Home / ပြည်သူ့ရေးရာကော်မတီသည် CDM Success Committee၊ ဧရာဝတီတိုင်းဒေသကြီးမှ CDMer များနှင့် တွေ့ဆုံ၍ ချိတ်ဆက်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေး

ပြည်သူ့ရေးရာကော်မတီသည် CDM Success Committee၊ ဧရာဝတီတိုင်းဒေသကြီးမှ CDMer များနှင့် တွေ့ဆုံ၍ ချိတ်ဆက်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ပြည်သူ့ရေးရာကော်မတီသည် CDM Success Committee နှင့်အတူ ဧရာဝတီတိုင်းဒေသကြီးမှ CDMer များ၊ CDM အရေးဦးဆောင်သူများနှင့်  မြေပြင်ချိတ်ဆက်ဆောင်ရွက်နိုင်မှုများ ပြုလုပ်နိုင်ရန် တွေ့ဆုံဆွေးနွေးသည့် အစီအစဥ်တစ်ရပ်အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက် (အင်္ဂါနေ့)၊ ၁၂၃၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကားပြောကြားရာ CDM များ၏ အင်အားသည် တော်လှန်ရေးတွင် အလွန်အရေးပါပြီး မိမိတို့ထံ မဆက်သွယ်သော်လည်း ယနေ့အထိ တတ်နိုင်သည့်ဘက်မှ ရပ်တည်တောင့်ခံနေသည့် CDM များလည်းရှိပြီး၊ တောထဲတွင်ရောက်ရှိ၍ နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင် နေကြသူများလည်းရှိကြောင်း၊ CDM များအနေဖြင့် တော်လှန်ရေးတွင်သာမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်နေကြသည်များရှိ၍ အားကိုးကြောင်းနှင့် ဆက်လက်ပြီး အင်တိုက်အားတိုက် ပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

၎င်းနောက် ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး က နှုတ်ခွန်းဆက်အားပေးစကားပြောကြားရာ၌ မိမိတို့တွင် CDM Roadmap ရှိပြီး ၎င်းအတိုင်း သွားနေ၍ ယန္တရားကို CDM များဖြင့် လည်ပတ်မည့်အနေအထား အဆင်သင့်ဖြစ်နေကြောင်း၊  ယန္တရားကို CDM များ၏ အင်အားဖြင့် လည်ပတ်ရမည်ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီးမှ CDM များအနေဖြင့် ပါဝင်နိုင်ချိန်တွင် အားအင်အပြည့်ဖြင့်ပါဝင်၍ တော်လှန်ရေးကို ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ စုပေါင်းပါဝင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့ရေးရာကော်မတီ၊ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က ယနေ့တွေ့ဆုံမှုသည် CDM များအနေဖြင့် မိမိတို့၏ ဖွဲ့စည်းဆောင်ရွက်မှုများကို သိရှိနိုင်ပြီး ပူးပေါင်း၍ ပန်းတိုင်ရောက်ရန် လျှောက်လှမ်းသွားကြဖို့ဖြစ်ကြောင်း၊ မြို့နယ်၊ တိုင်းအလိုက် မိမိတို့ CRPH၊ NUG၊ CDM Success Committee တို့ဖြင့် ပိုမိုချိတ်ဆက်မိ၍ အင်အားမျှဝေရယူပြီး အနိုင်တိုက်နိုင်ဖို့ဖြစ်ကြောင်းနှင့်  ပြည်သူ့ရေးရာကော်မတီ၏ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းအကောင်အထည်ဖော်ထားရှိမှု၊ CDM ထောက်ပံ့နေမှုများအား ရှင်းလင်းပြောကြားပြီးနောက် CDM Success Committee ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် Taskforce များဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို  သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး  တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တွေ့ဆုံမှုအား ၁၅၃၀ နာရီအချိန်တွင် ရပ်နားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် CDM Success Committee မှတာဝန်ရှိသူများ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးမှ CDM အရေး ဦးဆောင်သူ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် CDMer များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top