Home / ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ဖတ်ကြားခဲ့သည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် သဝဏ်လွှာ

၂၀၂၂ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ဖတ်ကြားခဲ့သည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် သဝဏ်လွှာ

လေးစားရပါသော နိုင်ငံတော်သမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားအတိုင်ပင်ခံကောင်စီဝင်များ၊ နိုင်ငံတကာမှ အထူးဧည့်သည်တော်ကြီးများနှင့် ဒီမိုကရေစီကိုချစ်မြတ်နိုးကြသော ပြည်သူအပေါင်း ကိုယ်၏ ကျန်းမာခြင်းခံစားရပါစေကြောင်းနှင့် မကြာမီကာလတွင် စိတ်၏ချမ်းသာခြင်းကိုလည်း ရရှိခံစား နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပ်အပ်ပါတယ်။

          ကမ္ဘာ့နိုင်ငံအသီးသီးသည် ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းကျင့်သုံးလာခဲ့ပြီး ဒီမိုကရေစီစနစ်သည် မိမိတို့၏ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးရွေးချယ်ဆုံးဖြတ်ပါဝင်ခွင့် ရရှိခြင်း တို့ကြောင့် လူသားစိတ်ဆန္ဒနှင့် အနီးစပ်ဆုံးကျင့်သုံးနိုင်သော စနစ်အယူအဆတခုအဖြစ် လက်ခံကျင့်သုံးနေကြခြင်းဖြစ်ပါတယ်။

          ကျွန်ုပ်တို့မြန်မာနိုင်ငံသည်လည်းဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များက မိမိတို့၏ နယ်မြေများကို စုပေါင်းပြီး ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ထောင်ရန် ပင်လုံကတိ ကဝတ်စာချုပ်ဖြင့် သဘောတူခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက် နိုင်ငံတာဝန်ကိုယူခဲ့ကြသော ခေါင်းဆောင်များ မူလချမှတ်ခဲ့သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မတည်ဆောင်နိုင်ခဲ့ကြသဖြင့် ပြည်ထောင်စုအတွင်း လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး ပေါ်ပေါက်လာခဲ့ပါတယ်။ ယခုအခါနှစ်ပေါင်း(၆၀)ကျော် ပြည်တွင်းစစ်ဝဲဂယက်အတွင်း ဒုက္ခပေါင်းစုံ ကြုံတွေ့ရကာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ခဲ့ရပါတယ်။

          လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ဆယ်နှစ်ကျော်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့စဉ်ကာလတွင် လည်း တာဝန်ရှိနိုင်ငံခေါင်းဆောင်များ၏ ဒီမိုကရေစီကျင့်သုံးမှုတွင် တရားမျှတမှုမရှိခဲ့သဖြင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးဇန်ထဆင်မှ ဒီမိုကရေစီပြောင်းပြန်ဟူသော စာအုပ်ရေးသား ကာဝေဖန်ထောက်ပြမှုရှိခဲ့ကြောင်းကိုလည်း တွေ့ရှိရပါတယ်။

          ၁၉၆၂ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းမှ ဦးဆောင်ပြီး နိုင်ငံတော်အာဏာသိမ်းယူကာ တော်လှန်ရေးကောင်စီအမည်ဖြင့် အုပ်ချုပ်ခဲ့ပြီး ၁၉၇၄ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး မြန်မာ့နည်းမြန်မာ့ဟန်တပါတီအာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြန်ပါတယ်။ ၁၉၈၈ခုနှစ်မှာ တပါတီ အာဏာရှင်စနစ်ဖျက်သိမ်းပြီး ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရန် လမ်းစပေါ်ခဲ့သော်လည်း တပ်မတော်မှတဖန်အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်မှုအောက် ရောက်ခဲ့ရ ပြန်ပါတယ်။

