Home / နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ အမှာစကား

နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ အမှာစကား

၁၅ ရက်၊ စက်တင်ဘာလ၊ ၂၀၂၂ ခုနှစ်

ပြည်တွင်း ပြည်ပရှိ နိုင်ငံသူနိုင်ငံသားများ၊ ပြည်ထောင်စု သွေးချင်းညီအစ်ကိုများ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ CRPH မှ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ NUCC မှ ဝာာဝန်ရှိသူများ၊ NUG မှ ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများအားလုံးကို စိတ်၏ချမ်းသာခြင်း ကိုယ် ၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာနှုတ်ခွန်း ဆက်သလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဥ်နှစ်တိုင်း ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ဒီမိုကရေစီ နိုင်ငံများမှာကျင်းပ ကြတာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်အနေနဲ့ကတော့ ဒီမိုကရေစီနိုင်ငံများမှာရှိတဲ့ နိုင်ငံသားများ မျိုးဆက် သစ်များအနေနဲ့ ဒီမိုကရေစီစနစ်က ပေးတဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူခြင်းစတဲ့ လူသား အခွင့်အရေးများကို တန်ဖိုးထားအမှတ်ရစေရန် ကျင်းပကြတာဖြစ်ပါတယ်။ အထူးသဖြင့် ယခုနှစ် ဒီမို ကရေစီနေ့ဟာ ယခင်နှစ်များထက် များစွာအရေးကြီးပါတယ်။ ကမ္ဘာကြီးတစ်ခုလုံး နိုင်ငံအတော် များများမှာ ဒီမိုကရေစီလူ့အဖွဲ့အစည်းတွေကို အာဏာရှင်များက ခြိမ်းခြောက်နေတဲ့ခေတ်ကာလကြီး လည်းဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့မျိုးဆက်သစ်တွေကို ဒီမိုကရေစီ စနစ်ရဲ့ တန်ဖိုးတွေကို ပိုမိုနားလည် တန်ဖိုးထားတတ်စေရန် နိုင်ငံတိုင်းက အားထုတ်နေကြတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။

ယခု ၂၁ ရာစု အစောပိုင်းကာလဟာ ဒီမိုကရေစီစနစ်တွေ အားကောင်းမောင်းသန် စတင်ခဲ့ ပါတယ်။ သို့သော် အစွန်းရောက်အမျိုးသားရေးဝါဒီတွေ၊ အစွန်းရောက်ဘာသာရေးသမားတွေ၊ အကြမ်း ဖက် အယူဝါဒတွေနဲ့ အာဏာရှင်တို့ရဲ့ ခြိမ်းခြောက်မှုမျိုးစုံကြောင့် ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံ ကြီးများပင်လျှင် လွတ်လပ်တရားမျှတတဲ့  ဒီမိုကရေစီစနစ်နဲ့ လူအဖွဲ့အစည်းကို ကာကွယ်နေခဲ့ကြ ရပါတယ်။ ဒါပေမယ့် သမိုင်းကိုပြန်လည်ကြည့်လိုက်လျှင် ပဒေသရာဇ်တွေ၊ ဖက်ဆစ်ဝါဒီတွေ၊ အာဏာရှင်တွေဟာ ဘယ်လောက်ပဲ အင်အားကောင်းပါစေ ပြည်သူ့အင်အားနဲ့ တည်ဆောက်ထားတဲ့ ဒီမိုကရေစီနိုင်ငံတွေကို ဒူးထောက်အရှုံးပေးကြရတာပဲဖြစ်ပါတယ်။ ယခုမိမိတို့ ရာစုနှစ်မှာလည်း ဒီမို ကရေစီစနစ်ကြီးဟာ တကြော့ပြန် ခြိမ်းခြောက်မှုတွေ ခံနေရတယ်ဆိုပေမယ့် မကြာခင်မှာ အာဏာရှင် တွေ ဖက်ဆစ်ဝါဒီတွေ ကျဆုံးတော့မယ့် အရိပ်အယောင်တွေ မြင်နေရပြီဖြစ်ပါတယ်။ ဥပမာအားဖြင့် သေးငယ်သော်လည်း ပြည်သူလူထုရဲ့ စုစည်းမှုနဲ့ တည်ရှိနေတဲ့ ဒီမိုကရေစီ ယူကရိန်းနိုင်ငံဟာ ၎င်းတို့ထက် အဆပေါင်းများစွာ စီးပွားရေး၊စစ်ရေးအင်အားကြီးတဲ့ အာဏာရှင်ရုရှားနိုင်ငံကို ကြံကြံခံခုခံလျက်ရှိပါတယ်။

