Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဦးဆောင်ကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဦးဆောင်ကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၃ ခုနှစ် စက်တင်ဘာ (၁၅) ရက်

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ကျွန်တော်တို့ အင်မတန်ချစ်မြတ်နိုးတဲ့ ဒီမိုကရေစီစနစ်ကို အမှတ်ရစေဖို့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော် အကြီးအကဲများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ခေါင်းဆောင်ကြီးများ၊ နိုင်ငံ တကာမှ ဖိတ်ကြားထားတဲ့ ခေါင်းဆောင်ကြီးများ၊ ဒီမိုကရေစီနေ့အခမ်းအနား ဖြစ်မြောက်အောင် ကျင်းပပေးတဲ့ CRPH ဥက္ကဋ္ဌကြီးနဲ့ CRPH လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးကို ကျွန်တော့်အနေနဲ့ အထူးကျေးဇူးတင်ကြောင်း ပဏာမ ပြောကြားလိုပါတယ်။ ငြိမ်းချမ်းခြင်း မင်္ဂလာအပေါင်းနဲ့လည်း ပြည့်စုံပါစေလို့ ကျွန်တော့်အနေနဲ့ ပထမဦးဆုံး ပြောလိုပါတယ်။

ဒီမိုကရေစီလို့ ပြောရင် အနှစ်သာရအားဖြင့် အမြောက်အမြားရှိတာ တွေ့ရမှာ ဖြစ်ပါ တယ်။ ဒီနေ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ ကျွန်တော့်အနေနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ အများအပြားရှိတဲ့အထဲက အခြေခံကျတဲ့ အချက် (၃) ချက်ကို ကောက်နုတ် ပြောချင် ပါတယ်။ အဲဒီ့အချက် (၃) ချက်ကတော့ “တန်းတူညီမျှခြင်း” “လွတ်လပ်ခွင့်” နဲ့ “တရားဥပဒေ စိုးမိုးမှု” ဆိုတဲ့ အချက် (၃) ချက် ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီကို မြည်းစမ်းခွင့်သာ ရပြီး ဒီမိုကရေစီရဲ့ အရသာကို အချိန်ကြာကြာ စားသုံးခွင့် မရခဲ့ကြပါဘူး။ အခုလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်လို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး သန္ဓေတည်နေတဲ့ကာလမှာပဲ နောက်ကြောင်းပြန်မှု ဖြစ်ပွား ခဲ့ပါတယ်။ ဒါကို အခု ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုရဲ့ သဘော ထားနဲ့အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိအောင် ပြန်လည်တွန်းတင်နေကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် အလျင်အမြန် ပြန်ရောက်ဖို့ လိုပါတယ်။

ဒီတစ်ခါ နွေဦးတော်လှန်ရေးမှာ တွေ့ရတဲ့ လူထုဒီမိုကရေစီကြိုးပမ်းမှုကြီးကတော့ ဒီမိုကရေစီသက်သက် မဟုတ်တော့ပါဘူး။ ဖက်ဒရယ်စနစ်လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးရဲ့ လူထုကြွေးကြော်သံဟာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ဟာ “တန်းတူညီမျှမှု” ကို ကိုယ်စားပြုတယ်လို့ ယူဆပါတယ်။ Identity လို့ ခေါ်တဲ့ အမှတ်သရုပ်အရ တန်းတူညီမျှတာနဲ့ အာဏာခွဲဝေမှုအရ တန်းတူညီမျှတာတွေဟာ ဖက်ဒရယ်စနစ်မှာ အကြုံးဝင်တယ်လို့ ယူဆပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အခြေခံစံနှုန်းတွေကလည်း ဖက်ဒရယ်စနစ်မှာ ပါဝင်နေပါတယ်။ လွတ်လပ်စွာ စီရင်ပြဋ္ဌာန်းပိုင်ခွင့်ဟာ အာဏာအရ တန်းတူညီမျှခွင့်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒီမိုကရေစီဟာ လူထုရဲ့လွတ်လပ်ခွင့်ကို အာမခံထားချက် ဖြစ်ပြီး ဖက်ဒရယ်ကတော့ လူမျိုးစုပြဋ္ဌာန်းခွင့်ကို လွတ်လပ်ခွင့် ပေးထားတယ်လို့ ယူဆပါတယ်။ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။

