Home / ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားသည့် အမှတ်တရစကား

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားသည့် အမှတ်တရစကား

ယနေ့ Interim Federal Education Council၊ Joint Coordination Committee (Education) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အွန်လိုင်းမှ တစ်ဆင့် ကျင်းပပြုလုပ်တဲ့ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားမှာ တက်ရောက်ချီးမြှင့် ပေးတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဝန်ကြီးများနဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ တော်လှန်ရေးတပ်ဦးရဲ့ သူရဲကောင်းပြည်သူ့ဝန်ထမ်း CDM ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ တခြား တော်လှန်ရေးရဲဘော်ရဲဘက်များနဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နေ့တစ်နေ့ဖြစ်ပါစေကြောင်း နှုတ်ခွန်းဆက်သရင်းနဲ့ ဘေးကင်းလုံခြုံစွာ တော်လှန်ရေးတာဝန်တွေ ကို ဆက်လက်ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုယ်စား အခုလို ကမ္ဘာ့ဆရာများနေ့ အခမ်းအနား မှာ အမှတ်တရစကား ပြောကြားရလို့လည်း ဝမ်းမြောက်ဂုဏ်ယူပါတယ်။ အနန္တောအနန္တ ဂိုဏ်းဝင် ဖြစ်တဲ့ ဆရာ၊ ဆရာမများဟာ အနာဂတ်လူ့ဘောင်ကို ပြုစုပျိုးထောင်ပေးနေတဲ့ ဗိသုကာတွေအဖြစ် လွန်စွာကြီးမားကျယ်ပြန့်တဲ့ ဂုဏ်ကျေးဇူးများနဲ့ လေးလေးနက်နက် ဦးညွှတ်အပ်သူတွေလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ကစပြီးတော့ ကမ္ဘာ့ဆရာ များနေ့ကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့တာ ယနေ့ဆိုရင် နှစ်ပေါင်း (၃၂) တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယခု ၂၀၂၆ ခုနှစ်အတွက် UNESCO က ချမှတ်ထားတဲ့ ဆောင်ပုဒ်က “Standing with teachers: 60 years of protecting the profession, advancing its status and shaping our futures” ဖြစ်ပါတယ်။ ဒါကို မြန်မာမှုပြုထားတာကတော့ “ဆရာများနဲ့ တူယှဉ် ဂုဏ်မြှင့်တင်၊ အနာဂါတ်အသွင် ပုံဖော်ဝံ့ထင်” လို့ ဆီလျော်အောင် မြန်မာမှုပြုထားတာ တွေ့ရပါတယ်။ ဆရာ၊ ဆရာမများရဲ့ စွန့်လွှတ်ပေးဆပ် အနစ်နာခံမှုတွေရဲ့ ကျေးဇူးဂုဏ်ရည်ကို အသိအမှတ်ပြု ဂုဏ်ပြုဖို့ရာအတွက် ဆရာ၊ ဆရာမတွေ လုပ်ခလစာနည်းပါးမှုတွေ၊ အခွင့်အရေးဆုံးရှုံးမှုတွေနဲ့ ဆရာအင်အားပြတ်လပ်မှုတွေ ကမ္ဘာတစ်ဝှမ်းကနေ သတိပြုနိုင်စေဖို့အတွက် ပညာရေးအဆင့်အတန်း မြှင့်တင်ရာမှာ ဆရာ၊ ဆရာမများရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လက်တွေ့ကျတဲ့ ပံ့ပိုးကူညီမှုတွေ ပေးအပ်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက် တွေနဲ့ ကျင်းပလာတာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံလိုပဲ ငွေနဲ့ဝယ်ယူရတဲ့ ကျွန်ပညာရေးစနစ်အောက်မှာ ကျရောက်ခဲ့ ကြရတဲ့ ကျောင်းသူကျောင်းသားတွေအတွက် စနစ်သစ်ကို ပြုပြင်ပြောင်းလဲပေးနိုင်ဖို့ ကျွန်တော် တို့ ယခင် ပြည်သူ့အစိုးရလက်ထက်မှာ အမျိုးသားပညာရေးမဟာစီမံကိန်း (NESP 2016-2021) ချမှတ်ပြီး အများကြီး စီစဉ်ဖော်ဆောင်ခဲ့တာတွေ ရှိပါတယ်။ ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေကို အားပေးပြီးတော့ အလွတ်ကျက်စနစ်တွေလျှော့ချဖို့၊ သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ပြောင်းလဲဖို့၊ အခမဲ့ပညာရေးစနစ်တိုးမြှင့်ဖို့၊ ဆရာဆရာမများရဲ့ အရည်အသွေး၊ အရည်အချင်း တွေ တိုးတက်ဖို့ စတဲ့ အမျိုးမျိုးဆောင်ရွက်ကြိုးပမ်းခဲ့တာတွေ ရှိခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင် ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ပညာရေးကို အထူးအလေးထား အားပေးသူ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ ပင်မမဏ္ဍိုင်ဖြစ်တဲ့ ပညာရေးမှာ ဆင်းရဲချမ်းသာမရွေး တန်းတူညီမျှစွာ လွတ်လပ်စွာ အရည်အသွေးရှိတဲ့ ပညာရေးစနစ်ကို လက်လှမ်းမီဖို့၊ သင်ကြားခွင့် ရရှိနိုင်ဖို့ စိတ်အားထက်သန်စွာ စနစ်တကျ အားပေးလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ No one left behind လို့ ဆောင်ပုဒ်ကို ဆိုပြီးတော့ ကြိုးစားအားထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကံဆိုးစွာပဲ အကြမ်းဖက်စစ်အာဏာသိမ်းမှုကာလမှာတော့ ခေတ်ဆိုးစနစ်ဆိုး အောက်ကို ပြန်ရောက်ပြီး စစ်ကျွန်ပညာရေးကို လုံးဝလက်မခံဘဲ မိမိတို့ရဲ့ မိသားစုအသိုက်အဝန်းရဲ့ အနာဂတ်အိပ်မက်တွေကို စွန့်လွှတ်ပြီးတော့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင် နေကြတဲ့ ပြည်သူ့ဝန်ထမ်း CDM ဆရာ၊ ဆရာမများအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး လမ်းကြောင်းမှာ ကျရာတာဝန်များ တစိုက်မတ်မတ် ပူးပေါင်းပါဝင်လုပ်ဆောင်နေတဲ့အတွက် မိမိ တို့နိုင်ငံရဲ့ အနာဂတ် ရင်သွေး ရတနာများအတွက်လည်း စံပြပုဂ္ဂိုလ် လမ်းပြကြယ်များအဖြစ် မှတ်ယူပါတယ်။

