Home / စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ နဝမပုံမှန်အစည်းအဝေးတွင်ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့် ပြောကြားသည့် မိန့်ခွန်း

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ နဝမပုံမှန်အစည်းအဝေးတွင်ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့် ပြောကြားသည့် မိန့်ခွန်း

၂၀၂ ရက်နေ့၊ နံနက် ၁၀၀၀ နာရီ၊ သောကြာနေ့

               စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ တက်ရောက်နေကြတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်အဖြစ် ကြွရောက်ချီးမြှင့်ပေးကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်မှု ဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်၊  အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင် ဦးတိုးကျော်လှိုင်နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ တော်လှန်ရေးအင်အားစုများ၊ ပြည်သူများနဲ့ နိုင်ငံ တကာသံရုံးမှ ကိုယ်စားလှယ်များအပါအဝင် ဧည့်သည်တော်များအားလုံး မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ခွန်းဆက်သပါရစေ။ မသူတော်များရဲ့ ဘေးက ကင်းဝေးပြီးတော့ ငြိမ်းချမ်း အေးမြတဲ့ နေ့ရက် များလည်း အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေကြောင်း မေတ္တာပို့ ဆုတောင်းရင်းနဲ့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။

               စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ အဖွဲ့ကို ဖွဲ့စည်းပြီးတဲ့နောက်မှာ ယခုလိုလွှတ်တော်အစည်းအဝေးမှာ အစိုးရအဖွဲ့အနေနဲ့ လုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာတွေကို လွှတ်တော်ကို တင်သွင်းမှာဖြစ်တဲ့အတွက်လည်း စစ်ကိုင်း ဖက်ဒရယ်ယူနစ်အတွင်းမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး စွမ်းဆောင်နိုင်မှုကို ပြည်သူများနဲ့ နိုင်ငံ တကာကို သိက္ခာရှိစွာ ချပြနိုင်ခြင်းဖြစ်တယ်လို့ ရှုမြင်ပါတယ်။

               မိမိတို့ရဲ့ ဖက်ဒရယ်ယူနစ်အတွက် နောက်ထပ် ပင်မမဏ္ဍိုင်ဖြစ်တဲ့ တရားရေးအတွက် လည်း ယူနစ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးတွေကို အခု အစည်းအဝေးကနေ ခန့်အပ်အတည်ပြုတာဝန်ပေးအပ်မှာဖြစ်တယ်လို့ သိရှိရတဲ့အတွက်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုယ်စား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အလေး ထား ပြောကြားအပ်ပါတယ်။ ဒါ့အပြင် နောက်ထပ်အရေးကြီးလှတဲ့ အာဂျင်ဒါတစ်ရပ်အနေနဲ့ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းသွားမှာ ဖြစ်တယ်လို့ သိရတဲ့အတွက်လည်းပဲ ဥပဒေပြုရေး စွမ်းဆောင်ချက်လည်း ပါရှိတာကို ဂုဏ်ယူဖွယ် တွေ့ရှိရပါ တယ်။ ပြည်သူ့အကျိုးပြု ဥပဒေတစ်ရပ်အဖြစ် ယူနစ်အတွင်းမှာ မြေပြင်အခြေအနေများနဲ့ လက်တွေ့ကျကျ ဆောင်ရွက်သွားနိုင်မယ့်လုပ်ငန်းစဉ်များကို ချိတ်ဆက်လုပ်ဆောင်သွားနိုင်ဖို့လည်း တိုက်တွန်းလိုပါတယ်။

               (၅) နှစ်ကျော်နွေဦးတော်လှန်ရေးခရီးလမ်းမှာ မိမိတို့မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ရော မျှော်လင့်ထားတဲ့ အခက်အခဲတွေရော၊ ဖြေရှင်းရခက်တဲ့ပုစ္ဆာတွေ၊ စိန်ခေါ်ချက်တွေ တွေ့ကြုံ ခဲ့ကြရပြီးဖြစ်သလို နောက်ထပ်လည်း ပိုမိုပြီးတော့ ရုန်းကန်ရှေ့ဆက်ကြဖို့ လိုအပ်ဦးမှာဖြစ်ပါတယ်။ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲရင်းနဲ့ တကယ့်အနာဂတ်အတွက် မျှော်လင့်တဲ့ ဖက်ဒရယ် နိုင်ငံ တော်သစ်ထူထောင်ရေးဆိုတဲ့ကိစ္စဟာ လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ကိစ္စမဟုတ်တဲ့အတွက် ကြိုးစား အားထုတ်ရ၊ ဆောင်ရွက်ကြရတာ မဆန်းဘူးလို့ မြင်ပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဟာ ဒီကာလမှာ ထိခိုက်ဆုံးရှုံးမှုတွေရင်ဆိုင်ရင်းနဲ့ အကြမ်းဖက်စစ်အာဏာရှင် တော်လှန်ရေးခရီးကြမ်း မှာ ရပ်နားမနေဘဲ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်တဲ့ လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေတာမို့ သမိုင်းတွင်မယ့်  စံနမူနာများလည်း ဖြစ်ပါတယ်။

