Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅) အား ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များအား တက်ရောက် ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာ စကားပြောကြားပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိသော လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ နိုင်ငံတကာကိစ္စရပ်များတွင် အမေရိကန်ရွေးကောက်ပွဲအပြီး ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများ၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ Joint TaskForce များအလိုက် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတကာအနေဖြင့် မြန်မာ့အရေးတွင် ထိထိရောက်ရောက် ပိုမိုသိရှိပါဝင်နိုင်စေရေးအတွက် ဆောင်ရွက်ချက်များ၊ တွေ့ဆုံဆွေးနွေးပွဲများ၏ အခြေအနေများ၊ လွှတ်တော်ကဏ္ဍတွင် ဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များအား ဆွေးနွေးမျှဝေခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများက အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ချိတ်ဆက်မှုများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကိစ္စများနှင့် အခြားသိရှိလိုသည်များအား မေးမြန်းခဲ့ကြသည်။

ထို့နောက် ရေးရာကော်မတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးပြီးနောက် အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီ (၁၁) ခုမှ အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top