Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဦးဆောင်ကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဦးဆောင်ကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားသည့် မိန့်ခွန်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၁၅) ရက်

ဒီကနေ့ ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်ယာယီသမ္မတကြီးနှင့်တကွ အစိုးရအဖွဲ့ဝင်များ၊ CRPH ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ တာဝန်ရှိလူကြီးများ၊ နိုင်ငံ တကာ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ဧည့်သည်တော်များ၊ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံပြီး ဘေးအန္တရာယ် ကင်းရှင်းကြပါစေ ကြောင်း ဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၀၈ ခုနှစ်က စပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဒီမိုကရေစီနိုင်ငံ များမှာ ကျင်းပကြတာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်အနေနဲ့ကတော့ ဒီမိုကရေစီနိုင်ငံ များမှာရှိတဲ့ နိုင်ငံသားများ၊ မျိုးဆက်သစ်များအနေနဲ့ ဒီမိုကရေစီစနစ်ကပေးတဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူခြင်း စတဲ့ လူသားအခွင့်အ‌ရေးများကို တန်ဖိုးထားအမှတ်ရစေရန် ကျင်းပခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီနှစ် ဒီမိုကရေစီနေ့ဟာ ယခင်နှစ်များထက် များစွာ အရေးကြီးပါတယ်။ ကမ္ဘာကြီးတစ်ခုလုံး နိုင်ငံအတော်များများမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တွေကို အာဏာရှင်များက ခြိမ်းခြောက်နေတဲ့ ခေတ်ကာလကြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ မျိုးဆက်သစ်တွေကို ဒီမိုကရေစီစနစ်ရဲ့ တန်ဖိုးတွေကို ပိုမိုနားလည် တန်ဖိုးထားလာ တတ်စေရန် နိုင်ငံတိုင်းက အားထုတ်နေကြတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။

ယခု ၂၁ ရာစု အစောပိုင်းကာလဟာ ဒီမိုကရေစီစနစ်တွေ အားကောင်းမောင်းသန် စတင်ခဲ့ပါတယ်။ သို့သော်လည်း အစွန်းရောက် အမျိုးသားရေးဝါဒီတွေ၊ အစွန်းရောက် ဘာသာရေးသမားတွေ၊ အကြမ်းဖက်အယူဝါဒတွေနဲ့ အာဏာရှင်တို့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံကြီးများတွင်ပင်လျှင် တရားမျှတတဲ့ လွတ်လပ်ခြင်း၊ ဒီမို ကရေစီစနစ်နဲ့ လူ့အဖွဲ့အစည်းကို ကာကွယ်နေကြရပါတယ်။ ဒါပေမယ့် သမိုင်းကို ပြန်လည် ကြည့်လိုက်မယ်ဆိုလျှင် ပဒေသရာဇ်တွေ၊ ဖက်ဆစ်ဝါဒီတွေ၊ အာဏာရှင်တွေဟာ ဘယ်လောက်ပဲ အင်အားကောင်းပါစေ ပြည်သူ့အင်အားနဲ့တည်ဆောက်ထားတဲ့ ဒီမိုကရေစီ နိုင်ငံတွေကို ဒူးထောက်အရှုံး ပေးကြရတာပဲ ဖြစ်ပါတယ်။ ဒီနေ့ ရာစုနှစ်တွေမှာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေဟာ တကြော့ပြန် ခြိမ်းခြောက်မှုတွေ ခံနေရတယ်ဆိုပေမယ့် မကြာခင် အာဏာရှင်တွေ၊ ဖက်ဆစ်ဝါဒီတွေ ကျရှုံးမည့် အရိပ်ယောင်တွေ မြင်နေရပြီ ဖြစ်ပါ တယ်။ ဥပမာအားဖြင့် သေးငယ်သော်လည်း ပြည်သူလူထုရဲ့စုစည်းမှုနဲ့ တည်ရှိနေတဲ့ ဒီမိုကရေစီ ယူကရိန်းနိုင်ငံဟာ ၎င်းတို့ထက် အဆပေါင်းများစွာ စီးပွားရေး၊ စစ်ရေးအင်အား ကြီးမားတဲ့ အာဏာရှင် ရှရှားနိုင်ငံကို ကြံ့ကြံ့ခံ ခုခံလျက်ရှိပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာဆိုလျှင်လည်း ၂၀၁၂ ခုနှစ်က စလို့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီနဲ့ စတင်ပြီး နိုင်ငံကို တည်ဆောက်ခဲ့ကြပါတယ်။ ပြည်သူများဟာလည်း ဒီလို အားနည်းချက်များစွာနဲ့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီစနစ်မှာပင်လျှင် အတော်အသင့် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။

