၁။ ၁၉၇၄ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် မိမိတို့၏ ရပိုင်ခွင့် အခွင့်အရေးများ ဆုံးရှုံးမှု၊ ဖိနှိပ်ကန့်သတ်မှုတို့ကြောင့် အလုပ်သမားပြည်သူများက စုပေါင်းသပိတ်ဆင်နွှဲ၍ တောင်းဆိုတိုက်ပွဲ ဝင်ခဲ့သည့် သမိုင်းဝင် အလုပ်သမားသပိတ်လှုပ်ရှားမှုသည် ယနေ့ဆိုလျှင် (၄၈) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါ သည်။ အလုပ်သမားထု၏ စည်းလုံးညီညွတ်စွာ ဆန့်ကျင်တော်လှန်မှုတို့သည် အာဏာရှင်များအား များစွာ တုန်လှုပ်ခြောက်ခြားစေနိုင်ခဲ့ပါသည်။
၂။ အလုပ်သမားပြည်သူတို့သည် နိုင်ငံတော်၏ ပင်မစီးပွားရေးသော့ချက်ဖြစ်သည့် စက်မှု/ လက်မှု ထုတ်ကုန်ကဏ္ဍနှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတို့တွင် အားသွန်ခွန်စိုက် ကြိုးပမ်းထမ်းဆောင် ကြသည့် နိုင်ငံတော်၏ အရေးပါသော လူသားအရင်းအမြစ်များ ဖြစ်ပါသည်။ ထိုနည်းတူ ခေတ် အဆက်ဆက်တွင်လည်း မိမိတို့၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများနှင့် မတရားသည့် ဖိနှိပ်မှုများ အတွက် ရဲရဲဝံ့ဝံ့ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြပါသည်။
၃။ ဆယ်စုနှစ်ပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့ရသည့် အလုပ်သမားပြည်သူတို့၏ အခွင့်အရေး အပြည့်အဝရရှိရေးအတွက် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ လိုအပ်သည့် ဥပဒေ၊ မူဝါဒများ ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့သည့်နည်းတူ အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားရေးရာ အဖွဲ့အစည်းများ ဖွဲ့စည်းလျက် အလုပ်သမားပြည်သူတို့၏ အခွင့်အရေးများအတွက် ရွေးကောက်ခံအစိုးရတို့နှင့်အတူ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါသည်။
၄။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီက ပြည်သူ့ အစိုးရထံမှ နိုင်ငံတော်၏ အာဏာကို အကြမ်းဖက် လုယူခဲ့သည့်အပြင် ၎င်းတို့ အာဏာတည်မြဲရေး အတွက် ပြည်သူလူထုကိုလည်း နေ့စဉ် ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်နေခြင်းကြောင့် မြန်မာပြည်သူ လူထု၏ လူ့အခွင့်အရေးများ ဆုံးရှုံးလျက်ရှိပါသည်။ လူသတ် စစ်အာဏာရှင်တို့၏ ဖက်ဆစ်ဆန်ဆန် အကြမ်းဖက် ဖိနှိပ်နေမှုကြောင့် အလုပ်သမားပြည်သူများသည်လည်း ဥပဒေအကာအကွယ် မရရှိမှု၊ အခွင့်အရေးများ ဆုံးရှုံးနေမှု၊ မတရားဖိနှိပ်ခေါင်းပုံဖြတ်မှုတို့ကို ခါးသီးစွာကြုံတွေ့နေရဆဲ ဖြစ်ပါသည်။
၅။ အလုပ်သမားပြည်သူအပေါင်းသည် မတရားမှု၊ ဖိနှိပ်မှုများအတွက် ခေတ်အဆက်ဆက် တွင် စည်းလုံးညီညွတ်စွာ ဆန့်ကျင်တော်လှန်ခဲ့သည့်နည်းတူ မြန်မာ့နွေဦးတော်လှန်ရေး စတင်သည့် အချိန်မှစ၍ ယနေ့တိုင် အလုပ်သမားအင်အားစုများ၊ အလုပ်သမားသမဂ္ဂများ၏ သပိတ်အင်အားစု သည် ကြီးမားသော တော်လှန်ရေးအင်အားစု ဖြစ်ပါသည်။ ထို့ပြင် စစ်အာဏာရှင်များကျဆုံးရေး အတွက် ယနေ့ထက်တိုင် ကျရာအခန်းကဏ္ဍများတွင် ရဲရဲရင့်ရင့် ပါဝင်ထမ်းရွက်နေမှုများကို တန်ဖိုးထားစွာ အသိအမှတ်ပြုပါသည်။
၆။ ဆုံးရှုံးသွားသော အလုပ်သမားအခွင့်အရေးများနှင့် ဥပဒေ၏ အကာအကွယ်အပြည့်အဝ ရရှိရေးတို့အတွက် စစ်အာဏာရှင်များကို မြန်မာ့မြေပေါ်မှ အပြီးတိုင် တိုက်ထုတ်ပြီး လူမျိုးအသီးသီး၊ အလွှာအသီးသီးရှိ တိုင်းရင်းသားပြည်သူတို့၏ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြပါစို့ဟု တိုက်တွန်းရင်း ခေတ်အဆက်ဆက် ကျဆုံးသွားသော အလုပ်သမားသူရဲကောင်းများကို ဦးညွှတ်အလေးပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