၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်
ယနေ့ကျရောက်သော နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို “ဒီမိုကရေစီ ခိုင်မာအားကောင်းဖို့ မျိုးဆက်သစ်များကို မြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ကြီးမှူးကျင်းပခဲ့ရာ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီများ၊ ပြည်တွင်းပြည်ပမိတ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံတမန်များနှင့် CDM များ ပါဝင်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌတို့က ဒီမိုကရေစီနေ့ အထိမ်းအမှတ် မိန့်ခွန်း ပြောကြားခဲ့ကြသည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ဦးတိုးကျော်လှိုင်၊ ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ခူးသဲရယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါ်ခင်လှဌေးနှင့် အကြမ်းမဖက်အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Cedric တို့က ဒီမိုကရေစီနေ့ အထိမ်းအမှတ် သဝဏ်လွှာများ အသီးသီး ဖတ်ကြားခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) ဥက္ကဋ္ဌမှ ပေးပို့သော သဝဏ်လွှာအား CRPH အဖွဲ့ဝင် ဒေါ်မြတ်သီတာထွန်းက ဖတ်ကြားခဲ့ကာ International IDEA Myanmar ၏ Head of Mission ဖြစ်သူ Mr. Marcus Brand က နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အမှတ်တရ စကားပြောကြားခဲ့ပါသည်။
အခမ်းအနား၌ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဥက္ကဋ္ဌ၊ ဥရောပပါလီမန်(EP) ဒုတိယ ဥက္ကဋ္ဌ တို့မှ ပေးပို့သော ဗီဒီယိုမက်ဆေ့များ၊ နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသူများ၏ ဒီမိုကရေစီအရေး ကြိုးပမ်းမှုနှင့်ပတ်သက်သည့် စကားသံများနှင့် မြန်မာပြည်သူများ၏ ခေတ်အဆက်ဆက် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှု မှတ်တမ်းဗီဒီယိုများကိုလည်း ပြသခဲ့သည်။
မွန်းတည့် ၁၂:၀၀ နာရီခန့်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ









