Home / အခြေခံလူ့အခွင့်အရေးဆိုင်ရာသင်တန်းများအား CRPH လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်း ကျင်းပပြုလုပ်

အခြေခံလူ့အခွင့်အရေးဆိုင်ရာသင်တန်းများအား CRPH လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်း ကျင်းပပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ အွန်လိုင်းသင်တန်းအား CRPH ရေးရာကော်မတီဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များအတွက် (၃) ကြိမ်ခွဲကာ အောင်မြင်စွာ ဖွင့်လှစ် ပို့ချပေးနိုင်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာအကြောင်းအရာများကို  ပိုမိုသိရှိနားလည် သဘောပေါက်စေရန်၊ လူမှုပတ်ဝန်းကျင်တွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာများအား ပြန်လည်မျှဝေပေးနိုင်ရန်နှင့် လက်တွေ့ကျင့်သုံးလိုက်နာနိုင်စေရန် ရည်ရွယ်၍ အဆိုပါသင်တန်းအား ပို့ချခဲ့ခြင်း ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲတွင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ယခုကဲ့သို့ ဝန်ကြီးဌာနနှင့်ပူးပေါင်းစီစဥ်၍ သင်တန်းများ ကျင်းပ ပြုလုပ်နိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် နိုင်ငံတွင် ဖြစ်ပေါ် ကြုံတွေ့နေရသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ကိုယ်တိုင်သိရှိနားလည်ကာ ယခု သင်တန်းမှ ရရှိလာသည့် အသိပညာဗဟုသုတများအား လက်တွေ့အကောင်အထည် ဖော်အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကလည်း ဝန်ကြီးဌာန၏ ရည်မှန်းချက်များအား ဖော်ဆောင်လျက် လူ့အခွင့်အရေးအတွက် တာဝန်သုံးရပ်ဖြစ်သည့် လေးစားခြင်း (Respect)၊ ကာကွယ်ခြင်း (Protect)နှင့် ဖြည့်ဆည်းပေးခြင်း (Fulfil)တို့ကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထိုသင်တန်းများတွင် သင်တန်းနည်းပြ (၂)ဦးက လူ့အခွင့်အရေး၏ အခြေခံအချက်များ၊ လူ့အခွင့်အရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အမျိုးအစားများနှင့် အနှစ်သာရများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပေါ်ပေါက်လာပုံနှင့် စာတမ်းပါ ပြဋ္ဌာန်းချက်များ၊  နိုင်ငံတကာလူ့အခွင့်အရေး စာချုပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းများ၊ လူ့အခွင့်အရေးနှင့်ပတ်သက်၍ အစိုးရ၏ တာဝန်ရှိမှုများ၊ နိုင်ငံသားများ၏ တာဝန်သိမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် တိုင်ကြားနိုင်သောယန္တရားများ စသည့် အကြောင်းအရာများအား အပြန်အလှန် မေးမြန်းဆွေးနွေးမှုများဖြင့် စိတ်ဝင်စားဖွယ် ရှင်းလင်း ပို့ချပေးခဲ့ကာ သင်တန်း (၃)ကြိမ်တွင် စုစု‌ပေါင်း သင်တန်းသားဦးရေ (၁၂၀)ကျော် တက်ရောက်လေ့လာခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top