               စစ်အုပ်စုဟာ သူတို့ စိုးမိုးချယ်လှယ်ခွင့်မရရှိလေလေ၊ စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ ရင်ဆိုင်ရလေလေ အပြစ်မဲ့ပြည်သူများရဲ့ အသက်အိုးအိမ်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေပါမကျန် စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လေလေ ဖြစ်လာတာမို့ ကျွန်တော်တို့ တော်လှန်ပြည်သူများအားလုံး ကြိုတင်ပြင်ဆင် မှုတွေနဲ့ စနစ်တကျ လက်တွဲချိတ်ဆက်ထားရမှာလည်း ဖြစ်ပါတယ်။ အစီအစဉ်တကျ ဆောင် ရွက်ထားရှိမယ်လို့လည်း ယုံကြည်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲအတု၊ အစိုးရ အတု၊ လွှတ်တော်အတုတွေနဲ့ လှည့်ဖျားဖို့ ကြိုးစားနေချိန်မှာ ပြည်သူ့ကိုယ်စားပြုအစစ်အမှန်ဟာ ဘယ်မှာရှိနေတယ်ဆိုတာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အနေနဲ့ ကမ္ဘာကို အထင်အရှား ပြသလိုက် တာလည်း ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း မဏ္ဍိုင်အသီးသီး၊ ကဏ္ဍအသီးသီးကနေ  ပြည်ထောင်စုတစ်ဝှမ်းလုံးအတွက် ဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးဟာ အင်မတန်မှ အရေးကြီးလှပါတယ်။

               ပြည်သူတွေရဲ့ ဆန္ဒသဘောထားရပ်တည်ချက်သည်သာ နိုင်ငံ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒီကာလတွေမှာ မိမိတို့ တော်လှန်ရေးအင်အားစုများဟာ ကြိုးစား ရုန်းကန်မှုကိုယ်စီနဲ့ ယုံကြည်ချက်ခိုင်ခိုင် ဆက်လက် တိုက်ပွဲဝင်ဆဲဖြစ်ပါတယ်။ ဓမ္မနဲ့အဓမ္မ ယှဉ်တွဲ လာရင် အမှန်တရားဘက်တော်သား ဓမ္မတရားကသာ အနိုင်ရစမြဲဖြစ်ပါတယ်။ ယခုလို အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် စွမ်းစွမ်းတမံဆောင်ရွက်ကြိုးစားနေကြတဲ့ စစ်ကိုင်း ဖက်ဒရယ် ယူနစ်လွှတ်တော်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တရားရေးအဖွဲ့ဝင်များအနေနဲ့လည်း ယူနစ်များရဲ့ အောင်မြင်မှုမှသည် ပြည်ထောင်စုတစ်ဝှမ်းလုံးရဲ့ အောင်ပွဲအထိ ဆက်လက်ချီတက် လျှောက်လှမ်း သွားနိုင်ပါစေကြောင်း ဆန္ဒပြုပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌရဲ့ ပဏာမမှာ ပြောကြားသွားခဲ့တဲ့စကားရပ်တွေအတိုင်း ကျွန်တော်တို့တွေဟာ ရှေ့ဆက်သွားရဦးမယ့် အင်မတန် လေးနက်တဲ့ လုပ်ငန်းတာဝန်တွေ မြောက်မြားစွာ ရှိနေတယ်ဆိုတာ သတိပြုပြီးတော့ ဒီကနေ့ တက်ရောက်လာခဲ့ကြတဲ့ တချို့သော ကမ္ဘာ့နိုင်ငံရဲ့ သံတမန်များအနေနဲ့လည်း မြန်မာနိုင်ငံမှာ အခုရင်ဆိုင်ကြုံတွေ့နေကြတာဟာ သာမန်အားဖြင့် Conflict ဆိုတဲ့ ပြည်တွင်း ပဋိပက္ခလောက် တင်မဟုတ်ဘဲ တကယ့်မျိုးဆက်တွေနဲ့ချီပြီး ကြိုးစားဆောင်ရွက်နေကြတဲ့ တော်လှန်ရေးတစ်ရပ်၊ Revolution တစ်ရပ်ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုနိုင်အောင်လည်းပဲ စွမ်းဆောင်နိုင်ကြပါစေလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

               အားလုံးကို ကျေးဇူးတင်ပါတယ်။

Scroll to Top