၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်
ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာ့ရှ်ကင့်မြို့၌ ၅-၄-၂၀၂၅ ရက်နေ့မှ ၉-၄-၂၀၂၅ ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။
ညီလာခံကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအစည်းအဝေးများ၊ အမှုဆောင်ကောင်စီအစည်းအဝေး၊ General Debate အစီအစဉ်၊ အမြဲတမ်းကော်မတီအစည်းအဝေးများနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးသည် ၈-၄-၂၀၂၅ ရက်နေ့တွင် “Parliamentary Action for Social Development and Justice” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ညီလာခံ၏ General Debate အစီအစဉ်တွင် မြန်မာ့အရေးနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
ထို့ပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ ဥက္ကဋ္ဌ၊ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘူတန်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ တီမောလက်စတေ့နိုင်ငံ၊ ဩစတီးရီးယားနိုင်ငံ၊ ဘူတန်နိုင်ငံ၊ ဆွီဒင်နိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများကို ရှင်းလင်းပြောကြားကာ ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကိုလည်း တောင်းဆိုခဲ့ပါသည်။
ညီလာခံ တက်ရောက်လာသည့် နိုင်ငံများနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် လက်ရှိမြန်မာ့အရေးအခြေအနေများ၊ စစ်အာဏာသိမ်းမှုနောက် ပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ၊ မကြာသေးမီက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်နှင့် ပတ်သက်သည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကာ ငလျင်ဘေးဒဏ်ခံ ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အကူအညီများ ထိရောက်စွာ ရရှိရေးနှင့် ရရှိလာသည့် အကူအညီများ ပြည်သူ့လက်ဝယ် ရောက်ရှိရေး၊ ငလျင်ဒဏ်ကြီးမားစွာ ခံစားနေရချိန်တွင်ပင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှု တိုးမြှင့်လုပ်ဆောင်နေမှုများနှင့် အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ ချက်ချင်းရပ်တန့်စေရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတွင် နိုင်ငံတကာက ကူညီပေးရေး စသည်တို့ကို သက်ဆိုင်ရာ နိုင်ငံများ၏ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် ဆွေးနွေးခဲ့သည်။
၈-၄-၂၀၂၅ ရက်နေ့တွင် အမှုဆောင်ကောင်စီအစည်းအဝေး၌ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးအား မြှင့်တင်နိုင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု ပဋိပက္ခအား ဖြေရှင်းနိုင်ရေးတွင် လွှတ်တော်ကဏ္ဍက တိုးမြှင့်ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်လျက် “Parliamentary Diplomacy to Promote Peace and Address the Humanitarian Crisis in Myanmar” ခေါင်းစဉ်ဖြင့် အရေးကြီးအဆို (Emergency Item) အဖြစ် တင်သွင်းခဲ့သည်။ သို့ရာတွင် မြန်မာနှင့် သက်ဆိုင်သည့် အဆိုအပါအဝင် Emergency Item (၃) ခုအား သက်ဆိုင်ရာ နိုင်ငံများက တင်သွင်းခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရာတွင် သတ်မှတ်ရာခိုင်နှုန်းပြည့်မီခြင်းမရှိသဖြင့် ဆက်လက်ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိပါ။ သို့သော် မြန်မာ့အရေးအဆိုသည် မဲအများဆုံးရရှိခဲ့ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယင်းအဆိုအား တင်သွင်းနိုင်ရေးနှင့် ထောက်ခံမှုရရှိနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ (ယင်းမြန်မာနှင့် ပတ်သတ်သည့် အဆိုအား ဤလင့် https://cloud.ipu.org/sharing/zljuAqSLH မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်ကာ ဖတ်ရှုနိုင်ပါသည်။)
၉-၄-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ တရားဝင်မိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။
ထို့ပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပေါ် အကြမ်းဖက်စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက် ချမှတ်ရာတွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအား ချက်ချင်းလွှတ်ပေးရန်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် ရုပ်ပိုင်းနှင့် ဥပဒေပိုင်းအရ အရေးယူနေမှုများ ရပ်တန့်ပေးရန်၊ IPU အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုအား ကျူးလွန်လုပ်ဆောင်မှုအတွက် တာဝန်ရှိသည့် မည့်သူကိုမဆို နိုင်ငံတကာတရားစီရင်ရေးစည်းမျဉ်းအရ အရေးယူပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ တိုက်တွန်းပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များအပါအဝင် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ကြောင်း ပြသရန် တိုက်တွန်းခဲ့ပါသည်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ လက်ရှိ အင်အားပြင်း ငလျင်အခြေအနေ၊ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လုပ်ဆောင်ထားသည့် အကြမ်းဖက်မှုများအခြေအနေ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ် ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများနှင့် နိုင်ငံတကာအသိုက်အဝန်းထံသို့ တောင်းဆိုတိုက်တွန်းချက်များပါဝင်သည့် လက်ကမ်းစာစောင်များကိုလည်း ကိုယ်စားလှယ်အဖွဲ့များသို့ ဖြန့်ဝေခဲ့ပါသည်။
လက်ရှိအချိန်တွင် စစ်အာဏာရှင်စနစ်အမြန်ဆုံးကျဆုံးနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထုအပါအဝင် အင်အားစုအသီးသီးက ကြိုးပမ်းနေချိန်တွင် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ပေးမှုသည် အဓိကကျသော နည်းလမ်းတစ်ရပ်ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်သူလူထုက ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ အသိအမှတ်ပြုမှု၊ အတူရပ်တည်ပေးမှုနှင့် ပံ့ပိုးကူညီမှုများ ဆက်လက်တိုးမြှင့်ရရှိနိုင်ရေးတို့အတွက် လွှတ်တော်ကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ














