Home / အန်ဂိုလာနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိ

အန်ဂိုလာနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိ

အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိပါသည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအစည်းအဝေးများ၊ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ အမြဲတမ်းကော်မတီအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်လျက်ရှိပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်သည် ၂၅-၁၀-၂၀၂၃ ရက်နေ့တွင် ညီလာခံ၏ General Debate အစီအစဉ်၌ မိန့်ခွန်းပြောကြားခဲ့သည်။

ထို့ပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံကာလအတွင်း နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ တာဝန်ရှိသူများ၊ ညီလာခံတက်ရောက်လာသည့် ကိုယ်စာလှယ်အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

(၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား ၂၃-၁၀-၂၀၂၃ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ၂၇-၁၀-၂၀၂၃ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။ ညီလာခံ၌ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အကြမ်းဖက်အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူများအပေါ် ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများနှင့် နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းက မြန်မာ့ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုအပေါ် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုချက်များပါဝင်သည့် စာရွက်စာတမ်းများအား ဖြန့်ဝေခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) က မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် တရားဝင်လွှတ်တော်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ရရှိရေးတို့အတွက် နိုင်ငံတကာအသိုက်အဝန်း၏ ထိ‌ရောက်သော ပံ့ပိုးကူညီမှုများနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ရရှိရန် အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top