Home / (၇၈) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သို့ပေးပို့သည့်သဝဏ်လွှာ

(၇၈) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သို့ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်

၁။           ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် လွတ်လပ်ရေး ရရှိရန်အတွက် နယ်ချဲ့ဖက်ဆစ်များကို တွန်းလှန်တိုက်ထုတ်ရာတွင်လည်းကောင်း၊ ခေတ် အဆက်ဆက် ပြည်သူလူထုအား လက်နက်အားကိုးဖြင့် ဖိနှိပ်အုပ်ချုပ်ရန် ကြိုးပမ်းခဲ့ကြသည့် စစ်အာဏာရှင်အဆက်ဆက်ကိုလည်းကောင်း အသက်၊ သွေး၊ ချွေး တို့ ပေးဆပ်၍ ရရာလက်နက် ဆွဲကိုင်ကာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြပါသော တော်လှန်ရေးခေါင်းဆောင်များနှင့် သူရဲကောင်းများအား အထူးအောက်မေ့သတိရဂုဏ်ပြုလျက် ယနေ့အချိန်တွင် တိုင်းရင်းသားပြည်သူအားလုံးက ရည်မှန်း ကြိုးပမ်းနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမြန်ဆုံးရယူတည်ဆောက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

၂။          ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့တပ်မတော်၊ နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသားပြည်သူများက ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ထုတ်ခဲ့ကြပြီးနောက် တော်လှန် ရေး သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် ၁၉၄၅ ခုနှစ်မှ စတင်၍ တော်လှန်ရေးနေ့ကို ကျင်းပခဲ့ကြပါသော်လည်း ၁၉၅၅ ခုနှစ်တွင် စစ်အာဏာရှင်များက ပြည်သူလူထုပါဝင်မှုသမိုင်းကို မှေးမှိန်စေရန်ရည်ရွယ်၍ တပ်မတော်နေ့အဖြစ် ပုံဖျက်သတ်မှတ်ခဲ့ကြပါသည်။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဗမာ့တပ်မတော်သည် စစ်အာဏာရှင်တစ်စု၏ အသုံးချခံ အဖွဲ့အစည်းတစ်ခုအဖြစ် ရောက်ရှိခဲ့ချိန် မှစ၍ နိုင်ငံတော်၏အာဏာကို အဓမ္မနည်းဖြင့် အကြိမ်ကြိမ်သိမ်းယူခဲ့ကာ တိုင်းပြည်နှင့်လူမျိုးအပေါ် ဗိုလ်ကျစိုးမိုး၊ ဖိနှိပ်အုပ်ချုပ်ရန် ကြိုးစားခဲ့ခြင်းတို့ကြောင့် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးသော နိုင်ငံအဖြစ် ရောက်ရှိခဲ့ရပါသည်။

၃။         လူသတ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်လူတစ်စု ဦးဆောင်သည့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ ဥပဒေမဲ့အာဏာသိမ်းယူရန် ကြိုးပမ်းမှု (၂) နှစ်ကျော်ကာလသို့  ရောက်လာပြီဖြစ်သည့်အပြင် နိုင်ငံတစ်ဝှမ်းလုံးတွင် ဥပဒေမဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အကျဉ်းချ ထားခြင်း၊ လူနေအိမ်များအား မတရားသိမ်းပိုက်ခြင်း၊ ကျေးရွာ၊ မြို့များအားမီးရှို့ဖျက်ဆီးခြင်းများနှင့် အရပ်သားပြည်သူနေရာများသို့ လေကြောင်းမှတစ်ဆင့် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို စနစ်တကျရည်ရွယ်ချက်ရှိရှိ ပိုမိုကျူးလွန်လုပ်ဆောင်နေပြီး ပြည်သူတို့၏ ခုခံဆန့်ကျင်မှုကို လူမဆန်သော အကြမ်းဖက်မှုများဖြင့် ရပ်တန့်သွားစေရန် ကြိုးပမ်းလျက်ရှိပါသည်။

၄။         သို့ရာတွင် နယ်ချဲ့ဖက်ဆစ်များအား ညီညွတ်ခြင်းအင်အားဖြင့် တွန်းလှန်တိုက်ထုတ် အောင်ပွဲဆင်နိုင်သကဲ့သို့  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကြံ့ခိုင်စည်းလုံးမှုအင်အားကို ခိုင်မြဲ သထက် ခိုင်မြဲအောင် တည်ဆောက်လျက် အကြမ်းဖက် ဖက်ဆစ်စစ်တပ်အား မြန်မာ့မြေပေါ်မှ အပြီးတိုင်ကွယ်ပျောက်သွားစေရန် တစိုက်မတ်မတ် ကြိုးပမ်းနေမှုများကြောင့် နိုင်ငံတစ်ဝှမ်း ခုခံ တော်လှန်စစ်များသည်လည်း အောင်ပွဲများစွာရရှိထားပြီးဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များအကြား ဟန်ချက်ညီ သော ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် လူထုတော်လှန်ရေးအောင်ပွဲအား အမြန်ဆုံးရရှိရန် ကြိုးပမ်း နိုင်လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ပါသည်။

၅။           ခက်ခဲကြမ်းတမ်းသောဒုက္ခများကို မြဲမြံသော ဓိတ်ဓာတ်ခိုင်မာမှုတို့ဖြင့် ယနေ့အထိတိုင် ပါဝင်နေကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ မျှော်လင့်ချက်အား အချိန်တိုတိုအတွင်း အကောင်အထည်ဖော်ဆောင်ပေးနိုင်ရန်အတွက် တည်ဆောက်ထားရှိပြီးသောနားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ကို တိုးမြှင့်ကာ မိမိတို့ဒီမိုကရေစီတော်လှန်ရေးအင်အားစုများက ဆက်လက် ကြိုးပမ်းပေးကြရန် လေးနက်စွာတိုက်တွန်းအပ်ပါသည်။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီအနေဖြင့် လူထုတော်လှန်ရေးအောင်ပွဲအတွက် မိမိတို့၏ ကျရာအခန်းကဏ္ဍမှ တာဝန် ကျေပွန်အောင် ထမ်းဆောင်ရင်း ညီနောင်တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ ဆက်လက် လက်တွဲ ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ကတိပြုလျက် (၇၈) နှစ်မြောက် ဖက်ဆစတော်လှနရေးနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top