၂၇-၉-၂၀၂၅ ရက် (စနေနေ့)၊ နံနက်၉ နာရီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၇) နှစ်ပြည့်မြောက်တဲ့ ဒီကနေ့ အခမ်း အနားကို ကြွရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီးနှင့်တကွ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ NUCC ကောင်စီဝင်များ၊ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်ကြီးများ၊ အတိုင်ပင်ခံကောင်စီများ၊ အဖွဲ့ချုပ်၏ အဆင့်ဆင့်သော အလုပ် အမှုဆောင်များနဲ့ ပါတီဝင်များ၊ ကော်မတီအသီးသီးမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ ဖိတ်ကြား ထားတဲ့ ဧည့်သည်တော်များ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ တော်လှန်ပြည်သူ ရဲဘော် ရဲဘက်များအနေနဲ့ တော်လှန်ရေးခရီးလမ်းပန်းတိုင်ဆီသို့ ဘေးကင်းလုံခြုံစွာနဲ့ ကျန်းမာစွာ ဆက်လက် လျှောက်လှမ်းသွားနိုင်ကြပါစေလို့ မေတ္တာပို့သပါတယ်။ တစ်ဆက်တည်းပဲ ဒီကနေ့အခမ်းအနားမှာ ကျနော့်အနေနဲ့ နှုတ်ခွန်းဆက်စကား သို့မဟုတ် အမှတ်တရစကား ပြောကြားခွင့်ရတဲ့အတွက်လည်း များစွာ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
နိုင်ငံရေးပါတီတစ်ခု ဖွဲ့စည်းတည်ထောင်ကြတယ်ဆိုရာမှာ ပါတီရဲ့ ရည်ရွယ်ချက်၊ ဦးတည် ချက်တွေဟာ ပါတီတစ်ခုတည်းရဲ့ တစ်ကိုယ်ရေနာမည်ကြီးဖို့၊ တစ်ဖွဲ့တစ်သင်းတည်းအတွက် မျှော်မှန်း ကြည့်ဖို့ဆိုတာမဟုတ်ဘဲ နိုင်ငံတော်ရဲ့အကျိုးကို အဓိကထား စဉ်းစားရတဲ့အဖွဲ့အစည်း ဖြစ်ဖို့လိုပါတယ်။ စုစည်းညီညွတ်မှု၊ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခေါင်းဆောင်နိုင်မှု စတဲ့ အရည်အသွေး၊ အရည်အချင်းများ ပြည့်စုံမှသာ ရေရှည်တည်တံ့ခိုင်မာစွာ ရပ်တည်နိုင်ကြတာ ဖြစ်ပါ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီကနေ့ (၃၇) နှစ် ပြည့်ခဲ့တယ်ဆိုတဲ့နေရာမှာတောင်မှ တကယ်တမ်း ငြိမ်းအေးတဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ တကယ့်ပါတီလုပ်ငန်းရပ်ကို နိုင်ငံတော်အတွက် ထမ်းဆောင်နိုင်တဲ့အခွင့်ကဏ္ဍက (၁၀) နှစ်တောင် မပြည့်တတ်ပါဘူး။ ကျန်တဲ့အချိန်တွေမှာ အမြဲတမ်း ဖိနှိပ်ခြင်း၊ နှိပ်ကွပ်ခြင်း၊ နည်းမျိုးစုံနဲ့ အနှောက်အယှက်ပေးခြင်း၊ ချေမှုန်းခြင်းတွေနဲ့ပဲ ရင်ဆိုင်ခဲ့ကြရ၊ ကြံ့ကြံ့ခံရပ်တည်လာခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထု လှုပ်ရှားမှုကြီးဖြစ်တဲ့ ၈၈၈၈ အရေးတော်ပုံကြီး ပေါ်လာပြီးတဲ့နောက် စတင်သန္ဓေတည်ခဲ့တဲ့ တစ်နည်း ပြောရရင် အရှေ့က ဆရာ ဦးထွန်းထွန်းဟိန် ပြောသွားသလို ဗိုလ်ချုပ်ရဲ့ ဝိဉာဉ်တွေ၊ ဗိုလ်ချုပ်ရဲ့ အခြေခံစိတ်ဓာတ်တွေနဲ့အတူ မွေးဖွားလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ (၃၇) နှစ်တာ ကာလအတွင်းမှာ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရပေမယ့် ယနေ့အချိန်ထိ ယိုင်လဲမှုမရှိဘဲ ခိုင်ခိုင်မာမာနဲ့ ပြည်သူ့အကျိုးအတွက် ရပ်တည်နေထိုင်နိုင်တာဟာ ဒီလိုညီညွတ်မှုနှင့် စည်းလုံးညီညွတ် မှုတွေကြောင့် ဖြစ်သလို ကျနော်တို့ ခေါင်းဆောင်ရဲ့ အခြေခံရပ်တည်ခဲ့တဲ့ အင်မတန် မွန်မြတ်တဲ့ ခိုင်ကြည်တဲ့သဘောထားများအပေါ်မှာ စဉ်ဆက်မပြတ် အသိအမှတ်ပြု ရပ်တည်နေခဲ့ကြလို့ ဖြစ်တယ် ဆိုတာ အထူးပြောပြစရာ မလိုဘူးလို့ ထင်ပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အလွှာအသီးသီးက ပြည်သူလူထုရဲ့အားနဲ့ စုဖွဲ့ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအဖွဲ့ဝင်များဟာ ပြည်သူများနဲ့အတူတူ စစ်မိစ္ဆာအကြမ်းဖက်စနစ်ကို အတူတကွ တိုက်ထုတ်ရေးအတွက် တော်လှန်ရေးအင်အားစုများနဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ပါဝင် ဆောင်ရွက်နေတဲ့အတွက်လည်းပဲ ကျနော်တို့အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူရပါတယ်။
