၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်
၂၂-၇-၂၀၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က “Gender equality and health: fast forwarding progress” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် ရေရှည်တည်တံ့ဖွံ့ဖြိုးမှုဆိုင်ရာ ကုလသမဂ္ဂအဆင့်မြင့်နိုင်ငံရေးဖိုရမ်သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ခေါင်းဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ သွားရောက်တက်ခဲ့သည်။
အစည်းအဝေးတွင် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးရည်မှန်းချက် (၃) ဖြစ်သည့် အားလုံးအတွက် ကျန်းမာရေးနှင့် ကောင်းမွန်စွာရှိရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေး ရည်မှန်းချက် (၅) ဖြစ်သည့် ဂျန်ဒါတန်းတူရေး၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးတို့အတွက် လွှတ်တော်များက ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် သက်ဆိုင်ရာလွှတ်တော်များက ရေရှည်တည်တံ့ဖွံ့ဖြိုးရေးရည်မှန်းချက်များ (SDGs) များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စိန်ခေါ်မှုများ ဆွေးနွေးခဲ့ကြသည်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် “စစ်အာဏာသိမ်းမှုနောက် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ကြီးကြီးမာမား ဖျက်ဆီးခံနေရပါကြောင်း၊ ဆင်းရဲမွဲတေမှုကြောင့် မြန်မာပြည်သူများအနေဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ကြုံတွေ့နေရကြောင်း၊ စစ်ရှောင်ပြည်သူများအနေဖြင့် အမိုးအကာ၊ အစားအသောက်၊ သောက်ရေသန့်နှင့် ဆေးဝါးများ လိုအပ်လျက်ရှိနေပြီး နိုင်ငံတကာအနေဖြင့် အကူအညီများ တိုးမြှင့်ပေးအပ်သင့်ပါကြောင်း၊ စစ်အာဏာသိမ်းမှုမတိုင်မီ မြန်မာလွှတ်တော်တွင် အမျိုးသမီးပါဝင်မှုသည် ၁၅ ရာခိုင်နှုန်း ရှိခဲ့ပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီတို့ ခေါင်းဆောင်နေမှုများတွင် အမျိုးသမီးများ ပါဝင်၍ မူဝါဒများ ချမှတ်မှုတွင် ပါဝင်နေလျက်ရှိပါကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံကို တည်ဆောက်ရာတွင် ဂျန်ဒါတန်းတူမှုရှိရေးသည် မိမိတို့၏ အဓိက ရည်မှန်းချက်ဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာသာမက အွန်လိုင်းပလက်ဖောင်များတွင် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ ကျူးလွန်နေမှုများလုပ်ဆောင်နေမှုများကို စစ်တပ်က ကာလရှည် ကျူးလွန်လုပ်ဆောင်ခဲ့ပါကြောင်း၊ အကျဉ်းချခံထားရသည့် အမျိုးသမီးများသည် ထောင်အတွင်း၌ ဆိုးရွာသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရရုံသာမက လုံလောက်သော ဆေးကုသမှုများ မရရှိကြောင်း” ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
ယခုလွှတ်တော်ဖိုရမ်သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်မြတ်သီတာထွန်း (ဥက္ကဋ္ဌ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ)၊ ဒေါ်မြမျိုးအေး၊ ဒေါ်ဖြူဖြူလွင်တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နိုင်ငံတကာပါလီမန်များ (IPU) ၏ တရားဝင်အသိအမှတ်ပြုမှုနှင့်အတူ မြန်မာနိုင်ငံအား ကိုယ်စားပြုလျက် နိုင်ငံတကာနှင့် ဒေသတွင်းလွှတ်တော်အစည်းအဝေးများသို့ တက်ရောက်၍ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေများ၊ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများ၊ မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေမှုများ၊ တော်လှန်ရေးအင်အားစုများက ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြလျက်ရှိပြီး မြန်မာ့အရေးအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ပံ့ပိုးကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရရှိရေးတို့အတွက် လွှတ်တော်ရေးရာသံတမန်နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ










