၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၀/၂၀၂၃) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ခွန်းစောဖူး က ကတိသစ္စာပြုကျမ်းသစ္စာဆိုခြင်းပြုလုပ်ခဲ့ပြီး ရေးရာကော်မတီအဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က တက်ရောက်လာသည့် CRPH အဖွဲ့ဝင်များနှင့် ရေးရာကော်မတီအဖွဲ့ဝင်များအား အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “လက်ရှိပြောင်းလဲနေတဲ့ အခြေအနေမျိုးမှာ သတင်းအချက်အလက်တွေကို မျက်ခြေမပြတ် ကြည့်ပြီးတော့ အင်မတန်အရေးကြီးတဲ့ အခြေအနေမျိုးရှိတယ်ဆိုတာ အားလုံးလည်း သိပြီးသား ဖြစ်ပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ခွန်းစောဖူး က ကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုကျမ်းသစ္စာဆိုခြင်းပြုလုပ်ခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဥပဒေရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ NUCC ရေးရာကော်မတီနှင့် ပညာရေးကော်မတီများက ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြကာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ပြီး ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားရာတွင် “ဆန်စင်ရာ ကျည်ပွေ့မလိုက်ဖို့၊ အယောင်ပြထားတဲ့အမှားကို အမှန်ထင်ပြီး အဲဒီဘက်ကို အာရုံစိုက်ပြီးတော့ မျောပါမသွားဖို့၊ လမ်းလွဲမသွားဖို့ အရေးကြီးပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ကာ အစည်းအဝေးအား ၂၁:၀၀ နာရီအချိန်တွင် ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများက ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ခွန်းစောဖူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

