Home / အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ကမ္ဘာ့အလုပ်သမားနေ့ (May Day) အခမ်းအနားနှင့် အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေးနှင့် လျော့နည်းပပျောက်ရေး ဆိုင်ရာမူဝါဒ မိတ်ဆက်ခြင်းအခမ်းအနားတွင် CRPH အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်း ပြောကြားသည့် အမှာစကား

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ကမ္ဘာ့အလုပ်သမားနေ့ (May Day) အခမ်းအနားနှင့် အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေးနှင့် လျော့နည်းပပျောက်ရေး ဆိုင်ရာမူဝါဒ မိတ်ဆက်ခြင်းအခမ်းအနားတွင် CRPH အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်း ပြောကြားသည့် အမှာစကား

၁-၅-၂၀၂၆ (သောကြာနေ့)၊ နံနက် ၁၀၀၀ နာရီ (မြန်မာအချိန်)
 
ယနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့၊ မေဒေး အခမ်းအနားကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီ သမ္မတကြီးနှင့်တကွ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အခမ်းအနားကို တက်ရောက်လာကြတဲ့ မိဘပြည်သူများအားလုံးကို ကိုယ်စိတ်နှလုံး ရွှင်လန်းကျန်းမာကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒီနေ့ဟာဆိုလျှင် ကမ္ဘာတဝှမ်းမှာရှိတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာတို့ကို ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။ ဒီလိုအခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုယ်စား စကားပြောခွင့်ရတဲ့အတွက်လည်း များစွာ ဝမ်းမြောက်မိပါတယ်။
 
ယခုနှစ် ကမ္ဘာ့အလုပ်သမားနေ့ May day မှာ “လွတ်လပ်မှု၊ ဂုဏ်သိက္ခာနှင့် တရားမျှတမှု – မေဒေးမှသည် အစပြု” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများကို ပြန်လည်ဖော်ဆောင်နိုင်ရေး၊ အာဏာရှင်စနစ် ပပျောက်ရေးနှင့် တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ စွမ်းစွမ်းတမံ ပါဝင်နေကြတဲ့ အလုပ်သမားထုတစ်ရပ်လုံးကို ဂုဏ်ပြုလိုက်ရပါတယ်။
 
သင့်လျော်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးမှာ လူ့အခွင့်အရေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အလုပ်သမားများရဲ့ စီးပွားရေးနှင့် လူမှုရေးအသိုင်းအဝိုင်းကို ဖွံ့ဖြိုးတိုးတက်စေမယ့် သင့်လျော်မျှတတဲ့ လုပ်ခလစာရရှိရေး၊ လုံခြုံပြီး သဟဇာတဖြစ်တဲ့ လုပ်ငန်းခွင်ဖြစ်ရေးနှင့် လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးရေးတို့မှာ အရေးကြီးလှပါတယ်။
 
၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက်မှာ ကျွန်တော်တို့နိုင်ငံမှာ အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများ ဆိုးရွားစွာ ဆုံးရှုံးနေရပါတယ်။ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တွေဟာ လုံးဝ ပိတ်ပင်ခံထားရသလို အလုပ်သမားခေါင်းဆောင်များမှာလည်း မတရားဖမ်းဆီးထောင်ချခံနေရပါတယ်။ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် လူငယ်၊ လူရွယ်များကို အတင်းအဓမ္မဖမ်းဆီးစစ်မှုထမ်းခိုင်းခြင်းများကြောင့်လည်းကောင်း၊ စီးပွားရေးကျဆင်းလာမှုအခြေအနေနဲ့ အလုပ်အကိုင်ရှားပါးလာခြင်း စသည်ဖြင့် ကြုံတွေ့လာကြရတဲ့အခါမှာ အိမ်နီးချင်းနိုင်ငံများဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများကို တရားဝင်ကော၊ တရားမဝင်ပါ ထွက်ပြေးတိမ်းရှောင်လာကြရပြီး အလုပ်အကိုင်ရရှိဖို့ ကြိုးပမ်းနေကြရပါတယ်။
 
အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်း၊ ပြည်ပအလုပ်သမားများဟာ အရင်ကထက် ပိုမိုခက်ခဲတဲ့ အကျပ်အတည်းများကို ရင်ဆိုင်နေရပါတယ်။ ပြည်တွင်းမှာရှိတဲ့ အလုပ်သမားများကလည်း ကုန်ဈေးနှုန်းနှင့် လုပ်ခလစာမမျှတမှုတွေ၊ လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုနှင့် အခွင့်အရေး ဆုံးရှုံးမှုတွေ၊ စီးပွားရေးကျဆင်းမှုတွေကြောင့် အလုပ်ရုံများကို ရပ်တန့်စေပြီး အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။ ပြည်ပနိုင်ငံများတွင် လုပ်ကိုင်နေကြတဲ့ အလုပ်သမားများသည်လည်း တရားမဝင်လမ်းကြောင်းမှ သွားရောက်ရတဲ့သူတွေ တိုးပွားလာတဲ့အတွက် လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်ခံရခြင်းများ၊ ခံစားခွင့်ရှိတဲ့ လုပ်ခလစာနှင့် အခြားအကျိုးခံစားခွင့်များကို မရရှိခြင်း စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့နေရပါတယ်။ သို့သော်လည်း အခက်အခဲများ၊ ဖိနှိပ်မှုများကြားက စစ်အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ဖို့ ဆက်လက်ရုန်းကန်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားထုတစ်ရပ်လုံးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ အထူးပင် လေးစားဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။
 
