၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၆) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဇွန်လမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ ဆောင်ရွက်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ မူဝါဒများ၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေးကဏ္ဏတို့အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ စွမ်းအင်အခွန်ရရှိမှုများ၊ CDM ဝန်ထမ်းများအား ထောက်ပံ့နိုင်မှုအခြေအနေများအပါအဝင် အခြားသော ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဝန်ကြီးဌာနအနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့အပြင် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက မြေပြင်တွင် ကြုံတွေ့နေရသည့် အခြေအနေများ၊ သိရှိလိုသည့် ကိစ္စရပ်များကို မေးမြန်းအကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီတို့က တင်ပြဆွေးနွေးကာ အစည်းအဝေးအား ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ





