Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် (သောကြာနေ့) ၁၉၀၀ နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅) သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် တက်ရောက်၍ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဥ်များနှင့် ပူးပေါင်းချိတ်ဆက်လုပ်ဆောင်သွားနိုင်မည့် လုပ်ငန်းများအား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တင်ပြဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအနေဖြင့် Radio NUG လုပ်ငန်းများ၊ မဟာဗျူဟာ ဆက်သွယ်ရေးဗျူရို (Bureau of Strategic Communications – BOSC) ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဝန်ကြီးဌာန၏ ကိုယ်ပိုင်တာဝါတိုင်များ စိုက်ထူသုံးစွဲနေမှုအခြေအနေများ၊ Federal Net လုပ်ငန်းစဥ်များနှင့် အင်တာနက်သုံးစွဲနိုင်မှုအခြေအနေများ၊ တော်လှန်ရေးမဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများအပါအဝင် ရှေ့ဆက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက IT လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် Smart Gov Website အသစ် စတင်ဖွင့်လှစ်ထားရှိမှုများ၊ ၎င်း Website တွင် Support Center လည်း ပါရှိပြီး Support Center မှတစ်ဆင့် Smart Gov Product တိုင်းအတွက် တောင်းဆိုချက် (Request)၊ ‌ထောက်ပံ့မှု (Support) နှင့် တုံ့ပြန်ချက် (Feedback) များကို ပြုလုပ်နိုင်ကြောင်းနှင့် Website တွင် ပါဝင်သော Products များမှာ Go.NUG၊ Edu.NUG၊ Metafind၊ Ask.NUG၊ DATA.NUG နှင့် Postmaster တို့ဖြစ်ကြောင်းလည်း ရှင်းလင်းတင်ပြခဲ့သည်။

Smart Gov Website : https://smartgov.nugmyanmar.org/
Support Center : https://smartgov.nugmyanmar.org/support

ထို့နောက် ရေးရာကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း သိရှိလိုသည့် ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြေပြင်အခြေအနေများအား ဆွေးနွေးမေးမြန်းခဲ့ကာ အစည်းအဝေးအား ၂၀၃၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်သည့် ဒေါ်ဖြူဖြူသင်း၊ ဦးထွန်းမြင့်၊ မိုင်းလမင်းထွန်းနှင့် ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top