Home / (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားသည့် အောက်မေ့ဖွယ်အမှတ်တရစကား

(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားသည့် အောက်မေ့ဖွယ်အမှတ်တရစကား

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်(တနင်္ဂနွေနေ့)
 
(၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်နေတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) မှ ခေါင်းဆောင်ကြီးများ၊ တော်လှန်ရေးအင်အားစုများ၊ ကြားကာလပြည်နယ်/ဖက်ဒရယ်ယူနစ်များနဲ့ နိုင်ငံရေးပါတီများ မှ ခေါင်းဆောင်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်ကြီးများ၊ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင် များ၊ နိုင်ငံတကာသံတမန်များနှင့် ဧည့်သည်တော်များ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြ တဲ့ တိုင်းရင်းသားမိဘပြည်သူများအားလုံး ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေကြောင်း ဆန္ဒပြုရင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
 
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့ရတာ ဒီကနေ့ဆိုရင် (၇၉) နှစ်မြောက် ဖြစ်ပါတယ်။ နှစ်တွေ ဘယ်လောက်ပဲ ကြာကြာ ကျွန်တော်တို့ရဲ့ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်လို့မရတဲ့၊ မေ့ပျောက်စကောင်းတဲ့ အရာလည်းမဟုတ်တဲ့ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အမျိုးသားရေးသတိကို နှိုးဆော်ပေးတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။
 
ပထမဦးစွာ အသက်၊ သွေး၊ ချွေးတွေကို ပေးဆပ်ပြီး တိုင်းပြည်လွတ်လပ်ရေး အုတ်မြစ်ကို ချမှတ်ပေးခဲ့ကြတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ သမိုင်းအဆက်ဆက် လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် သက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီနောင်သားများအပါအဝင် အာဇာနည် သူရဲကောင်းများ၊ ယနေ့နွေဦးတော်လှန်ရေးအထိ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အသက်ပေးဆပ်သွားကြတဲ့ ကျဆုံးလေပြီးသော အာဇာနည်ရဲဘော်အားလုံးကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ အလေးအနက် ဂါရဝပြု ဦးညွှတ်အပ်ပါတယ်။
 
လေးစားအပ်တဲ့ ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားပြည်သူများခင်ဗျား –
 
ကျွန်တော်တို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ ကိုယ်ကျိုးစီးပွားကို လုံးဝ ငဲ့ကွက်ခြင်းမရှိဘဲ တိုင်းပြည်နဲ့လူမျိုး လွတ်လပ်ဖို့၊ ဖိနှိပ်ချုပ်ချယ်မှုတွေအောက်က ပြည်သူလူထု ကို လွတ်မြောက်ဖို့အတွက်သာ ရှေ့တန်းတင် စဉ်းစားခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးများ မျိုးစေ့ချခဲ့တဲ့ နိုင်ငံရေးအမွေအနှစ်တွေ၊ လွတ်လပ်ပြီး တန်းတူ ရည်တူရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူတွေဟာ ဒီကနေ့ အထိ ကျွန်တော်တို့သွားရမယ့် လမ်းပြကြယ်တွေ ဖြစ်ပါတယ်။ ခေါင်းဆောင်ကြီးများရဲ့ ကျေးဇူး ဂုဏ်ဟာ နိုင်ငံသားတိုင်းရဲ့ နှလုံးသားထဲမှာ ကမ္ဗည်းမော်ကွန်း ထင်ကျန်ရစ်ပြီး ဖြစ်ပါတယ်။
 
ဒါပေမဲ့ စစ်အာဏာရှင်အဆက်ဆက်ဟာ ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးတရားကို ကန့်ကွက်စော်ကားရုံတင်မကဘဲ ပြည်သူတွေရဲ့ရင်ထဲက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသား ခေါင်းဆောင်ကြီးများရဲ့ စိတ်ဓာတ်နဲ့ သမိုင်းမော်ကွန်းတွေကိုပါ ဖျောက်ဖျက်ပစ်ဖို့ အစဉ်တစိုက် ကြိုးစားခဲ့ကြပါတယ်။ ယခုနှစ်မှာဆိုရင် ဖက်ဆစ်စစ်တပ်ဟာ မြို့အများအပြားမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည်ကြီးများရဲ့ ရုပ်ထုတွေကို ညအမှောင် မီးဖျက်ပြီး လိုက်လံဖျက်ဆီး ဖြိုချနေကြတာကို စိတ်နှလုံးမချမ်းမြေ့ဖွယ် တွေ့မြင်နေရပါတယ်။ တကယ်တော့ ဒီလုပ်ရပ် ဟာ သူတို့တွေကိုယ်တိုင်က အစိုးရတစ်ရပ်မဟုတ်တဲ့ အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သက်သေ ထင်ရှား ပြသနေတာပဲ ဖြစ်ပါတယ်။ 
 
