၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့
ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာ့ရှ်ကင့်မြို့၌ ကျင်းပလျက်ရှိသည့် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိပါသည်။
ယနေ့ ၅-၄-၂၀၂၅ ရက်နေ့တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံဖွင့်ပွဲအခမ်းအနား၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များဖိုရမ်၊ အာရှပစိဖိတ်ဒေသ အစည်းအဝေးတို့သို့ ပါဝင်တက်ရောက်ခဲ့သည်။ ထို့ပြင် နိုင်ငံတကာပါလီမန်များအဖွဲ့ ဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအခြေအနေများကို ရှင်းလင်းပြောကြားကာ ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကိုလည်း တောင်းဆိုခဲ့သည်။
သီးခြားတွေ့ဆုံမှုများတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မကြာသေးမီက လှုပ်ခတ်ခဲ့သည့် အင်အားကြီး မြေငလျင်နှင့် ပတ်သက်၍ အခြေအနေများ၊ လက်ရှိကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကူအညီများ ထိရောက်စွာ တိုးမြှင့်ပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် တိုက်တွန်းပေးရန် တောင်းဆိုခဲ့သည်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးသည် ညီလာခံ၌ ငလျင်လှုပ်ခတ်ခဲ့မှုအပေါ် ကမ္ဘာတစ်ဝှမ်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး၊ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အကူအညီများ တိုးမြှင့်ရရှိနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မိန့်ခွန်းတက်ရောက် ပြောကြားသွားမည်ဖြစ်ပါသည်။
(၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား ၅-၄-၂၀၂၅ ရက်နေ့မှ ၉-၄-၂၀၂၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ညီလာခံသို့ တက်ရောက်လာသည့် နိုင်ငံအလိုက် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးသွားရန် ရှိပါသည်။
နိုင်ငံတကာပါလီမန်များအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀) ကျော်မှ နိုင်ငံတော်အဆင့်လွှတ်တော်များဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားပါသည်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဘာရိမ်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပခဲ့သည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှစ၍ လူကိုယ်တိုင်တက်ရောက်လျက်ရှိပြီး မြန်မာပြည်သူများ၏ အသံများကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး ကိုယ်စားပြုဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ







