Home / ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ကနဦး ဖွဲ့စည်းခြင်းနှင့် ထုတ်ပြန်ကြေညာခြင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားသည့် မိန့်ခွန်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ကနဦး ဖွဲ့စည်းခြင်းနှင့် ထုတ်ပြန်ကြေညာခြင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားသည့် မိန့်ခွန်း

၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်

ဒီကနေ့ကျင်းပတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ဖွဲ့စည်းခြင်း အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဋ္ဌ ခူဦးရယ်၊ ချင်းအမျိုးသားတပ်ဦးဥက္ကဋ္ဌ ပူဇင်းကျုန် (Pu Zing Cung)၊ KIO အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်နဲ့တကွ တက်ရောက်လာကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင် များ၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များ၊ တော်လှန်ရေးအင်အားစုများ ပြည်သူလူထုအားလုံး ဘေးရန်ကင်းကွာစွာနဲ့ တော်လှန်ရေးတာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

တော်လှန်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းကို စတင်လိုက်နိုင်တဲ့ အခါသမယမှာ စကား ပြောကြားခွင့်ရတဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုလို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းပေါ်ပေါက်လာနိုင်ရေးအတွက် လပေါင်းများစွာ အချိန်ပေး ညှိနှိုင်းကာ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးများအားလုံးကို  အထူး ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း လေးလေးနက်နက် ပြောကြားလိုပါတယ်။

တိုင်းရင်းသားများရဲ့ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံများနဲ့အတူ တော်လှန်ရေး ကာလ ၅ နှစ်တာ ဖြတ်သန်းပြီးတဲ့နောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို လေ့လာသုံးသပ်ပြီး ပြည်သူလူထုတရပ်လုံး လိုလားတောင့်တလျက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အောင်မြင်စွာ ပေါ်ထွန်းလာရေးကို ရည်မှန်းကာ မဖြစ်မနေလုပ်ဆောင်ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့အတူ စတင်လိုက်တဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ခြေတစ်လှမ်းစပြီးရင် နောက်ထပ် ခြေလှမ်းတွေ ဆက်လက်ပြီး လျှောက်လှမ်းသွားကြပါမှ ခရီးရောက်မှာဖြစ်သလို ရည်ရွယ်ရာ ဦးတည်ချက်ကလည်း သွေဖယ်လို့ မဖြစ်တာမို့ တည့်တည့်မတ်မတ် ဆက်လက်လျှောက်လှမ်းနိုင်စေဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းထိန်းကျောင်း ကြရမှာလည်းဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်ဆိုးကို အဆုံးသတ်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးရဲ့ အရင်းအနှီးကြီးမားတဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တာကြောင့် စုစည်းညီညွတ်မှု အပြည့်နဲ့ အားကုန်ထည့်ကာ တိုက်ပွဲဝင်သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဦးဆောင်ကောင်စီအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးလက်ခံထားကြတဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်တခုဆီသို့ တရားဝင်မှု၊ ညီညွတ်မှုနဲ့အတူ တာဝန်ခံမှု ရှိတဲ့ “ခေါင်းဆောင်မှု”နဲ့ ဦးဆောင်ညှိနှိုင်းပြီး တော်လှန်ရေးအောင်မြင်ရေးကို အကောင်အထည် ဖော်ဆောင် သွားဖို့ မဟာဗျူဟာ ရည်မှန်းချက် ထားရှိတဲ့အတိုင်း ဆက်လက်တွေ့ကြုံလာရမယ့် တော်လှန်ရေး အခင်း အကျင်းမှာလည်း ပြတ်သားတဲ့ ဦးဆောင်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ စတင်လိုက်တဲ့ခြေလှမ်းဟာ ခေါင်းဆောင်ကြီးများအနေနဲ့ ကျွန်တော်တို့ နိုင်ငံကို အနာဂတ်မှာ “ဘယ်လို နိုင်ငံအဖြစ် ထူထောင်ကြမလဲ၊ ဘယ်လိုနိုင်ငံအဖြစ် မြင်တွေ့လိုသလဲ၊ ဘယ်လောက် ငြိမ်းချမ်းစေချင်သလဲ၊ ဘယ်လောက် ဖွံ့ဖြိုးတိုးတက်စေချင်သလဲ” ဆိုတဲ့ နိုင်ငံရေး စိတ်စေတနာကောင်းများအပေါ် အခြေတည်ကာ ဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှု တွေ အရွေ့တွေ ဖြစ်ပေါ်လာဖို့ဆိုရင် လိုလားနေရုံ၊ မျှော်လင့်နေရုံနဲ့ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်ကို ဖော်ဆောင်နိုင်မှာ မဟုတ်သလို ဒီလိုမျှော်မှန်းတဲ့ပန်းတိုင် ရောက်ရှိဖို့အတွက် မယိမ်းယိုင်တဲ့ စိတ်ပိုင်းဖြတ်မှု နှင့်အတူ တွေ့ကြုံရသမျှကို အတူတကွ ရင်ဆိုင်ကာ အင်အားအပြည့်နဲ့လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေမှ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ အခုအချိန်ဟာ ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရတဲ့ တော်လှန်ရေး အဆက်ဆက်မှာ ပြည်သူလူထုရဲ့ တက်ကြွတဲ့ ပါဝင်မှုနဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအကြား စုစည်းညီညွတ်မှုများနဲ့အတူ အကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်နေတဲ့ အချိန် အခါဖြစ်ပြီး ဒီလိုတွန်းလှန်မှုဒဏ်ကို စစ်အုပ်စုအနေနဲ့လည်း ပြင်းပြင်းထန်ထန် ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံးရဲ့အင်အားကို ပိုမိုကျစ်လစ်အောင်တည်ဆောက်ဖို့လိုသလို တည်ဆောက်ပြီး သား အင်အားကိုပြိုကွဲစေနိုင်တဲ့ “ကျွန်တော်တို့အချင်းချင်းကြား ညီညွတ်မှု ပျက်ပြားခြင်းက ပေါ်ပေါက် လာနိုင်တဲ့ အတွင်းရန်၊  ပြင်ပသွေးခွဲသပ်လျှိုမှုကနေ ပေါ်ပေါက်လာနိုင်တဲ့ အပြင်ရန်”  ဒီရန် (၂) ပါးကြောင့် အားလုံးပါဝင်တဲ့ စုပေါင်းအင်အားကို အပျက်အစီးမခံဘဲ စိတ်ရှည်၊ သည်းခံမှုများနဲ့ ကျွန်တော်တို့ အချင်းချင်း ကြား နားလည်မှုတည်ဆောက်ကာ ပိုမိုကျယ်ပြန့်သော စုဖွဲ့မှုတွေနဲ့ တော်လှန်ရေးဦးတည်ရာကို အမြန်ဆုံး ရောက်ရှိအောင် ဆက်လက်လျှောက်လှမ်းသွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

အရေးတော်ပုံအောင်ရမည်။

Scroll to Top