၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်
ယနေ့အခမ်းအနားသို့ တက်ရောက်လာကြပါသော နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ CDM သူရဲကောင်းများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ဖိတ်ကြားထားသော နိုင်ငံတကာမှ ဧည့်သည်တော်များ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များနှင့် ယနေ့အခမ်းအနားအား online မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှု အားပေးနေ သော ပြည်သူများအားလုံး စိတ်အေးချမ်းမှု၊ ကိုယ်ကျန်းမာမှု ပြည့်စုံလျက် ကောင်းကျိုးဆန္ဒများ အားလုံး အကောင်အထည်ဖော် အောင်မြင်ပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက် ဆုတောင်းလိုက်ပါ တယ်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ဒီကနေ့ ကျင်းပတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (၄) နှစ်ပြည့် ဂုဏ်ပြုအထိမ်းအမှတ်အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ ကိုယ်စား ကျနော့်အနေနဲ့ အမှာစကား ပြောကြားရတဲ့အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်။
၂၀၂၁ ခုနှစ်မှာ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့အစိုးရထံမှ လက်နက်အားကိုး၍ နိုင်ငံတော်တော်လှန်ပုန်ကန်မှုကျူးလွန်ကာ နိုင်ငံတော်၏ အာဏာအား အတင်းအကြပ် လုယူခဲ့ သည်မှာ မိမိတို့နိုင်ငံအတွက် အလုံးစုံအတိဒုက္ခရောက်စေသည့် သွေးစွန်းသမိုင်း မှတ်တမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ပြည်သူ့သူရဲကောင်းဝန်ထမ်းများဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement-CDM) ကို ဖော်ဆောင်ကာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးအဖြစ် အစောဆုံးလှုပ်ရှားပါဝင်ခဲ့ကြပါတယ်။ ယနေ့အချိန်ထိလည်း ပါဝင်နေဆဲဖြစ်တဲ့ အတွက် မိမိတို့အနေဖြင့် လွန်စွာ အလေးထား ဂုဏ်ယူပါကြောင်းနှင့် ဦီးညွှတ်အလေးပြုပါကြောင်း ပြောကြားလိုပါတယ်။
စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချုပ်ငြိမ်းနိုင်ရေးအတွက် တက်ကြွစွာ ပါဝင်လာ ခဲ့သည့် လက်ရှိတော်လှန်ရေးရဲ့ ကနဦးအစဖြစ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ ယနေ့တွင် (၄) နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အကြမ်းဖက်အာဏာရှင်စစ်မိစ္ဆာအုပ်စုသည်လည်း ယနေ့အချိန်ထိတိုင် ကျနော်တို့ရဲ့ CDM သူရဲကောင်းများအား အကြမ်းဖက် နည်းလမ်းအမျိုးမျိုးဖြင့် အကြောက်တရားသွင်း၍ CDM လှုပ်ရှားမှုကြီးကို တားဆီးနိုင်ရန် ကြိုးစားလုပ်ဆောင်နေလျက် ရှိပါတယ်။ ဒါပေမဲ့ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို ဘယ်လိုရင်ဆိုင်ကြုံတွေ့နေရပါစေ CDM သူရဲ ကောင်းများက ဒူးထောက်အညံ့ခံခြင်းမရှိဘဲ နိုင်ငံ့တာဝန်ကို ကျရာကဏ္ဍတွင် ပီပြင်စွာ ပူးပေါင်းပါဝင် လျက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ခုခံတွန်းလှန်တော်လှန်လျက် ရှိပါ တယ်။ ဒီလိုကဏ္ဍအသီးသီးမှာ လှုပ်ရှားပါဝင်ရင်း တာဝန်ကျေပွန်စွာ ဆောင်ရွက်ရင်းဖြင့် တဖက် မှာလည်း မိသားစုဘဝရပ်တည်ရေးအတွက် အခက်အခဲကြပ်တည်းမှုများစွာဖြင့် ရုန်းကန်နေကြ ရတာကို မိမိတို့ အားလုံးထပ်တူ ခံစားနားလည်မိပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ပြည်သူ့ရေးရာကော်မတီအနေဖြင့် လည်း စားဝတ်နေရေးနှင့် လူသားချင်းစာနာထောက်ထားမှု အရေးပေါ်ထောက်ပံ့မှု တင်ပြလာခြင်း များအား အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပမှ အလှူရှင် များ၊ Ahlu Shin application နဲ့ Spring Legends Youtube channel တို့မှ ရရှိသည့် ဝင်ငွေများ ဖြင့် CDM ထောက်ပံ့မှုများအတွက် ကြိုးစားဆောင်ရွက်နေတာကိုလည်း အသိပေး ပြောကြားလိုပါ တယ်။ CDM ဝန်ထမ်းတစ်ဦးစီအတွက် ထောက်ပံ့မှုမျိုး စီစဥ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော် လည်း သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ နယ်မြေတာဝန်ခံများမှတစ်ဆင့် လမ်းကြောင်း အသီးသီးကနေ ဆက်သွယ်ချိတ်ဆက်လာသည့် အရေးပေါ်ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ CDM ပြည်သူ့ဝန်ထမ်း (၁,၁၅၀) ဦးအတွက် မြန်မာငွေကျပ် (၇၂၈.၅) သိန်းကျပ်အား ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်။ ပြည့်စုံလုံလောက်တဲ့ ပမာဏလို့ မဆိုနိုင်တာကိုလည်းပဲ ကောင်းကောင်းအသိအမှတ်ပြုပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာပြဿနာများ လျော့ပါးကာ စိတ်ဓာတ်ခွန်အား တိုးပွားစေနိုင်ရန် ရည်ရွယ် လျက် စိတ်ကျန်းမာရေးဆိုင်ရာသင်တန်း (၉) ကြိမ်ကိုလည်း နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) နှင့်အတူ ၂၀၂၄ ခုနှစ်အတွင်း ပူးပေါင်းစီစဉ်ပြုလုပ်ပေးနိုင်ခဲ့ပါ တယ်။ ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်ပြီးလည်း စီစဥ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း အသိပေး လိုပါတယ်။
နောက်တစ်ချက်အနေနဲ့ ပြောကြားလိုတာက CDM ပြည်သူ့ဝန်ထမ်း သူရဲကောင်းများ ၏ အခန်းကဏ္ဍသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် လွန်စွာအရေးကြီးသော အခန်းကဏ္ဍ တစ်ရပ်ဖြစ်သည်နှင့်အညီ ယခုအချိန်တွင် နိုင်ငံ့ဝန်ထမ်း CDM များအတွက် CDM မူဝါဒများ ချမှတ် ထားပြီး ခိုင်မာသော မူဝါဒများမှတစ်ဆင့် အားကောင်းသော ဥပဒေများ ပေါ်ပေါက်လာရေးအတွက် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ (မူကြမ်း) ကို CDM အောင်မြင်ရေးကော်မတီအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဥပဒေရေးရာ ကော်မတီကနေပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိတာကို မကြာမီအချိန်ကာလတွင် ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ပါသည်။
ယနေ့အခမ်းအနားမှာ နိုင်ငံရေးတွင် ဦးဆောင်ပါဝင်နေသူများအပါအဝင် တော်လှန်ရေး တိုင်းရင်းသားခေါင်းဆောင်များ၏ အမှတ်တရအမှာစကား ပြောကြားခြင်းများ၊ စိတ်ခွန်အားဖြည့် ကဏ္ဍများ၊ ပြည်သူချစ်အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ CDM များ၏ ရင်ဖွင့်စကားဝိုင်းများ စသည့်အမှတ်တရ အစီအစဥ်များကို CDM Success Committee အနေဖြင့် ဦးဆောင်ဦးရွက်ပြု လျက် ဝန်ကြီးဌာနအသီးသီးမှ CDM focal များ၏ စီစဥ်ဆောင်ရွက်ပေးမှုများအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း လေးစားစွာ မှတ်တမ်းတင်ပြီးတော့ ပြောကြားလိုပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်နေကြတဲ့ တစ်ဦး တစ်ယောက်ချင်းစီ၏ စွန့်လွှတ်စွန့်စားမှုများ၊ အနစ်နာခံပေးဆပ်ရမှုများဟာ မိမိတို့ နိုင်ငံတော် အတွက်သာမက ကမ္ဘာ့နိုင်ငံများကပါ အသိအမှတ်ပြု ချီးကျူးလေးစားရသည့် ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာ အရည်အချင်းနှင့် သမိုင်းဝင်လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနားမှာ လည်း ထပ်လောင်းကာ ဂုဏ်ပြုပြောကြားလိုပါတယ်။ ဒါ့အပြင် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ လုပ်ငန်းစဉ်အသီးသီးတွင်လည်း ယခု CDM သူရဲကောင်းများအနေဖြင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုတာ ယုံကြည်ပါကြောင်း ပြောကြားလျက် နိဂုံးချုပ် ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အရေးတော်ပုံ မုချအောင်ရမည်။