မိမိတို့ အလုပ်သမားရေးရာကော်မတီအနေနဲ့ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များ ချိုးဖောက်ခံရမှုများအပေါ် စုံစမ်းကြားနာမှုများ ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များကို အခြေခံကာ ထိုင်းအစိုးရနှင့် ထိုင်းလွှတ်တော်ထံသို့ တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်သွားဖို့အတွက် ပြင်ဆင်လျက်ရှိကြောင်းကို လေးစားစွာ အသိပေးတင်ပြလိုပါတယ်။ ဒါဟာ ကျွန်တော်တို့ကော်မတီက အကန့်အသတ်များရှိပေမယ့် ကျွန်တော်တို့အလုပ်သမားများအတွက် တတ်နိုင်သမျှ ကာကွယ်ပေးနိုင်ဖို့၊ ကူညီပေးနိုင်ဖို့ ကြိုးပမ်းမှုတွေပဲဖြစ်ပါတယ်။ 
 
ဝန်ကြီးဌာနအနေနဲ့ အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေးနှင့် လျော့နည်းပပျောက်ရေးဆိုင်ရာမူဝါဒကို ဒီကနေ့မှာ တင်ပြမှာ သိရတဲ့အတွက်လည်း ကျွန်တော်တို့ အလုပ်သမားများစွာအတွက် ဝမ်းမြောက်မိပါတယ်။ နိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်စနစ်ဆိုး အသက်ရှည်နေသမျှ အလုပ်သမားထုအပါအဝင် မြန်မာပြည်သူများဟာ စစ်အာဏာရှင်များရဲ့ ဖိနှိပ်မှု၊ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုတွေကို ဆက်လက်ခံစားနေကြရဦးမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အားလုံးအတွက်၊ ပြဿနာအရပ်ရပ်အတွက် ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းသွားကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ 
 
အရပ်သားဝတ်ပြောင်းလဲပြီး တရားဝင်မှုရဖို့ ကြိုးစားနေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ အဲဒီအတုအယောင်ရွေးကောက်ပွဲကနေ တရားဝင်မှုရဖို့ ဖန်တီးပုံဖော်ထားတဲ့ လွှတ်တော်နဲ့ အစိုးရကိုလည်း ဒီကနေ့အထိတိုင် ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အသိအမှတ်ပြုထားခြင်း မရှိသေးပါဘူး။ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က မြန်မာပြည်သူတွေရဲ့ ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်းကို ပြီးခဲ့တဲ့ ဧပြီလမှာ ကျင်းပခဲ့တဲ့ (၁၅၂) ကြိမ်မြောက် ညီလာခံအတွင်းမှာ ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။ ဒီအောင်မြင်မှုဟာ ကျွန်တော်တို့ ၂၀၂၀ ပြည့်နှစ်၊  ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသာမက စစ်အာဏာရှင်စနစ်ကို ယနေ့ထိတိုင် နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြတဲ့ အလုပ်သမားထုအပါအဝင် အလွှာပေါင်းစုံက တော်လှန်ပြည်သူအပေါင်း၊ အင်အားစုအပေါင်းတို့ရဲ့ အောင်မြင်မှုဖြစ်တယ်ဆိုတာ ဒီကနေ့အခမ်းအနားမှာ ထပ်လောင်းပြောကြားလိုပါတယ်။
 
ဒီအောင်မြင်မှုဟာ ညီညွတ်ခြင်း၊ ကြံ့ခိုင်ခြင်းတို့ရဲ့ ပြယုဂ်ဖြစ်သလို ညီညွတ်ခြင်း၊ ကြံ့ခိုင်ခြင်းတွေနဲ့ ကျွန်တော်တို့ ကာလရှည်ကြာ မက်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ စည်ပင်ဝပြောမှုတွေရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားကြပါစို့လို့ တိုက်တွန်းရင်းနဲ့ပဲ နိဂုံးချုပ်အပ်ပါတယ်။ 
 
အလုပ်သမား၊ လယ်သမားနဲ့ ပြည်သူလူထုအပေါင်း ဘေးကင်းလုံခြုံကြပါစေ။ 
 
အားလုံးကို ကျေးဇူးတင်ပါတယ်။
Scroll to Top