၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၃/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် က ဝန်ကြီးဌာန စတင်ဖွဲ့စည်းခြင်း၊ မူဝါဒဆိုင်ရာ ဦးဆောင်အဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့(NAB – NR)၊ စီမံခန့်ခွဲမှု ကော်မတီ(EC)နှင့် နည်းပညာအကြံပေးအဖွဲ့ (Technical Advisory Team–TAT)၊ ဝန်ကြီးဌာန ဖွဲ့စည်းပုံ၊ ကြားကာလသယံဇာတ စီမံအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ၊ ကြားကာလနှင့် ရေရှည်ကာလသယံဇာတ စီမံခန့်ခွဲခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ CDM ဝန်ထမ်းများအား ပြန်လည်နေရာချထားခြင်း၊ ငွေကြေးနှင့် အသက်မွေးဝမ်းကျောင်း အထောက်အပံ့ပေးခြင်း၊ CDM ဝင်ထားသော ဆင်နှင့် ဆင်ဝန်ထမ်းများအား အထောက်အပံ့ပေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင် က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီက (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ တက်ရောက်သည့်ကိစ္စနှင့်စပ်လျဉ်း၍ တင်ပြခြင်း၊ တခြား ရေးရာကော်မတီဝင်များက အထွေထွေကိစ္စရပ်များ တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ၂၂၁၅ နာရီတွင် ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ



