၂၂-၃-၂၀၂၅ ရက်နေ့မှ ၂၃-၃-၂၀၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ အောက်လွှတ်တော်၌ ထိုင်းနိုင်ငံအောက်လွှတ်တော်၏ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားရေးဆိုင်ရာ မဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမြဲတမ်းကော်မတီနှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) တို့က ကြီးမှူးကျင်းပခဲ့သည့် “ထိုင်းနိုင်ငံ၏ နယ်စပ်တစ်လျှောက်၌ လုံခြုံရေး မြှင့်တင်ခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အခန်းကဏ္ဍ” ဆွေးနွေးပွဲသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးထွန်းမြင့်၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးအာကာမျိုးထက်တို့ တက်ရောက်ခဲ့ပါသည်။
(၂) ရက်တာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ မြန်မာရွှေ့ပြောင်းနေထိုင်သူများအရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများကိစ္စ၊ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လုံခြုံရေးကိစ္စရပ်များ၊ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် သဘောထားအမြင်များကို အဓိက ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် “ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့်အတွက် ပြန်လည်သက်တမ်းတိုးရာတွင် အကြမ်းဖက်စစ်ကောင်စီထံသို့ အခွန်မပေးဆောင်ရရေးနှင့် ထိုင်းနိုင်ငံအစိုးရက တရားမဝင် ဝင်ရောက်လာသည့် မြန်မာပြည်သူများအား အကြမ်းဖက်စစ်တပ်ထံသို့ ပြန်လည်ပို့ဆောင်နေမှုသည် ၎င်းတို့၏ လူ့အခွင့်အရေးကိုသာမက အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည့်အတွက် ယင်းသို့လုပ်ဆောင်နေမှုကို ချက်ချင်းရပ်တန့်ပေးနိုင်ရန်၊ မဖြစ်မနေပြန်ပို့ရန် လိုအပ်ပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တိုင်းရင်သားအဖွဲ့အစည်းများထံသို့သာ လွှဲပြောင်းပေးခြင်းဖြင့် မြန်မာပြည်သူများအား အသက်အန္တရာယ်ထိခိုက်မှုမှ ကာကွယ်ပေးရန်” တို့ကို ထည့်သွင်းတောင်းဆိုခဲ့ပါသည်။
ယင်းဆွေးနွေးပွဲသို့ တက်ရောက်စဉ်ကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့အရေးအား အစဉ်တစိုက် အားပေးကူညီနေသည့် ထိုင်းနိုင်ငံ၏ လွှတ်တော်အမတ်များဖြင့် သီးခြားစီတွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်များကို ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ





