆောင်ရွက်မှုများအတွင်း၌လည်းကောင်း၊ စစ်အုပ်ချုပ်ရေးကို ဆက်လက် ခုခံတော်လှန်နေကြသော မြန်မာနိုင်ငံအနှံ့အပြားရှိ အသိုင်းအဝိုင်းများအတွင်း၌လည်းကောင်း ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များကို မြန်မာနိုင်ငံ၏ အမှန်တကယ် တရားဝင် ကိုယ်စားလှယ်များအဖြစ် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုခဲ့ခြင်းကို ကျွန်ုပ်တို့ ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ ဤသည်မှာ မည်သည့်အတုအယောင်လွှတ်တော်တစ်ရပ်ကမျှ ပြည်သူလူထု၏ စစ်မှန်သောဆန္ဒကို အစားထိုးနိုင်မည် မဟုတ်ကြောင်း ထင်ရှားစွာ ပြသလိုက်သည့် အရေးပါသော သင်္ကေတတစ်ခုလည်း ဖြစ်ပါသည်။

ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်းနိုင်ခဲ့ခြင်းကိုလည်း ကျွန်ုပ်တို့ ကြိုဆိုပါသည်။ ယင်းသည် မြန်မာနိုင်ငံနှင့် ထိုက်တန်သည့် စည်းလုံးညီညွတ်မှုရှိသော၊ အားလုံးပါဝင်နိုင်သော၊ ပြည်သူကိုဗဟိုပြုသော ဖက်ဒရယ် ဒီမိုကရေစီစနစ်တစ်ရပ် ထူထောင်နိုင်ရေးအတွက် အဓိပ္ပာယ်ရှိသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ APHR အနေဖြင့် တိုင်းရင်းသားလူမျိုးစုအသိုင်းအဝိုင်းများ၊ အမျိုးသမီးခေါင်းဆောင်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အသံများကို မြှင့်တင်ပေးလျက် အောက်ခြေမှအထက်သို့ တည်ဆောက်သော ဖက်ဒရယ်စနစ်ကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် SCEF နှင့် ဆက်လက် ထိတွေ့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်လက်ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေဆဲဖြစ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီးအတွက် ကျွန်ုပ်တို့ အလွန်အမင်း စိုးရိမ်ပူပန်လျက် ရှိပါသည်။ လက်ရှိတွင် လူပေါင်း (၂၂) သန်းကျော်သည် အကူအညီများ လိုအပ်လျက် ရှိကြပါသည်။ ၎င်းတို့သည် ကိန်းဂဏန်း၊ စာရင်းဇယားများ မဟုတ်ကြပါ။ ၎င်းတို့သည် လူ့အသက်များ ဖြစ်ကြပါသည်။ APHR အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များအား အရပ်သားများကို ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လက်လှမ်းမီ ရရှိနိုင်ရေးနှင့် ပြစ်မှုကျူးလွန်ခြင်းအတွက် တာဝန်ခံမှု ရှိစေရေးတို့ကို ဦးစားပေးဆောင်ရွက်ကြရန် ဆက်လက်တိုက်တွန်းသွားပါမည်။
ထို့ပြင် ကျယ်ပြန့်သော အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကြားတွင် အတုအယောင် ရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့သည့် စစ်တပ်သည် ယခုအခါ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းထံမှ တရားဝင်မှုရရှိရန် မိမိကိုယ်ကို အရပ်သားအစိုးရတစ်ရပ်အဖြစ် အသွင်ပြောင်းတင်ပြရန် ကြိုးပမ်းနေခြင်းအပေါ် ကျွန်ုပ်တို့ အလွန်အမင်း စိုးရိမ်မိပါသည်။

သေနတ်ဖြင့် ခြိမ်းခြောက်ချုပ်ကိုင်ထားသော အခြေအနေအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲများသည် ပြည်သူလူထု၏ ဆန္ဒကို ကိုယ်စားမပြုနိုင်ပါ။ အလားတူ ယူနီဖောင်း ပြောင်းလဲဝတ်ဆင်လိုက်ခြင်းက အုပ်ချုပ်မှုစနစ် ပြောင်းလဲသွားသည်ဟု မဆိုလိုပါ။ ထို့ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယင်းကြိုးပမ်းမှုများကို ငြင်းပယ်ကြရန်နှင့် စစ်တပ်ဦးဆောင်သော အစိုးရကို အသိအမှတ်ပြုခြင်း မပြုကြရန် ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံကို မေ့လျော့ထား၍ မရပါ။ APHR သည် မြန်မာပြည်သူလူထုနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်နေပါသည်။ ပြည်သူလူထု၏ တရားဝင် ဥပဒေပြုရေးအသံအဖြစ် CRPH နှင့်အတူ လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ စသည့် လူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်လျက် တရားမျှတသော၊ ငြိမ်းချမ်းသော၊ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တစ်ရပ် ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသူအားလုံးနှင့်အတူလည်းကောင်း ကျွန်ုပ်တို့ ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါသည်။

လူကြီးမင်းပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ အတူတူရှိနေပါတယ်။ ကျေးဇူးတင်ပါသည်။

Scroll to Top