၁-၆-၂၀၂၆ ရက်နေ့၊ နံနက် ၁၀၀၀ နာရီ၊ တနင်္လာနေ့
ယနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ်အစည်းအဝေးသို့ တက်ရောက် ချီးမြှင့်ပေးပါသော နိုင်ငံတော်ယာယီသမ္မတကြီးဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်နှင့်တကွ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များ၊ သက်ဆိုင်ရာတိုင်း/ ပြည်နယ်/ ဒေသ/ဖက်ဒရယ်ယူနစ်အသီးသီးမှ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မိတ်ဖက်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း များ၊ ဖိတ်ကြားထားသည့် ပြည်တွင်းပြည်ပမှ ဧည့်သည်တော်ကြီးများ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို အားဖြည့်ပါဝင်ကြည့်ရှုနေကြသော တော်လှန်ပြည်သူများအားလုံးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ ကြောင်း နှုတ်ခွန်းဆက်သလျက် မိမိအနေဖြင့် ပို့သသော အေးမြသည့် မေတ္တာခြုံ၍ လုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။
ယနေ့လို လွှတ်တော်များ ကျင်းပကြတာ တက်ရောက်ရတော့ အကြမ်းဖက် စစ်အာဏာ သိမ်းမှုမတိုင်ခင်မှာ ကျနော်တို့ပြည်သူ့ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့အကျိုး ပြု လုပ်ဆောင်ချက်တွေ၊ နိုင်ငံအတွက် တိုးတက်စည်ကားမှုတွေကို တက်တက်ကြွကြွနဲ့ ပြည်သူများနဲ့ အတူတူ အေးချမ်းလုံခြုံစွာ လုပ်ဆောင်နိုင်ခဲ့ကြတာကို အထူးပဲ ပြန်ပြောင်းသတိရမိပါတယ်။ ကျနော် တို့ အစိုးရလက်ထက်မှာ ပြည်သူတွေဟာ ဒီမိုကရေစီစံနှုန်းတွေကို လက်တွေ့ကျကျ သိမြင်ခံစားခွင့် ရရှိခဲ့ကြရုံသာမက လူ့အခွင့်အရေးများ အပြည့်အဝရရှိကာစအခြေအနေတွေဟာ အလွန်ကို တန်ဖိုး မြင့်မားလှပါတယ်။ ဒီလို ပြည်သူတွေက ပျော်ရွှင်အေးချမ်းလုံခြုံနေမှသာ မိမိတို့ နိုင်ငံတော်ဟာ ဖွံ့ဖြိုး တိုးတက်စည်ပင်နိုင်မှာဖြစ်ပါတယ်။ ယခု(၅)နှစ်ကျော်ကာလကတော့ ပြည်သူတွေဟာ အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ စိုးရိမ်ထိတ်လန့်မှုများစွာနဲ့ စိတ်ရောကိုယ်ရော မအေးချမ်း၊ မလုံခြုံ ဖြစ်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ အစစအရာရာ ခက်ခဲကျပ်တည်းမှုများစွာနဲ့ စစ်ဘေးစစ်ဒဏ် ကို အလူးအလဲခံကာ ရုန်းကန်ရှင်သန်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။
ဒီလိုစိန်ခေါ်မှုများစွာအကြားမှာ ပြည်ထောင်စုလွှတ်တော်ဟာဆိုရင် အခုဆို ဒသမအကြိမ် အစည်းအဝေးကြီးကိုတောင် ရှင်သန်လှုပ်ရှားနေဆဲဖြစ်တဲ့ လွှတ်တော်တစ်ရပ်အဖြစ် ပုံဖော်ပြီး အောင်အောင်မြင်မြင်နဲ့ စီစဉ်ဆောင်ရွက်ကျင်းပနေနိုင်တာဟာ ပြည်သူတွေက ဘယ်တော့မှ စစ်အာဏာရှင်များရဲ့ အုပ်ချုပ်မှုကို လုံးဝလက်မခံဘဲ အရှုံးမပေးဘူး၊ အညံ့မခံဘူး၊ ဒူးမထောက်ဘူး ဆိုတာကို ပြသနေသလိုပဲဖြစ်ပါတယ်။ မိမိအနေဖြင့် ပြည်သူတစ်ယောက်အနေနဲ့ရော၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ရော ပြည်သူတွေဟာ သွေးမအေးဘဲ သူတို့ရဲ့ယုံကြည်မှု အတွက် ဆက်လက်တိုက်ပွဲဝင်ပါဝင်ဆောင်ရွက်နေကြတာကို တွေ့ရတော့ အတော်ကိုအားရဝမ်းသာ ဖြစ်မိပါတယ်။