အသိဉာဏ် အင်မတန် ခေါင်းပါးလှတဲ့ စစ်အာဏာရှင်တွေကတော့ ဒီမိုကရေစီစနစ် အောက်မှာ လူထုက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်တောင် ဖွံ့ဖြိုးတိုးတက် သွားနိုင်ခဲ့လဲဆိုတာ လျှော့တွက်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ၎င်းတို့လက်နက်မိုး အုပ်ချုပ်တဲ့ အောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့ လူထုလိုအထင်နဲ့ ပြည်သူ့အာဏာကို လုယူရာတွင် ကြီးမား ပြင်းထန်တဲ့ ဆန့်ကျင့်တော်လှန်မှုနဲ့ ကြုံကြိုက်လိုက်ရတာပဲဖြစ်ပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းများ ဖွံ့ဖြိုးတိုးတက်နေတဲ့ မျိုးဆက်သစ်လူထုကြီးဟာ အစောပိုင်းကာလတွေမှာ စစ်အာဏာလုမှုကို အသာတကြည် လက်လျှော့ပေးရန် စစ်တပ်ကို ငြိမ်းချမ်းစွာ တောင်းဆို သတိပေးခဲ့ပါတယ်။ ဒါပေမယ့် လူထုရဲ့အင်အားကို ဘယ်လိုမှ နားမလည်တဲ့ စစ်အာဏာရှင်တို့ဟာ ၎င်းတို့ထက် အသိဉာဏ်များစွာ ဖွံ့ဖြိုးနေပြီဖြစ်တဲ့လူထုကို သတ်ဖြတ်ကာ အကြောက်တရားနဲ့ ထိန်းချုပ် နိုင်မယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေကြဆဲဖြစ်ပါတယ်။

ဒီနေရာမှာ ဒီမိုကရေစီစနစ် ထွန်းကားဖို့ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းများကိုလည်း အထူးတလည် ဂုဏ်ပြုရမှာဖြစ်ပါတယ်။ အာဏာရှင်အဆက်ဆက် အောက်မှာ အသက်သွေးချွေးတွေရင်းကာ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေတ် အဆက်ဆက်က သူရဲကောင်းတွေကြောင့်သာ ကျနော်တို့ ပြည်သူလူထုက စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား အံတုနိုင်တာ ဖြစ်ပါတယ်။ ယခု တော်လှန်ရေးကာလမှာဆိုရင်လည်း နယ်ပယ်အသီးသီး၊ ဒေသအသီးသီးက လူထုခေါင်းဆောင်တွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တွေ ပြန်လည်ရှင်သန်နိုင်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံတော် ထူထောင်နိုင်စေရေးအတွက် ပြည်သူလူထုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်လျက် ရှိပါတယ်။

အထက်မှာတင်ပြခဲ့သလို ကျွန်တော်တို့ မျိုးဆက်သစ်လူထုကြီးက ဘယ်တော့မှ အာဏာရှင်တွေကို ဒူးထောက်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ ကျွန်တော်တို့ရဲ့ ဒီမိုကရက်တစ် ပြည်သူ့ ခေါင်းဆောင်များကလည်း အာဏာရှင်စနစ် မြန်မာ့မြေပေါ်က အပြီးတိုင်ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်ကြဖို့ စိတ်ဆုံးဖြတ်ထားပြီး ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ အစစအရာရာ အားနည်းချက်များ၊ မပြည့်စုံမှုများရှိတဲ့ကြားက အကြမ်းဖက် သတ်ဖြတ်နေတဲ့ ဖက်ဆစ်စစ်တပ်ကို ၂ နှစ်ကျော်ကြာတဲ့အထိ ထုထည်ကြီးမားစွာနဲ့ တိုက်ခိုက် နိုင်နေတာလည်း ဖြစ်ပါတယ်။

