Home / မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနကြီးက ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားသည့် အမှတ်တရစကား

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနကြီးက ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားသည့် အမှတ်တရစကား

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်
 
မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနကြီးက ကျင်းပပြုလုပ်တဲ့ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားမှာ တက်ရောက်ချီးမြှင့်ပေးကြတဲ့ အမျိုးသားညီညွတ် ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးနဲ့တကွ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ မန္တလေး ဒေသကြားကာလအုပ်ချုပ်ရေးကောင်စီမှ အဖွဲ့ဝင်များ၊ မန္တလေးဒေသ လွှတ်တော်ကိုယ်စားလှယ် များနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မကွေးဖက်ဒရယ်ယူနစ်တို့မှ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ်များ၊ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (iFEC) မှ တာဝန်ရှိသူများ၊ မန္တလေး ဒေသပြည်သူ့ဝန်ထမ်း CDM ဆရာ၊ ဆရာမများနဲ့ ကျောင်းသားကျောင်းသူများ၊ အခြားဖိတ်ကြား ထားတဲ့ ပညာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ကောင်စီများအားလုံး ကိုယ်စိတ်နှလုံး အေးချမ်းကြပါ စေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုယ်စား ကျွန်တော့်အနေနဲ့ ဒီကနေ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားမှာ အမှတ်တရစကား ပြောခွင့်ရလို့ ကြည်ကြည်နူးနူးခံစားရပါတယ်။
 
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနကြီးအနေနဲ့ ယခုလို ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို နယ်ပယ်အစုံက တက်ရောက်ပါဝင်ပေးသူများနဲ့အတူ အမှတ်တရစကားပြောကြားခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆုပေးပွဲများ ပြုလုပ်ခြင်း၊ ဖျော်ဖြေပွဲများနဲ့ သိုက်သိုက်ဝန်းဝန်း စည်ကားစွာ ကျင်းပပြုလုပ်နိုင်တဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးပဲ ဂုဏ်ယူဝမ်းမြောက်လှပါတယ်။ ဆိုးဝါးလှတဲ့ ခေတ်ကာလရဲ့ စနစ်ဆိုးဒဏ်ကို ကြံ့ကြံ့ခံရင်း အနာဂတ်မျိုးဆက်သစ်များအတွက် အဖက်ဖက်က ကြံဆလုပ်ဆောင် စီစဉ်ဆောင်ရွက်ပေးနေကြတဲ့ တစ်ဦးချင်းစီကိုလည်း လေးစားစွာ ချီးကျူးအပ်ပါတယ်။
 
ယနေ့အခမ်းအနားမှာ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအသီးသီးမှ ဆရာ၊ ဆရာမတို့ရဲ့ ဂုဏ်ကျေးဇူးတန်ဖိုးကို လေးစားလျက် လေးလေးနက်နက် ဦးညွှတ်ဂုဏ်ပြုတဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဆရာများနေ့ကို ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က စတင်ပြီး နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြပြီး ဒီကနေ့အချိန်ထိတိုင် ဆရာ၊ ဆရာမတို့ရဲ့ ကျေးဇူးဂုဏ်ရည် တွေကို အထူးဂုဏ်ပြုအမှတ်ရစေဖို့၊ ဆရာ၊ ဆရာမတို့ရဲ့ အခွင့်အရေးများ ဆုံးရှုံးမှုများကို သိရှိစာနာ နားလည်နိုင်ဖို့နဲ့ ဆရာများရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များအတွက် ပံ့ပိုးကူညီမှုများ ပေးအပ်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆက်လက်ကျင်းပနေကြတာ ဖြစ်ပါတယ်။
 
