လေးစားရပါသောတိုင်းရင်းသားပြည်သူအပေါင်းနဲ့ ဒီကနေ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို ပဏာမ မိတ်ဆက်တဲ့အခမ်းအနားမှာ တက်ရောက်လာကြတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အသီးသီးက ခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့မှ ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ်များခင်ဗျား-
ဒီကနေ့ဟာဆိုရင် ကျနော်တို့ ဆင်နွှဲနေတဲ့ လူထုတော်လှန်ရေးကြီးရဲ့ အကွေ့တစ်ခုကို ရောက်ရှိခဲ့ပြီလို့ ကျနော်ယုံကြည်မျှော်လင့်ခြင်းများနဲ့အတူ ကနဦးအသိပေးပြောကြားလိုပါတယ်။ နေ့စဉ်နဲ့အမျှ မျက်ရည်မစဲ၊ ဝမ်းနည်းနာကြည်းဖွယ်ရာအဖြစ်ဆိုးများကို ခါးစည်းရင်ဆိုင်နေကြရတဲ့ ကျနော်တို့ ပြည်သူတွေအတွက် အထူးအားရကျေနပ်ဖွယ်ရာမဟုတ်သော်လည်း ကျနော်တို့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးခရီးရှည်လမ်းကြမ်းကြီးရဲ့ အချိုးအဆစ်တစ်ကွေ့ကိုတော့ ရောက်လာပြီလို့ ပြောရမယ့်နေ့ဘဲ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးကတည်းက မငြိမ်းချမ်းခဲ့တဲ့ ကျနော်တို့နိုင်ငံရဲ့သမိုင်းကို ပြန်ကြည့် မယ်ဆိုရင် လွတ်လပ်ရေးအတွက်ကြိုးပမ်းမှုနဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ကြိုးပမ်းမှုဟာ ခေါင်းနဲ့ပန်းလို ဖြစ်ခဲ့တယ်လို့ဘဲ သုံးသပ်ပြီး ပြောချင်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုဟာ နယ်ချဲ့ စနစ်ကို တော်လှန်ရတာဖြစ်သလို ခုလည်းဘဲ လွတ်လပ်လာမယ့်နိုင်ငံအတွက် ပြည်ထောင်စုနိုင်ငံ ဖြစ်ဖို့ တည်ဆောက်ဖို့ရာ ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် ၁၉၄၇ ပင်လုံစာချုပ်ဆိုတာဖြစ်လာရတယ်။ အဲဒီစာချုပ်ပါကတိကဝတ်များရဲ့ အခြေခံနဲ့ပဲ ကျနော်တို့လွတ်လပ်ရေးကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လွတ်လပ်ပြီးနောက်တစ်နှစ်မှာပဲ ကျနော်တို့နိုင်ငံမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကို တောင်းဆို၊ တိုက်ယူရတဲ့ ပြည်တွင်းစစ်ကြီး စတင်ခဲ့ပါတယ်။ ဒါကို အကျဉ်းခြုံးသုံးသပ်ရရင် စာချုပ်ပါကတိကဝတ်တွေကို အလေးထားအကောင်အထည်ဖေါ်ဖို့ ငြင်းဆန်ခဲ့၊ ပျက်ကွက်ခဲ့လို့ဘဲ ဖြစ်ပါတယ်။ ဒီပျက်ကွက်မှုကို အစိုးရအဆက်ဆက်က ဖြည့်ဆည်းဖို့ မပြင်နိုင်ခဲ့ကြတဲ့အပြင် ထပ်ခါ၊ ထပ်ခါ မှားခဲ့ကြလို့လည်း ပြည်တွင်းစစ်ဟာ နှစ်ပေါင်း ၈၀ နီးပါးကြာလာနေပြီဖြစ်ပါတယ်။ နောက်တစ်ဖန် ၂၀၂၁ ခုနှစ်မှာ ဒီအမှားကိုဘဲ ပိုမိုကြီးမားတဲ့ နောက်အမှားတခုကို ထပ်မံကျုးလွန် ခဲ့တာကတော့ ဒီကနေ့ မင်းအောင်လှိုင်နဲ့ သူဦးဆောင်တဲ့ မြန်မာစစ်တပ်ပဲဖြစ်တယ်။
