၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်
ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ လူထုခေါင်းဆောင်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင်ကို မေတ္တာထား လေးစားကြတဲ့၊ ချစ်မြတ်နိုးတန်ဖိုးထားကြတဲ့ တော်လှန်ပြည်သူတစ်ဦးချင်းစီတိုင်း ကောင်းကျိုး လိုရာဆန္ဒ ပြည့်ဝကြပါစေကြောင်း ဆုတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။
ယခုလို မွေးနေ့ရှင် ကိုယ်တိုင်မပါဝင်နိုင်တဲ့အခမ်းအနားကို အထူးအလေးထား စီစဉ် ဆောင်ရွက်ပေးကြတဲ့ ကျင်းပရေးကော်မတီနဲ့ ပူးပေါင်းအားထုတ်ဆောင်ရွက်ပေးကြသူများအားလုံး ကို လေးစားပါကြောင်းနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ကိုယ်စား အမှတ်တရ စကားပြောခွင့်ရတဲ့အတွက် အထူးပဲဝမ်းသာပါတယ်။
ဒီမွေးနေ့အခမ်းအနားကို အလေးထားတက်ရောက်ပေးကြတဲ့ နိုင်ငံတော်ယာယီသမ္မတ ကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်၊ မွေးနေ့ရှင် လူထုခေါင်းဆောင်ရဲ့ သားငယ်ဖြစ်သူ ဦးထိန်လင်းတို့အပါအဝင် အမှတ်တရစကား ပြောကြားကြ မယ့် ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာမှ သံတမန်များ၊ အထူးဧည့်သည်တော်များနဲ့ တက်ရောက် နေကြတဲ့ ပုဂ္ဂိုလ်အားလုံး၊ ယခု Live လွှင့်တာကို ကြည့်ရှုနေကြတဲ့ ပြည်သူပြည်သားအားလုံးကို လည်း လေးစားစွာ နှုန်ခွန်းဆက်သအပ်ပါတယ်။
မိမိတို့ရဲ့ ခေါင်းဆောင်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြည်သူလူထုက နှစ်စဉ်နှစ်တိုင်းမှာ ကမ်ပိန်းလှုပ်ရှားမှုတွေနဲ့အတူ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပြီး မွေးနေ့အလှူဒါန အမျိုးမျိုးကို လည်း စီစဉ်ဆောင်ရွက်ကြတာဟာ တကယ့်ကို ချစ်မြတ်နိုးတန်ဖိုးထား လေးစားရတဲ့ ခေါင်းဆောင် ကောင်းတစ်ယောက်မှသာ ရရှိနိုင်တဲ့ ပြည်သူများရဲ့ အေးမြတဲ့ မေတ္တာတရားများကို ဖော်ပြတဲ့ လုပ်ဆောင်ချက်များပဲ ဖြစ်ပါတယ်။ ပြည်သူ့အကျိုးကိုသာလိုလားတဲ့ ပြည်သူ့ခေါင်းဆောင်ကောင်း တစ်ဦးနဲ့ ပြည်သူများအကြားက စကားလုံးများနဲ့ ဖော်ပြဖို့မစွမ်းသာတဲ့ အပြန်အလှန်ထားရှိကြတဲ့ ချစ်ခြင်းမေတ္တာဓာတ်ပဲ ဖြစ်ပါတယ်။
လူထုခေါင်းဆောင်ဟာ ခေတ်အဆက်ဆက် အကြမ်းဖက်စစ်အာဏာရှင်များရဲ့ အငြိုး ကြီးစွာ ပစ်မှတ်ထားခံခဲ့ရရုံမက ယခုအချိန်ထိတိုင် ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ဖမ်းဆီးခံနေရ တယ်ဆိုတာ ပြည်သူများအနေနဲ့ မသိရှိနိုင်တဲ့ အလွန်ဆိုးဝါးလှတဲ့ အခြေအနေအောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ကောက်ကျစ်စဉ်းလဲတဲ့ အကြောင်းပြချက်များနဲ့ မတရားဖမ်းဆီးခံထားရတဲ့ မိမိတို့ရဲ့ ခေါင်းဆောင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးဟာ မိမိတို့အားလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။ ဒီရည်မှန်းချက် ပြည့်မြောက်ဖို့ဟာလည်း မိမိတို့ အင်အားစုများအားလုံးက နည်းလမ်းပေါင်းစုံနဲ့ ကျရာကဏ္ဍက တက်ညီလက်ညီ ကြိုးစားဆောင်ရွက် နေကြတာလည်း ဖြစ်ပါတယ်။
နိုင်ငံတကာအနေနဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထု ခေါင်းဆောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးနဲ့ မြန်မာ နိုင်ငံမှာ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး၊ ပြည်သူ့နွေဦးတော်လှန်ရေး အောင်မြင်ပြီး ဒေသတွင်းတည်ငြိမ်ရေးအတွက် လက်တွေ့ကျတဲ့ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးကြရန် လူထု ခေါင်းဆောင်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့၊ ယခုအခမ်းအနားမှာ ထပ်လောင်းပြီးတော့ တောင်းဆို ဆန္ဒပြုအပ်ပါတယ်။
စစ်အာဏာရှင်စနစ် အဆုံးသတ်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြတဲ့ မိမိတို့ တော်လှန်ရေးအင်အားစုအားလုံးအနေနဲ့ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်၍ အမြန်ဆုံးအောင်ပွဲခံနိုင်ဖို့ ဆက်လက် ညှိနှိုင်းလက်တွဲ သွားကြခြင်းဖြင့် မွေးနေ့လက်ဆောင်ကောင်း ပေးအပ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
နိဂုံးချုပ်အနေနဲ့ မိမိတို့ရဲ့ခေါင်းဆောင်ဟာ ၁၉၈၈ ခုနှစ်၊ လူထုတော်လှန်ရေးကြီး၊ လူထု အရေးတော်ပုံကြီးကစပြီး လက်ရှိအချိန်ထိ ပြည်သူနဲ့အတူတူ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ အချိန် တွေ၊ ခွန်အားတွေ ရင်းနှီးမြှုပ်နှံပါဝင်ခဲ့ပြီး ဘယ်အခက်အခဲကိုမဆို နောက်ဆုတ် အရှုံးမပေးဘဲ ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ စိတ်ခွန်အား၊ ရုပ်ခွန်အား သန်မာတည်ကြည်လှပါတယ်။ ပြည်သူရဲ့ ယုံကြည်မှုကို အပြည့်အဝရရှိထားတဲ့ မိမိတို့ရဲ့ခေါင်းဆောင် ကျန်းမာပါစေ၊ ချစ်ခင်ရတဲ့ ပြည်သူ များနဲ့ အမြန်ဆုံးပြန်လည်ဆုံစည်းပြီး နိုင်ငံ့အရေးများမှာ ဦးဆောင်ပါဝင်နိုင်ပါစေကြောင်း မွေးနေ့ ဆုတောင်းစကားပြောရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။