          နှစ်ပေါင်း(၅၀)ကျော် ဒီမိုကရေစီနဲ့ ကင်းကွာခဲ့ပြီး တိုင်းရင်းသားပြည်သူများ၊ နိုင်ငံရေးပါတီများ၏ ရုန်းကန်ရင်းနှီးပေးဆပ်မှုများဖြင့် ၂၀၁၀မှ ၂၀၂၀ခုနှစ်အတွင်း ဒီမိုကရေစီ အညွန့်အဖူး ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ ခေတ်လူငယ်များ မျှော်လင့်ချက်ရောင်ခြည် တဖန်ပေါ်ထွက်လာခဲ့ကြပါတယ်။ ယခင်ကအတွေ့အကြုံများကို သင်ခန်းစာယူကာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံသားများက ဒီမိုကရေစီကို ရှင်သန်အောင် ဆောင်ရွက်ခဲ့ကြ ပါတယ်။ သို့သော် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ပြည်သူများရွေးချယ်တင်မြှောက်လိုက် သော လွှတ်တော်ကိုယ်စားလှယ်များ တတိယအကြိမ် လွှတ်တော်တက်ရောက်မယ့် မနက်မှာ တပ်မတော်မှ တဖန် လက်နက်အားကိုးပြီး နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းယူကာ ဒီမိုကရေစီအညွန့်အဖူးကို ချိုးဖဲ့ဖျက်ဆီးခဲ့ပြန်ပါတယ်။

          သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသားလူငယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူကြီး လူငယ်၊ တိုင်းသူပြည်သားများက စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းဖြင့် ကန့်ကွက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသော ပြည်သူများကို အာဏာသိမ်း စစ်တပ်မှ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုပြုခဲ့သောကြောင့် အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပါတယ်။ ထိုသို့ အကြမ်းဖက်သတ်ဖြတ်မှုပြုလာသောကြောင့် ပြည်သူများက နွေဦးတော်လှန်ရေးဟု ခေါ်နေကြသော လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲလာခဲ့ကြရပါတော့ တယ်။

          ဒီမိုကရေစီစနစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲစနစ်ရှိရပါမယ်။ ထို့အတူ နိုင်ငံသားများက နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မိမိတို့ကိုယ်စား တာဝန်ခံကျင့်သုံးပေးမည့် ကိုယ်စားလှယ်များကို လွတ်လပ်စွာရွေးချယ်ခွင့်လည်း ရှိရမှာဖြစ်ပါတယ်။ ပြည်သူများကိုယ်စား နိုင်ငံတော်၏ ဥပဒေပြုရေးတာဝန်ကို ဆောင်ရွက်နိုင်ရန် လွှတ်တော်သည်လည်းရှိရမှာ ဖြစ်ပါတယ်။ လွှတ်တော်သည်         ဒီမိုကရေစီကို မည်မျှလက်ခံကျင့်သုံးနေကြောင်းပြသသည့် ဒီမိုကရေစီပြယုဂ် လည်း ဖြစ်ပါတယ်။

          ဒီမိုကရေစီစနစ်တွင် စစ်တပ်သည် ဒီမိုကရေစီစနစ်အရ ပြည်သူများရွေးချယ်တင်မြှောက် ထားသော ပြည်သူ့အစိုးရ၏ စီမံအုပ်ချုပ်မှုဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေးတာဝန် ကို ထမ်းဆောင်ရမည် ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို လက်ခံပြီး ဘက်လိုက်မှုကင်းပြီး တရားမျှတမှုရှိသော တန်းတူအခွင့်အရေးရှိသော နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲပြဌာန်းနိုင်ခြင်း မရှိသမျှကာလပတ်လုံး ကျွနှ်ပ်တို့ မြန်မာနိုင်ငံ သည် ငြိမ်းချမ်းရေးလည်းမရနိုင်ဟု မြင်မိပါသည်။

               သို့ဖြစ်ပါ၍ နွေဦးတော်လှန်ရေး အောင်မြင်သွားပြီးသောအခါ တိုင်းရင်းသားလူမျိုးပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံတို့၏ လွတ်လပ်ခွင့်၊ တန်းတူအခွင့်အရေးရရှိနိုင်သော အနှစ်သာရပြည့်စုံပြီး တိုင်းရင်းသားအားလုံးလိုလားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ် ရေးဆွဲပြဌာန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ လိုအပ်ပါကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

Scroll to Top