Home / အန်ဂိုလာနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တက်ရောက်မိန့်ခွန်းပြောကြား

အန်ဂိုလာနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တက်ရောက်မိန့်ခွန်းပြောကြား

အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့၌ အန်ဂိုလာအမျိုးသားလွှတ်တော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏  General Debate အစီအစဉ် (၂၅-၁၀-၂၀၂၃ ရက်နေ့၊ နေ့လယ်ပိုင်း)တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေး တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က မိန့်ခွန်းပြောကြားရာတွင် “အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများ၊ CRPH အပါအဝင် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက မင်းအောင်လှိုင်မှ လက်နက်အားကိုးဖြင့် လုပ်ဆောင်နေသည့် အကြမ်းဖက်မှုကို ခုခံကာကွယ်နေမှုများ နှင့် ဒီမိုကရေစီရရှိရေးတစ်ခုတည်းသာမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နိုင်ရေး ကြိုးပမ်းနေမှုများ” ကို ထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းသို့ “မြန်မာနိုင်ငံ၏ အခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော်များတွင် ထုတ်ဖော်ပြောကြားပေးရန်၊ အကြမ်းဖက်မှုများအဆုံးသတ်နိုင်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီအား ပိုမိုဖိအားပေးနိုင်ရန် သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းပေးရန်နှင့် ဒီမိုကရေစီအင်အားစုများထံသို့ ငွေကြေးနှင့် နည်းပညာအကူအညီများ ပေးအပ်ရန်” တောင်းဆိုတိုက်တွန်းခဲ့သည်။

(၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား ၂၃-၁၀-၂၀၂၃ ရက်နေ့မှ ၂၇-၁၀-၂၀၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအစည်းအဝေးများ၊ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ အမြဲတမ်းကော်မတီအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခြင်းအပြင် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ တာဝန်ရှိသူများ၊ ညီလာခံတက်ရောက်လာသည့် ကိုယ်စာလှယ်အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာဝင်းမြတ်အေး (ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် -၅)၊ ဦးနေမျိုးထက် (ကျောက်တံတားမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး) နှင့် ကိုယ်စားလှယ်အဖွဲ့ အကြံပေးအဖြစ် ဒေါက်တာမြသီတာတို့ ပါဝင်တက်ရောက်လျက်ရှိပါသည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ညီလာခံတက်ရောက်မှုသတင်းများအား ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top