ကျနော်တို့ အမိမြန်မာနိုင်ငံဟာလည်း ကမ္ဘာဖြစ်စဥ်များနှင့် ချိတ်ဆက်နေပြီး ၂၀၁၂ ခုနှစ်ကစလို့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီစနစ်နဲ့စတင်ခဲ့ပါတယ်။ ပြည်သူများဟာလည်း ဒီလို အားနည်းချက်များစွာနဲ့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ စနစ်မှာပင်လျှင် အတော်အသင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာခဲ့ပါတယ်။ အသိဉာဏ်အင်မတန်ခေါင်းပါးလှတဲ့ စစ်အာဏာရှင်တွေကတော့ ဒီမိုကရေစီစနစ် အောက်မှာ လူထုက ဘယ်လောက်တောင် ဖွံ့ဖြိုးသွားခဲ့နိုင်သလဲဆိုတာ လျော့တွက်ခဲ့ပါတယ်။ ဒါကြောင့် လည်း ယခင် ၎င်းတို့အောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့ လူထုလိုအထင်နဲ့ ပြည်သူ့အာဏာကို လုယူရာ မှာတော့ ကြီးမားပြင်းထန်တဲ့ ဆန့်ကျင်တော်လှန်မှုနဲ့ ကြုံလိုက်ရတာဖြစ်ပါတယ်။ စိတ်ပိုင်းရုပ်ပိုင်း များစွာဖွံ့ဖြိုးနေတဲ့ မျိုးဆက်သစ်လူထုကြီးက စစ်အာဏာလုယူမှုကို အသာတကြည် လက်လျော့ပေးရန် စစ်တပ်ကို ငြိမ်းချမ်းစွာ တောင်းဆိုသတိပေးခဲ့ပါတယ်။ ဒါပေမယ့် လူထုရဲ့အင်အားကို ဘယ်လိုမှ နားမလည်တဲ့ စစ်အာဏာရှင်တို့ဟာ ၎င်းတို့ထက် အသိဉာဏ်များစွာဖွံ့ဖြိုးနေပြီ ဖြစ်တဲ့လူထုကို သတ်ဖြတ်ကာ အကြောက်တရားနဲ့ ထိန်းချုပ်နိုင်မယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေကြစဲဖြစ်ပါတယ်။

ဒီနေရာမှာ ဒီမိုကရေစီစနစ်ထွန်းကားဖို့ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်း များကိုလည်း အထူးတလည် ဂုဏ်ပြုရမှာဖြစ်ပါတယ်။ အာဏာရှင်အဆက်ဆက်အောက်မှာ အသက် သွေးချွေးတွေရင်းကာ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေကြောင့်သာ ကျနော်တို့လက်ရှိလူထုက စစ်အာဏာရှင်ကို ပြတ်ပြတ်သားသားအံတုနိုင်တာဖြစ်ပါတယ်။ ပြည်သူ့ ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ ကဏ္ဌအသီးသီးက ခေါင်းဆောင်များဟာလည်း ပြည်သူလူထုကို လက်ဆင့်ကမ်းဦးဆောင်မှုပေးလျက်ရှိပါတယ်။ ယခု တော်လှန်ရေးကာလမှာလည်း လူထုခေါင်းဆောင် တွေဟာ ဒီမိုကရေစီစနစ်ဆက်လက်ထွန်းကားစေရေးအတွက် ပြည်သူလူထုနဲ့ အတူဆက်လက် တိုက်ပွဲဝင်လျက် ရှိပါတယ်။

အထက်မှာ တင်ပြခဲ့သလို ကျနော်တို့ မျိုးဆက်သစ်လူထုကြီးက ဘယ်တော့မှ အာဏာရှင် တွေကို ဒူးထောက်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ ကျနော်တို့ရဲ့ ဒီမိုကရက်တစ်ပြည်သူ့ခေါင်းဆောင်များ ဟာလည်း အာဏာရှင်စနစ်မြန်မာ့မြေပေါ်က အပြီးတိုင်ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်ကြဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ တော်လှန်ရေးဟာ အစစအရာရာ အားနည်းချက်များ မပြည့်စုံမှုများရှိသည့်အကြားက အကြမ်းဖက်သတ်ဖြတ်နေတဲ့ ဖက်ဆစ်စစ်တပ်ကို ၁ နှစ်ခွဲကျော်ကြာသည်ထိ ထုထည်ကြီးမားစွာ ခုခံတိုက်ခိုက်နိုင်နေတာဖြစ်ပါတယ်။

ဒီကနေ့မှာ အလျင်းသင့်လို့ တင်ပြလိုပါတယ်။ စစ်အာဏာရှင်တို့ဟာ မြန်မာလူထုက ဒီမိုကရေစီနဲ့ မထိုက်တန်ဘူး၊ စည်းကမ်းမဲ့တယ်၊ ဒီမိုကရေစီစနစ်ဆိုတာ ငြင်းခုံကြ၊ အမြင်ကွဲပြားကြနဲ့ ခေါင်းဆောင်မှု အားနည်းတဲ့ စုစည်းနိုင်မှုမရှိတဲ့ ပရမ်းပတာ စနစ်သာဖြစ်တယ်လို့ တစိုက်မတ်မတ် ဝါဒဖြန့်ခဲ့ပါတယ်။ ဒီလိုစစ်တပ်ရဲ့ ဝါဒဖြန့်မှုကို မယုံကြည်သည့်တိုင် ဒီမိုကရေစီစနစ်ရဲ့ အားနည်းချက် တွေဖြစ်တဲ့ ခေါင်းဆောင်တွေရဲ့ ငြင်းခုံမှုတွေ၊ မတူကွဲပြားကြတဲ့ ခံယူချက်နဲ့ လုပ်ပုံကိုင်ပုံတွေကို စိတ်ပျက်ကြတဲ့ ပြည်သူတွေလည်းရှိပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ နိုင်ငံခေါင်းဆောင်ကနေ လူတစ်ဦးချင်းဆီထိ ကျားမ၊ ဆင်းရဲချမ်းသာ မရွေးပါဝင်ကြတဲ့ စနစ်ဖြစ်လို့ အားလုံးမတူနိုင်တာ သဘာဝ ပဲဖြစ်ပါတယ်။ အဲ့ဒီလို အားလုံးပါဝင်မှုကပင်လျင် ကျနော်တို့ပြည်သူ့အစိုးရရဲ့ အားသာချက်ဖြစ်ပါတယ်။ အာဏာရှင်တွေလို ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ တသွေးတသံတမိန့်နဲ့ လက်ခံကြတဲ့ စနစ်မျိုးမဟုတ်ပါဘူး။

ဒီကနေ့ ကျနော်တို့ရဲ့ တော်လှန်ရေးအောင်မြင်မှုတွေကို ကြည့်ရင်လည်း ပြည်သူလူထုက တခဲနက်ပါဝင်မှု၊အချင်းချင်းအပြန်အလှန်ထိန်းကျောင်းမှု၊ လူ့အခွင့်အရေးတွေကို လိုက်နာမှုနဲ့ လူသားဆန်မှုတို့ကြောင့် ပဲဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ကတော့ လူတစ်ဦးတည်းအပေါ် မှီခိုနေရတဲ့ စနစ်ကျင့်သုံးတာဖြစ်တဲ့အတွက်ကြောင့် လက်နက်အင်အားသာလွန်သော်လည်း အဖက်ဖက် က ကျနော်တို့ တော်လှန်ရေးအင်အားစုများကို မယှဥ်နိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရက်တစ် ခေါင်းဆောင်များ ပြည်သူများအနေဖြင့်လည်း မိမိတို့အားသာချက်များ၊အားနည်းချက်များကို နားလည်ကာ ဒီမိုကရက်တစ်တန်ဖိုးများကို ဆက်လက်ထိန်းသိမ်းကြဖို့ စိတ်မပျက်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ မတူညီမှုများကို အတူတကွ ညှိနှိုင်းဆောင်ရွက်ကာ တော်လှန်ရေးပန်းတိုင်ကို ချီတက်နိုင်မယ် လို့လည်း ကျနော်ယုံကြည်ပါတယ်။

ဒီကနေ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ဟာ အထက်မှာ ဖော်ပြခဲ့သလို မျိုးဆက်သစ်အဆက်ဆက် ဒီစနစ်ကြီးရဲ့ လူသားတန်ဖိုးနဲ့ အခွင့်အရေးတွေကို နားလည်ဖို့ကျင်းပကြတာဖြစ်ပါတယ်။ မြန်မာလူထု အနေနဲ့ကတော့ ဒီလိုတော်လှန်ရေးကာလမှာ ဒီမိုကရေစီရဲ့တန်ဖိုး၊ လူသားအခွင့်အရေးနဲ့ တန်ဖိုးတွေကို အသက်တွေ၊ ဘဝတွေနဲ့ရင်းပြီးတော့ကို တန်ဖိုးထားတတ်နေပြီဖြစ်ပါတယ်။ ရရှိလာမယ့် ကျနော်တို့ရဲ့ တော်လှန်ရေးအောင်ပွဲအပြီးမှာလည်း ပြည်သူလူထုကြီးဟာ ဒီမိုကရေစီစနစ်ကြီးကို အသက်ပေးပြီး ဆက်လက်ကာကွယ်ကြပါလိမ့်မယ်။ အခုလက်ရှိ အာဏာရှင်စနစ်ရဲ့ အမှောင်ထုကြီးဟာ နောက်ဆုံး အမှောင်ထုကြီး သာဖြစ်ပြီး ကျနော်တို့ ပြည်သူတွေဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို ခိုင်မာမြဲမြံစွာတည်ဆောက်ကြတော့မယ့် အလင်းရောင်စတင်မြင်နေရပြီဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီမိုကရေစီခေါင်းဆောင်များအားလုံးနဲ့ ပြည်သူများအားလုံး မတူကွဲပြားမှုတွေကြားက တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်ကာ သမိုင်းသစ်ရေးထိုးကြဖို့ ကိုယ်တိုင် ကတိပြုရင်း တိုက်တွန်းလိုက်ရပါတယ်။

အရေးတော်ပုံအောင်နေပါပြီ။

Scroll to Top