ဒီမိုကရေစီမှာ လူထုတန်းတူညီမျှခွင့်ကို ဇောင်းပေးပြောတာတွေ့ရပြီး ဖက်ဒရယ် မှာတော့ လူမျိုးစုတွေရဲ့ တန်းတူညီမျှမှုကို အခြေခံပြီး ပြောနေတာ တွေ့ရပါတယ်။ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ဟာ အခြေခံမိတ်ဖက်တွေ ဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ ဒါ့ကြောင့် ဒီနေ့ နိုင်ငံ တကာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ဟာ မွေးရာပါ မိတ်ဖက် တွေ ဖြစ်ကြောင်း ပြောချင်ပါတယ်။ ဒီနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ် အားလုံးကလည်း ဒီအခြေခံအချက်ကို သတိတရ ရှိကြပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။

နောက်ထပ် ပြောကြားချင်တာကတော့ တရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ပြီး အထူး ပြောချင်ပါတယ်။ ဒီမိုကရေစီမှာ လူထုလွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုတွေ အရေးကြီးသလို တိုင်းပြည်နဲ့ လူထုအတွင်းမှာ တရားဥပဒေစိုးမိုးဖို့လည်း အရေးကြီးပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံစံတန်ဖိုးတွေထဲမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အခြေခံအချက် ပါဝင်ပါတယ်။ ကျွန်တော် တို့ဟာ အခုအချိန်မှာ တော်လှန်ရေးကာလအတွင်း ဖြတ်သန်းနေကြရပါတယ်။ လူထုဟာ မိုးထဲ ရေထဲမှာ ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်နေကြရတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်သူလူထုဟာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု တွေနဲ့ ကြုံနေကြရပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မျှော်လင့်ချက်တွေ ပျက်သုဉ်း လိုက်တာနဲ့ ပြည်သူလူထုဟာ တရားသောဥပဒေတွေရဲ့ ကာကွယ်ပေးမှုကို မခံရတော့ပါဘူး။ ဒါကို သေချာနားလည်ပြီး ကျွန်တော်တို့ဟာ တရားသောဥပဒေတွေနဲ့ ထိန်းကျောင်းထားသော လူမှုအဆောက်အအုံကို တည်ဆောက်ဖို့ လိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ လွှတ်တော်အင်စတီကျူးရှင်း တစ်ခုဖြစ်တာကြောင့် တရားသောဥပဒေတွေဟာ ကျွန်တော်တို့နိုင်ငံမှာ အုတ်မြစ်ချနိုင်ရေး အတွက် အဓိကတာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ယူဆပါတယ်။

ဒါပေမယ့် ဒါဟာ အတူတကွ အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြရမယ့်ကိစ္စ ဖြစ်တယ် လို့ ယုံကြည်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ ကျွန်တော် တို့ဟာ ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရတွေကို ဘက်ပေါင်းစုံကနေ မြှင့်တင်ကြဖို့ တိုက်တွန်း လိုပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရဲ့ မွေးရာပါ မိတ်ဖက်ဖြစ်တဲ့ ဖက်ဒရယ်စံနှုန်းတွေကိုလည်း ကျွန်တော်တို့ လူထုကြားထဲ သယ်ဆောင်လာကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်အားဖြင့် ပြောကြားချင်တာကတော့ ကျွန်တော်တို့ဟာ ယခုအချိန်မှာ နိုင်ငံ သစ်နဲ့ လူ့အဖွဲ့အစည်းသစ်ကို တည်ထောင်နေကြခြင်း ဖြစ်ပါတယ်။ ဒီလို တည်ဆောက်တဲ့ နေရာမှာ အဟောင်းကို ဖြိုတဲ့ လုပ်ငန်းစဉ်တွေ ရှိသလို၊ အသစ်ကို တည်ဆောက်တဲ့ လုပ်ငန်းစဉ် တွေလည်း ရှိပါတယ်။ အသစ်ကို တည်ဆောက်ရာမှာ ဒီမိုကရေစီရဲ့ အခြေခံစံတန်ဖိုးတွေ ဖြစ်တဲ့ တန်းတူညီမျှရေး၊ လွတ်လပ်ခွင့်နဲ့ တရားသော ဥပဒေမူဘောင်များ အုတ်မြစ်တည်နိုင်ရေးကို  အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီးနဲ့ တည်ဆောက်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်း ရင်း နိဂုံးချုပ်အပ်ပါတယ်။ မြန်မာပြည်ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံဖြစ်ပါတယ်။ အမြန်ဆုံး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီကို ရကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

Scroll to Top