၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့၊ ၁၉၀၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၉/၂၀၂၆) တွင် (၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union-IPU) ညီလာခံတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့မှုအခြေအနေများအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ဒေသ/ပြည်နယ်/ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များသို့ အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင်က ပြည့်စုံစွာ ရှင်းလင်းတင်ပြ ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါ်ဇင်မာအောင်က ၁၅-၄-၂၀၂၆ ရက်နေ့မှ ၁၉-၄-၂၀၂၆ ရက်နေ့အထိ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့သည့် (၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အာရှ-ပစိဖိတ်အုပ်စု (Asia-Pacific Group) အစည်းအဝေး တက်ရောက်ခဲ့မှုအခြေအနေ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တွင် မြန်မာအမျိုးသမီးများအရေး ဆွေးနွေးခဲ့မှုအခြေအနေများ၊ ညီလာခံ General Debate အစီအစဉ်တွင် မြန်မာ့အရေးအခြေအနေများနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားမှုများနှင့် နိုင်ငံပေါင်း (၁၂) နိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့အပြင် ၁၉-၄-၂၀၂၆ ရက်နေ့တွင် အမှုဆောင်ကောင်စီအစည်းအဝေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အား နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့မှု အခြေအနေများနှင့် (၁၅၃) ကြိမ်မြောက် ညီလာခံခရီးစဉ်အတွက် ဆောင်ရွက်သွားသင့်သည့် အကြံပြုချက်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်သူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေး၍ ဒေါ်ဇင်မာအောင်က ပြန်လည်ရှင်းလင်းဖြေကြားပြီးနောက် အစည်းအဝေးအား ၂၀၄၀ နာရီတွင် ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ဒေသ/ပြည်နယ်/ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင်၊ အကြံပေး ဒေါက်တာသက်ကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ





