၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိပါသည်။
(၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား ၁၃-၁၀-၂၀၂၄ ရက်နေ့မှ ၁၇-၁၀-၂၀၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအစည်းအဝေးများ၊ အမှုဆောင်ကော်မတီအစည်းအဝေးများ၊ အမြဲတမ်းကော်မတီအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်သွားမည်ဖြစ်ပြီး ညီလာခံသို့ တက်ရောက်လာသည့် နိုင်ငံအလိုက် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။
ယနေ့ ၁၃-၁၀-၂၀၂၄ ရက်နေ့တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များဖိုရမ်၊ အာရှပစိဖိတ်ဒေသ အစည်းအဝေးတို့သို့ ပါဝင်တက်ရောက်ခဲ့သည်။ ထို့ပြင် နယူးဇီလန်၊ ဆွီဒင်၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများကို ရှင်းလင်းပြောကြားကာ ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကိုလည်း တောင်းဆိုခဲ့ပါသည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ တက်ရောက်မှုသတင်းများအား ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့ အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းများအရေး၊ စစ်ဘေးရှောင်ပြည်သူများအခြေအနေနှင့် လိုအပ်ချက်များ၊ မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်သူ အစုအဖွဲ့များ၏ ကြိုးပမ်းနေသည့် နိုင်ငံရေးမျှော်မှန်းချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့်ရရှိနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကြိုတင်ပြင်ဆင်မှုများဖြင့် သွားရောက်တက်ရောက်နေခြင်း ဖြစ်ပါသည်။
နိုင်ငံတကာပါလီမန်များအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀) ကျော်မှ နိုင်ငံတော်အဆင့်လွှတ်တော်များဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားပါသည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဘာရိမ်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပခဲ့သည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှစ၍ လူကိုယ်တိုင်သွားရောက် တက်ရောက်လျက်ရှိပြီး မြန်မာပြည်သူများ၏ အသံများကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး ကိုယ်စားပြုဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေမှု Updated သတင်းအကြောင်းအရာများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် CRPH Twitter >>> https://x.com/CrphMyanmar တွင် ကြည့်ရှုနိုင်ပါသည်။