သမိုင်းအမှန်ကို ကြောက်ရွံ့နေတဲ့ စစ်အာဏာရှင်တွေဟာ ရုပ်ဝတ္ထုပစ္စည်းဖြစ်တဲ့ ကြေးရုပ်ထုတွေကို ဖျက်ဆီးပစ်နိုင်ကောင်း ပစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်၊ ခေါင်းဆောင်ကြီးတွေရဲ့ အမျိုးသားရေးအသိနဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့ စိတ်ဓာတ်တွေကိုတော့ ဘယ်တော့မှ ဖျက်ဆီးလို့ရမှာ မဟုတ်ပါဘူး။ 
 
တိုင်းပြည်နဲ့ လူမျိုးကို နှစ်ပေါင်းများစွာ ဖိနှိပ်အမြတ်ထုတ်နေကြတဲ့ စစ်အာဏာရှင် တွေဟာ သူတို့ရဲ့ လူမဆန်တဲ့၊ အမျိုးသားရေးစိတ်ဓာတ်မရှိတဲ့ လုပ်ရပ်တွေကို ဒီလိုနည်းနဲ့ ဖုံးကွယ်နိုင်မယ်လို့ ဉာဏ်ရည်နည်းစွာ ယူဆနေဟန်တူပါတယ်။ ဒါပေမယ့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအပေါ် ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တိုင်းပြည်အနာဂတ်ကို ဖျက်ဆီးမှုတွေဟာ အထောက်အထားခိုင်မာစွာနဲ့ မှတ်တမ်းတင်ထားပြီး ရှိရုံမျှမက ပြည်သူလူထုရင်ထဲမှာလည်း အစဉ်ထာဝရ စွဲစွဲမြဲမြဲ ရှိနေပြီးသား ဖြစ်ပါတယ်။  ဒီလို ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကနေ အပြစ်မရှိသဖွယ် ရှောင်လွှဲသွားလို့ မရဘူးဆိုတာလည်း စစ်အာဏာရှင်တွေကို သတိပေးချင်ပါတယ်။ 
 
လေးစားအပ်တဲ့ ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားပြည်သူများခင်ဗျား–
 
အာဇာနည်နေ့ကို သမိုင်ဝင်ဝမ်းနည်းခြင်းနေ့တစ်နေ့အဖြစ်တင်မကဘဲ ခေါင်းဆောင် ကြီးတွေ မျှော်မှန်းခဲ့တဲ့၊ မပြီးပြတ်သေးတဲ့ အိပ်မက်တွေကို ဆက်လက်အကောင်အထည်ဖော် မယ့် သစ္စာဓိဋ္ဌာန်ပြုရာနေ့အဖြစ် ကျွန်တော်တို့ သတ်မှတ်ဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော် တို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်လင့်ခဲ့တာဟာ စစ်အာဏာရှင်တွေ အလိုရှိသလို တိုင်းပြည်ကို ဖျက်ဆီးခွင့်ရှိနေဖို့ မဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံး တန်းတူညီမျှပြီး ငြိမ်းချမ်းသာယာတဲ့၊ ကမ္ဘာ့အလယ်မှာ သိက္ခာရှိရှိ မတ်မတ်ရပ်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုနွေဦးတော်လှန်ရေးကြီးကနေ တိုင်းရင်းသားအင်အားစုများနဲ့ ပြည်သူတစ်ရပ်လုံးကလည်း စစ်မှန်ပြီး တန်းတူညီမျှတဲ့၊ ငြိမ်းချမ်း တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို လက်တွေ့ကျကျ ပုံဖော်ကြိုးပမ်းနေခြင်းလည်း ဖြစ်ပါတယ်။ 
 
ဒီနေရာမှာ ယာယီသမ္မတကြီးရဲ့ အမှတ်တရမိန့်ခွန်းမှာ ပြောကြားသွားတဲ့အတိုင်း မပြီးပြတ်သေးတဲ့ကိစ္စကို အောင်မြင်ပြီးမြောက်အောင် လုပ်တဲ့နေရာမှာ သွေးစည်းညီညွတ်ခြင်း၊ အပြန်အလှန်နားလည်ခြင်းနဲ့ ကြိုးစားအားထုတ်မှုတွေကိုမလျှော့ဘဲနဲ့ မဆုတ်မနစ် ဆက်လက် ဆောင်ရွက်သွားကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ 
 
တစ်ဖက်မှာလည်း အကြမ်းဖက်စစ်အုပ်စုဟာ အတုအယောင်လွှတ်တော်နဲ့ အမည်ခံ အရပ်သားအစိုးရသဏ္ဍာန်ပုံဖော်ပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့ ပြဿနာတွေကို လျစ်လျူရှုပြီး ပြည်သူတစ်ရပ်လုံး အတိဒုက္ခရောက်နေရမှုကို ထည့်မတွက်ဘဲနဲ့ အာဏာဆက်လက်ချုပ်ကိုင်ထားနိုင်ရေးအတွက် သာ ဆက်လက်ကြိုးပမ်းနေပါတယ်။ ဒါကြောင့် တကယ့်စစ်မှန်တဲ့ အဖြေကို ဖော်ထုတ်နိုင်ဖို့ ဆိုတာ စစ်အာဏာရှင်စနစ်ကို ဒီမြေကနေ အပြီးတိုင် ချုပ်ငြိမ်းနိုင်အောင် လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ဖြင့် မလုပ်နိုင်ပေမယ့်လို့ ဒီကနေ့ ပြည်သူ တစ်ရပ်လုံးက ဆန္ဒပြင်းပြနေချိန်၊ အင်အားစုများအကြား ပူးပေါင်းမှုတွေ ခိုင်မြဲနေချိန်မှာ အခွင့်အရေးတစ်ရပ်အဖြစ် ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းသွားကြရမှာလည်း သမိုင်းပေး တာဝန်တစ်ရပ် ဖြစ်ပါတယ်။ 
 
ကျွန်တော်တို့ အာဇာနည်ခေါင်းဆောင်ကြီးများက တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသလို ကျွန်တော်တို့အနေနဲ့လည်း တိုင်းပြည်နဲ့ပြည်သူကို စစ်အာဏာရှင် စနစ်ဆိုးအောက်နေ လွတ်မြောက်အောင်၊ ငြိမ်းချမ်းပြီး တိုးတက်ဖွံ့ဖြိုးတဲ့ အနာဂတ်ကို သမိုင်း အမွေအဖြစ် ပေးခဲ့နိုင်အောင် ကြိုးပမ်းသွားကြပါစို့လို့ ဒီကနေ့မှာ ထပ်လောင်း တိုက်တွန်းလိုပါ တယ်။ ကျွန်တော်တို့ ပြည်သူရဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ကျွန်တော် တို့ရဲ့ မဲဆန္ဒရှင်ပြည်သူလူထုအတွက် ကိုယ့်ကံကြမ္မာကို အကြောက်တရားမရှိ၊ ရဲရဲဝံ့ဝံ့ ပုံဖော် နိုင်မယ့် အခြေအနေမျိုးကို ဖန်တီးပေးနိုင်ဖို့ အင်အားစုအသီးသီးနဲ့အတူ ဆက်လက်ကြိုးပမ်းမှာ ဖြစ်ပါတယ်။ 
 
ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ အမျိုးသား ခေါင်းဆောင်ကြီးများရဲ့ အိပ်မက်ကို ကျွန်တော်တို့ အတူတကွ ပြတ်ပြတ်သားသား ဆက်လက် အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုပါတယ်။ တိုင်းပြည်ကို ဒုက္ခပင်လယ်ဝေအောင် လုပ်နေတဲ့၊ သမိုင်းကိုဖျက်ဆီးနေတဲ့ စစ်အာဏာရှင်စနစ် ဒီမြေပေါ်ကနေ အပြီးတိုင် ချုပ်ငြိမ်း သွားတဲ့အထိ၊ ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်တဲ့အထိ မိမိတို့ကျရာကဏ္ဍကနေ သွေးစည်းညီညွတ် စွာဖြင့် ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့လို့ လေးနက်စွာ တိုက်တွန်းဆော်ဩရင်း နိဂုံးချုပ်အပ်ပါတယ်။
 
အရေးတော်ပုံ မုချအောင်ရမည်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Scroll to Top