ဒီနေရာမှာ ကျနော်ပြောလိုတာကတော့ ၁၉၄၈ ပြည်တွင်းစစ်စခဲ့တုန်းကအခြေအနေနဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီတဲ့အခြေအနေကွာခြားမှုဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ လမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါမှာ တိုင်းပြည်တွင်းမှာရှိကြတဲ့ပြည်သူများနဲ့ တိုင်းပြည် အပြင်အပ ကမ္ဘာ့နိုင်ငံအသီးသီးကို ရောက်ရှိနေကြတဲ့ မြန်မာြပည်သူများဟာ စစ်အာဏာရှင်ကို အကြွင်းမဲ့ ဆန့်ကျင်ဖီဆန်ခဲ့ကြတဲ့အပြင် အာဏာရှင်ကရေးပြီး အာဏာရှင်ကပဲ ဖျက်ဆီးပစ်လိုက် တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ချွင်းချက်မရှိ အပြီးတိုင် ငြင်းဆန်စွန့်ပစ်ခဲ့တာဖြစ်ပါတယ်။ အဲဒါအပြင် ပြည်သူတွေဟာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲနိုင်ရေးကိုပါ တညီတညွတ် တည်း တောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ ကျနော်တို့ ဆွေးနွေးစုဖွဲ့ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဟာ ၁၉၄၈ တုန်းက မှားခဲ့တဲ့အမှားကို ပြင်ဖို့အတွက် ရှိနှင့်ပြီးသားနဲ့ အသစ်ထွက်ပေါ်လာတဲ့ ပြည်နယ်/ယူနစ်အဆင့် ဦးဆောင်မှုများကို ပေါင်းစပ်ညှိနှိုင်း ဖို့၊ နိုင်ငံလုံးဆိုင်ရာ ညီညွတ်ရေးကို ထိန်းသိမ်းဖို့နဲ့ လတ်တလော တော်လှန်ရေးအင်အားစုများ ရေးဆွဲပြင်ဆင်နေတဲ့ အသွင်ကူးပြောင်းရေးကာလအစီအမံများ ဆိုင်ရာအခြေခံပြဋ္ဌာန်းချက် (AFTA) တရားဝင်သက်ရောက်မှု ရှိလာမယ့်အချိန်အထိ ကျနော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေး ကြီးရဲ့ တရားဝင်မှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဒီဖက်ဒရယ်ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဟာ ပေါင်းကူးတံတားတစ်စင်း ဖြစ်ဖို့ ကျနော်တို့ရည်ရွယ်ပါတယ်။
ဖက်ဒရယ်ပေါ်ထွန်းရေးဦးဆောင်ကောင်စီကို ကျနော်တို့ မဏ္ဍိုင်ကြီး ၃ ခုနဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် — ဒီမဏ္ဍိုင်ကြီးများကတော့ ၁) ပြည်နယ်/ယူနစ်/EROs၊ ၂) ပြည်သူ့ ကိုယ်စားပြုနဲ့ ၃) အမျိုးသမီးကိုယ်စားပြု – စသည်တို့ပဲဖြစ်ပါတယ်။
မဏ္ဍိုင်ကြီး ၃ ခုကို အခြေခံထားသော်လည်း အခြေအနေနဲ့ စိန်ခေါ်မှုအမျိုးမျိုးကြောင့် ကနဦးအနေနဲ့ စတင်ဆွေးနွေးခဲ့ကြတဲ့ ကျနော်တို့ အဖွဲ့ ၅ ဖွဲ့ နဲ့အတူ ပြည်သူ့လွှတ်တော်ကိုယ်စား ပြုကော်မတီ (CRPH) – အားလုံးပေါင်း ၆ ဖွဲ့ နဲ့အစပျိုးတာထွက်ဖို့ ဖြစ်လာခဲ့ပါတယ်။ မဏ္ဍိုင် ၃ ခု စုံစုံလင်လင်မပါနိုင်သေးတာနဲ့ မဏ္ဍိုင်တစ်ခုစီမှာလည်း ပါသင့်ပါထိုက်သူအားလုံး ပါမနေသေးတာ ဟာ အချိန်ရဲ့စိန်ခေါ်မှုနဲ့ဖိအားကို မကျော်လွှားနိုင်တဲ့ ကျနော်တို့ရဲ့ အားနည်းချက်တခုတော့ ဖြစ်ခဲ့ ပါတယ်။
ဒီအတွက်လည်း ကျနော်တို့ လာမယ့် ရက် ၆၀ အတွင်း အမြန်ဆုံး ပြင်ဆင်ဖြည့်စွက် နိုင်ဖို့ကို ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုနဲ့အတူ မိဘပြည်သူများအားလုံးလည်း ကျနော် တို့ တော်လှန်ရေးကြီးထဲမှာ ရှိတဲ့နေရာ၊ တတ်နိုင်တဲ့ဘက်ကနေ စစ်အာဏာရှင်ကို ဆန့်ကျင် ဖီဆန်ပြီး ကျနော်တို့တည်ဆောက်လိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်သည်အထိ ဆက်လက်ပါဝင် လျှောက်လှမ်းသွားကြဖို့ ဖိတ်ခေါ်တိုက်တွန်းရင်း လေးစားစွာ နိဂုံးချုပ်အပ်ပါတယ်။