ဒီကနေ့မှာ အလျဉ်းသင့်လို့ တင်ပြလိုပါတယ်။ စစ်အာဏာရှင်တို့ဟာ မြန်မာလူထုက ဒီမိုကရေစီစနစ်နဲ့မထိုက်တန်ဘူး၊ စည်းကမ်းမဲ့တယ်၊ ဒီမိုကရေစီစနစ်ဆိုတာ ငြင်းခုန်ကြ၊ အမြင်ကွဲကြနဲ့ ခေါင်းဆောင်မှုအားနည်းတဲ့ စုစည်းနိုင်မှုမရှိတဲ့ ပရမ်းပတာစနစ်သာ ဖြစ်တယ်လို့ တစိုက်မတ်မတ် ဝါဒဖြန့်ခဲ့ကြပါတယ်။ ဒီလို စစ်တပ်ရဲ့ ဝါဒဖြန့်မှုကို မယုံကြည်သည့်တိုင် ဒီမို ကရေစီစနစ်ရဲ့ အားနည်းချက်တွေဖြစ်တဲ့ ခေါင်းဆောင်တွေ ငြင်းခုန်မှုတွေ၊ မတူကွဲပြားတဲ့ ခံယူချက်နဲ့ လုပ်ပုံကိုင်ပုံတွေကို စိတ်ပျက်ကြတဲ့ပြည်သူလူထုလည်း ရှိနိုင်ပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ နိုင်ငံ့ခေါင်းဆောင်ကနေ လူတစ်ဦးချင်းစီထိ ကျားမ၊ ဆင်းရဲချမ်းသာမရွေး ပါဝင် ကြတဲ့ စနစ်ဖြစ်လို့ အားလုံးမတူနိုင်တာ သဘာဝပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရဆိုရင်လည်း နယ်မြေဒေသမတူ၊ ဘာသာမတူ၊ အခြေခံအဖွဲ့အစည်းမတူတဲ့ ခေါင်းဆောင်တွေအားလုံး စုဖွဲ့ပြီး တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ ဦးဆောင်မှုပြုနေတဲ့ အစိုးရဖြစ်ပါတယ်။ ဒီလို မတူညီတဲ့ အစုအဖွဲ့တွေအားလုံး ပါဝင်မှုကပင်လျှင် ကျွန်တော်တို့ ပြည်သူ့အစိုးရရဲ့ အားသားချက်ဖြစ်ပါတယ်။ မတူညီမှုတွေကနေ အားလုံးလက်ခံနိုင်တဲ့ သဘော တူညီမှုတွေ ရရှိသည်အထိ စည်းရုံးလုပ်ဆောင်နိုင်ဖို့ကတော့ ခေါင်းဆောင်တွေရဲ့ တာဝန်သာ ဖြစ်ပါတယ်။ အာဏာရှင်တွေလို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တစ်သွေးတစ်သံ တစ်မိန့်နဲ့ လက်ခံကြတဲ့စနစ်မျိုး မဟုတ်တဲ့အတွက် တစ်ဦးနဲ့တစ်ဦး ယုံယုံကြည်ကြည်နဲ့ လက်တွဲလုပ်ဆောင်ပြီး အများလက်ခံသဘောတူတဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေနဲ့ ရရှိအောင် ကြိုးစားပြီး ရှေ့ဆက်ကြရမှာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအောင်မြင်မှုတွေကိုကြည့်ရင် ပြည်သူလူထုက တခဲနက်ပါဝင်မှု၊ တော်လှန်ရေးအင်အားစုတွေအပေါ် ယုံကြည်မှု၊ အချင်းချင်းအပြန်အလှန် ထိန်းကျောင်းမှု၊ လူ့အခွင့်အရေးတွေကို လိုက်နာမှုနှင့် လူသားဆန်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ကတော့ လူတစ်ဦးတည်းအပေါ်မှာ မှီခိုတဲ့စနစ် ကျင့်သုံးတာဖြစ်တဲ့အတွက် လက်နက်အင်အား သာလွန်သော်လည်း အဖက်ဖက်က ကျွန်တော်တို့ တော်လှန်ရေးအင်အားစု ကို မယှဉ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြာင့် ဒီမိုကရက်တစ်ခေါင်းဆောင်များ၊ ပြည်သူလူထုများ အနေနဲ့ မိမိတို့ အားသာချက်များ၊ အားနည်းချက်များကို နားလည်ကာ ဒီမိုကရက်တစ် တန်ဖိုး များကို ဆက်လက်ထိန်းသိမ်းကြဖို့၊ မတူကွဲပြားမှုတွေအပေါ် စိတ်မပျက်ကြဖို့ အလေးအနက် ထား တိုက်တွန်းလိုပါတယ်။ မတူမှုများကို အတူတကွ ညှိနှိုင်းဆောင်ရွက်ကာ တော်လှန်ရေး ပန်းတိုင်ကို ချီတက်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

ဒီကနေ့ နိုင်ငံတကာဒီမိုကရေစီနေ့ရဲ့ အဓိက ‘Theme’ က “Empowering the next generation” လို့ ဆိုတဲ့အတွက် ဒီမိုကရေစီတန်ဖိုးနဲ့ ဒီစနစ်ကပေးတဲ့ အခွင့်အရေးတွေကို မျိုးဆက်သစ်တွေ ပိုမိုနားလည်ဖို့ ကျင်းပကြတာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ ကမ္ဘာကြီးမှာ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေက မျိုးဆက်သစ်တွေရဲ့ဘဝတွေ ပိုမိုကောင်းမွန် စေဖို့ ရည်ရွယ်ကြိုးပမ်းဆောင်ရွက်နေကြချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ မျိုးဆက်သစ်တွေကတော့ သူတို့ရဲ့အနာဂတ်တွေကို အကြမ်းဖက်စစ်အာဏာရှင်တွေရဲ့လက်က ပြန်လည်တိုက်ယူနေတဲ့ အချိန် ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ လူငယ်မျိုးဆက်တွေကတော့ တော်လှန်ရေးကြီးကို ဆင်နွှဲကြရင်း ဒီမိုကရေစီရဲ့တန်ဖိုး၊ လူသားအခွင့်အရေးနဲ့ တန်ဖိုးတွေကို အသက်တွေ၊ ဘဝတွေနဲ့ရင်းပြီးတော့ကို တန်ဖိုးထားတတ်နေပြီ ဖြစ်ပါတယ်။ ဒီအတွေ့အကြုံနဲ့ အတူ ကျွန်တော်တို့မျိုးဆက်တွေ ပိုမိုရှင်သန်လာကြမယ်လို့လည်း ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေဖြင့် ယခုလက်ရှိ အာဏာရှင်စနစ်ရဲ့အမှောင်ထုကြီးဟာ နောက်ဆုံး အမှောင်ထုကြီးသာဖြစ်ရမယ်လို့ ကျွန်တော့အနေနဲ့ အပြည့်အဝယုံကြည်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ပြည်သူတွေဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို ခိုင်မာမြဲမြံစွာ တည်ဆောက်ကြတော့မယ့် အလင်းရောင် စတင်မြင်နေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် တို့ ဒီမိုကရေစီခေါင်းဆောင်များအားလုံးနဲ့ ပြည်သူများအားလုံး မတူကွဲပြားမှုတွေကြားက တော်လှန်ရေးပန်းတိုင် ရောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်ကာ သမိုင်းသစ်ကို ရေးထိုး ကြဖို့ တိုက်တွန်းရင်း ကျွန်တော်ကိုယ်တိုင်လည်း ခရီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမှာ ဖြစ် ကြောင်း ကတိပြုပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Scroll to Top