ဒီနွေဦးတော်လှန်ရေးမှာ ပြည်သူ့ခေါင်းဆောင် အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သမ္မတကြီး ဦးဝင်းမြင့်၊ ပါတီအဖွဲ့ဝင် ခေါင်းဆောင်ကြီး များ၊ ပါတီဝင်များ၊ ပါတီကို အားပေးဝန်းရံပေးကြတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးမှုတွေ၊ တရားမျှတမှုမရှိတဲ့ ဥပဒေတွေကို ဖန်တီးပြီးတော့ ဖိနှိပ်အုပ်ချုပ်နေမှုတွေ ခံစားနေကြရပါတယ်။ ပြည်သူတွေအားလုံးဟာလည်းပဲ ဒီကနေ့ အဲဒီလို ခံစားနေရဆဲပဲ ဖြစ်ပါတယ်။ ဒီလိုမတရားမှုတွေကို တော်လှန်တိုက်ပွဲဝင်ဖို့ ပုံစံအမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ်နဲ့ အသက်တွေ ဘဝတွေ ခန္ဓာကိုယ်တွေကို ပေးဆပ်ပြီးတော့ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေ တိုက်ပွဲ ဝင်နေကြဆဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သွေးချင်းညီနောင်များ၊ ပြည်သူများအားလုံးကို ဒီနေ့လို နေ့ထူးနေ့မြတ်အခမ်းအနားမှာ အထူးအလေးထားလျက် ဂုဏ်ပြုလေးစားပါကြောင်း ကျနော့အနေနဲ့ ပြောကြားအပ်ပါတယ်။ ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်များရဲ့အိမ်မက်တွေကို ဆက်လက်ပုံဖော် တည်ဆောက်သွားကြရဖို့ရာ ကျနော်တို့ ရှင်သန်ကျန်ရစ်ခဲ့ကြတဲ့သူ တစ်ဦးချင်းစီရဲ့ တာဝန်လည်း ဖြစ် ပါတယ်။
ခေတ်အဆက်ဆက်မှာ အကြမ်းဖက်လုပ်ရပ်များနဲ့ နိုင်ငံတော်ကို အမှောင်ဖုံးစေခဲ့တဲ့ စစ်အာဏာရှင်တွေကို လူထု၏ ခိုင်မာမှု၊ ညီညွတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ ရှေ့ဆက်ပြီး တစ်စုတစည်း တည်း အမြစ်ဖြတ်တွန်းလှန်နိုင်ဖို့ လွန်စွာအရေးကြီးပါတယ်။ ဒီအောင်ပွဲဟာ ကျနော်တို့ရဲ့ အပြီးသတ် အောင်ပွဲလည်း ဖြစ်ကို ဖြစ်ရပါမယ်။ ဘယ်တော့မှ မရှုံးစေရမယ့် အောင်ပွဲအဖြစ်လည်း အားသစ်ကြရ မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအောင်ပွဲကို ပြည်သူ့အားနဲ့ ဖော်ပြနိုင်ဖို့ ပြည်သူနဲ့အတူ ရဲရဲဝံ့ဝံ့ ရပ်တည် နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ အနာဂတ်မှာလည်း ပြည်သူ့အတွက် ဆက်လက် ရှင်သန် တည်တံ့နေမယ်ဆိုတာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ယုံကြည်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့လည်းပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ပြည်သူ့ဆင့်လွှဲအာဏာရှိတဲ့ လွှတ်တော်ကြီးအဖြစ် ဆက်လက် ရပ်တည်ဆောင်ရွက် သွားနိုင်ရေးအတွက်ကို ကိုယ်စားပြုပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတ တဲ့ ပြည်သူများယုံကြည်လက်ခံတဲ့ နောက်ထပ်ရွေးကောက်ပွဲမဖြစ်မချင်း ဘယ်လိုအတုအယောင် အလိမ်အညာရွေးကောက်ပွဲဆိုတာမျိုးနဲ့မှ ပြည်သူ့ဆန္ဒကို ပယ်ဖျက်လို့ မရနိုင်ဘူးဆိုတာ အသေအချာ အခိုင်အမာပဲ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီဥက္ကဋ္ဌ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ “ပြည်သူရှိရင် ပါတီရှိမယ်” ဆိုတဲ့ ခိုင်မာတဲ့ ရပ်တည် ချက်ကို ဆက်လက်စွဲကိုင်ပြီး ပြည်သူ့အကျိုးအတွက် ပြည်သူ့ယုံံကြည်မှုနဲ့အတူ အောင်မြင်မှုများ ထွေးပိုက်လျက် ဆက်လက်လျှောက်လှမ်းသွားနိုင်ပါစေကြောင်း အလေးအနက်ဆန္ဒပြုဆုမွန်တောင်း လျက် နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည်။