ဆရာ၊ ဆရာမများလို့ ဆိုလိုက်တာနဲ့ ပညာသင်ကြားမှု တနည်းပြောရရင် ဦးဆောင် လမ်းပြမှု လုပ်ငန်းစဉ်ဟာ အင်မတန်အခရာကျပါတယ်။ ပညာသင်ယူမှုမှာ သင်ယူသူဘက်က အားထုတ်မှုဖြစ်ပြီး ပညာသင်ကြားမှုဆိုတာကလည်း သင်ကြားပေးသူဘက်က ပံ့ပိုးကူညီလမ်းပြ ပေးရတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ခေတ်ကာလအလိုက် သင်ယူမှု၊ သင်ကြားမှုပုံစံအမျိုးမျိုး လက်ဆင့်ကမ်း ပြောင်းလဲလာကြပါတယ်။ ခေတ်မီလာတဲ့ ထိရောက်တဲ့ ပညာသင်ကြားမှုဖြစ်ဖို့က ကျောင်းသားဗဟိုပြုသင်ကြားရေး၊ စိတ်ဓာတ်ခွန်အား မြှင့်တင်ရေး၊ ဖန်တီးနိုင်မှုတွေ လမ်းဖွင့်ပေး ရေး၊ ကိုယ်ကျင့်တရား၊ စံနှုန်းကျင့်ဝတ်များနဲ့ လူမှုဘဝကို ထိန်းသိမ်းနိုင်ရေး စတဲ့ မိဘနဲ့ဆရာအကြား၊ ဆရာနဲ့ ကျောင်းသားအကြား အပြန်အလှန် ချိတ်ဆက်ပူးပေါင်း လုပ်ဆောင်မှုတွေဟာ အရေးကြီးတယ်လို့ သုံးသပ်မိပါတယ်။
 
ခေတ်အဆက်ဆက် ချိုးနှိမ်ခံခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ကျွန်ပညာရေးစနစ်ကြီးကို ယခုနွေဦးတော်လှန်ရေးအောင်ပွဲမှတစ်ဆင့် အပြီးတိုင်ဖယ်ရှားနိုင်ပြီးတော့ ဖက်ဒရယ်ဒီမို ကရေစီ ပညာရေးစနစ်သစ်ကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်သွားနိုင်ဖို့ ကြိုးစားအားထုတ်နေကြတဲ့ကာလလည်း ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒတွေနဲ့အညီ အောင်မြင်စွာ ဆက်လက်ဆောင်ရွက်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
 
နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ ယနေ့အခမ်းအနားရဲ့ဆောင်ပုဒ်လေးအတိုင်း “ဖက်ဒရယ်ပညာရေးကို မြှင့်တင်ရေး တော်လှန်ဆရာများကို ဂုဏ်ပြုပေး” ဆိုတဲ့အတိုင်း မန္တလေး ဒေသမှာရှိတဲ့ ပြည်သူ့သူရဲကောင်း CDM ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံတစ်ဝှမ်းမှ CDM ဆရာ၊ ဆရာမများရဲ့ လေးစားအတုယူဖွယ်ရာ အရည်အချင်း၊ ဂုဏ်ရည်တို့ကို အစဉ်အမြဲ တန်ဖိုးထားလေးစားရပါကြောင်း ဂုဏ်ပြုပြောကြားလိုပါတယ်။ ကျနော်တို့ရဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုမှာ အလေးထားကြရမယ့် ပညာရေးအခန်းကဏ္ဍမှာ မန္တလေးဒေကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနကြီးအနေနဲ့လည်း မြေပြင်ပညာသင်ကြားမှုသာမက အွန်လိုင်းမှတစ်ဆင့် နည်းပညာအဆင့်ဆင့်နဲ့ ပညာသင်ကြားမှု၊ သင်ယူမှု၊ ပညာဖြန့်ဝေမှုလုပ်ငန်းစဉ်တွေကို တိုးမြှင့်လုပ်ဆောင်ကာ ရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ် မျိုးဆက်သစ်များရဲ့အကျိုးအတွက် ကမ္ဘာ့ အဆင့်မီ ပညာရပ်ဝန်းထုကို တည်ဆောက်သွားနိုင်ကြပါစေကြောင်း ဆန္ဒပြုပါတယ်။ ဆရာ၊ ဆရာမတို့အနေနဲ့ လုံခြုံဘေးကင်းစွာ လွတ်လပ်စွာ စဉ်ဆက်မပြတ် သင်ယူလေ့လာသူများအဖြစ် ကြိုးစားသွားနိုင်ကြပြီးတော့ တပည့်များအတွက် ပညာတန်ဆောင် လမ်းပြကြယ်များအဖြစ် ဆက်လက် ထွန်းလင်းသွားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်။
 
အားလုံးကို လေးစားပါတယ်။
Scroll to Top