ယခုလိုလွှတ်တော်၏ အခန်းကဏ္ဍကို အပီအပြင်ဖော်ဆောင်နိုင်မှုဟာ အနာဂတ် ဖက်ဒရယ် ဒီမိုရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ အရေးကြီးတဲ့ ခိုင်မာမှုရှိတဲ့ အခြေခံကျောရိုး လုပ်ငန်းစဉ် တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေး အရှိန်အဟုန်မြှင့်တင်ရာတွင် မကြာသေးခင်က (၃၀-၃-၂၀၂၆) ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီရဲ့ အခန်းကဏ္ဍကိုလည်း အထူးအလေးထား ကျေးဇူးတင်ရှိပါတယ်။ ကောင်စီအနေဖြင့် တရားဝင်မှု၊ ညီညွတ်မှုနှင့် တာဝန်ခံမှုရှိတဲ့ ခေါင်းဆောင်မှု ဖြင့် ဦးဆောင်ညှိနှိုင်းပြီး တော်လှန်ရေးအောင်မြင် ရေးအတွက် ကြိုးစားသွားကြမယ်လို့ သိရှိထားတဲ့ အတွက် မိမိတို့တစ်ဦးချင်းစီအနေနဲ့လည်း ကောင်စီနှင့်အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြ ဖို့ လိုအပ်တယ်ဆိုတာ ပြောကြားလိုပါတယ်။
အကြမ်းဖက်စစ်တပ်ကတော့ ပြည်သူလူထုကို သေနတ်ထောက် မဲပေးစေပြီး ဟန်ပြ ရွေးကောက်ပွဲမှတစ်ဆင့် အစိုးရအဖွဲ့ဆိုပြီး အယောင်ဆောင်အမည်ခံ သိုးသရေဖုံးထားတဲ့ ဖြူစင်တဲ့ သိုးကလေးအဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရဖို့ အားထုတ်ကြိုးပမ်းနေကြတဲ့ ကောက်ကျစ် ယုတ်မာတဲ့ ဝံပုလွေဆိုးများဖြစ်နေတာကိုလည်း မိမိတို့အားလုံး စုပေါင်းပြီး သတိထားဆောင်ရွက်ကြ ဖို့လိုပါတယ်။
နိဂုံးချုပ်အနေဖြင့် အကြမ်းဖက်စစ်တပ် မရရှိနိုင်တဲ့၊ ထူးကဲ့သာလွန်နေတဲ့ အင်အားတစ်ခု ဖြစ်တဲ့ ပြည်သူလူထုထောက်ခံမှုကို ကျနော်တို့တော်လှန်ရေးအင်အားစုတွေက ရရှိထားတာ ဖြစ်ပါ တယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုနဲ့ ရှေ့ဆက် နေကြရတာဖြစ်လို့ ပြည်သူ့ရဲ့ယုံကြည်မှုကိုတော့ တန်ဖိုးထားလေးစားကြဖို့ လိုအပ်ပါတယ်။ ယခုလို (၅) နှစ်ကျော်ကာလမှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူရဲ့သစ္စာခံတွေက ဘယ်လို နည်းလမ်းကို သုံးသုံး၊ မိမိတို့တန်ဖိုးထားတဲ့၊ ယုံကြည်တဲ့ဓမ္မတရားဟာ နောက်ဆုံးမှာ အဓမ္မတရားကို အောင်နိုင်မယ်လို့ အကြွင်းမဲ့ယုံကြည်ပါတယ်။
ကျနော်တို့အင်အားစုများအနေနဲ့လည်း ဘယ်လို အခြေအနေဖြစ်ဖြစ် ပြည်သူလူထုတစ်ရပ်လုံးနဲ့အတူတူ အဆုံးသတ်အောင်ပွဲဆီသို့ အတူတကွ ရှေ့ဆက်ကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။