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရဲ့ အဓိကအရေးကြီးတဲ့ ကဏ္ဍတစ်ရပ်မှာ ပါဝင်တဲ့ ပညာရေးအခန်းကဏ္ဍမှာ ခိုင်မာအားကောင်းတဲ့ ပညာရေးစနစ်သစ်၊ သင်ကြားမှုအသစ်၊ သင်ယူမှုပုံစံသစ်နဲ့ ကမ္ဘာ့နိုင်ငံများရဲ့ ပညာရေးစနစ်နဲ့ ရင်ဘောင်တန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် စနစ်တကျပေါ်ပေါက်ထွန်းကားလာစေရန် ပြည်သူ့သူရဲကောင်း CDM ဆရာ၊ ဆရာမ များအနေနဲ့ အားလုံးအတူတကွ ကြိုးစားလုပ်ဆောင်သွားနိုင်မှာကို ယုံကြည်မျှော်လင့်ပါတယ်။ အေးချမ်းသာယာစွာ၊ လွတ်လပ်ပျော်ရွှင်စွာ ပညာရပ်စုံသင်ကြားသင်ယူနိုင်တဲ့ ပညာရပ်ဝန်းကို ဂုဏ်သိက္ခာပြည့်ဝစွာနဲ့ ဆက်လက်တည်ဆောက်သွားနိုင်ကြဖို့ ကျွန်တော်တို့ အတူတကွ ကြိုးစား သွားကြပါစို့လို့ စိတ်ခွန်အားမြှင့်တင်ရင်း နိဂုံးချုပ်အပ်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ဆရာဆရာမများအားလုံး လွတ်လပ်ပျော်ရွှင်စွာ ပညာရပ်များ ဆက်လက် မျှဝေနိုင်ပါစေ။

အရေးတော်ပုံ မုချအောင်ရမည်။

Scroll to Top