ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်
၁။ ယနေ့ကျရောက်သော ရှမ်းတိုင်းရင်းသားတို့၏ (၇၅) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အချိန်အခါသမယတွင် ရှမ်းတိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဖိနှိပ်မှု နှင့် စစ်ဘေးဒဏ်အမျိုးမျိုးမှ ကင်းလွတ်၍ ငြိမ်းချမ်းသာယာသော အနာဂတ်ကို အမြန်ဆုံးရရှိရန် အတူတကွ ကြိုးစားဖန်တီး အောင်မြင်နိုင်ကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါသည်။
၂။ ရှေးနှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ချစ်ကြည်ရင်းနှီးစွာ အတူ တကွ နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ နှင့် လွတ်လပ်ရေးဆုံးရှုံးကာ ဗြိတိသျှကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ရပါသည်။ ဗြိတိသျှ တို့ကလည်း သူ့ကျွန်မခံလိုသော တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားစေရန် တောင်းတန်း ဒေသနှင့် ပြည်မကို ခွဲခြားပြီး သွေးခွဲအုပ်ချုပ်ခဲ့ကြပါသည်။
၃။ ဒုတိယကမ္ဘာစစ်အပြီးတွင် အမျိုးသားခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုဖြင့် မြန်မာ့ လွတ်လပ်ရေးအတွက် တစ်မျိုးသားလုံး သွေးစည်းညီညွတ်စွာ ကြိုးပမ်းခဲ့ကြပါသည်။ နယ်ချဲ့ တိုသည် လွတ်လပ်ရေးပေးရာတွင် တောင်းတန်းဒေသများကို ချန်လှပ်ထားရန် ကြိုးစာခဲ့သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်းနယ်ခေါင်းဆောင်များ၊ အခြားတောင်းတန်း ဒေသများမှ ခေါင်းဆောင်များ ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် တွေ့ဆုံဆွေးနွေးပြီး တောင်းတန်း၊ ပြည်မ အတူ တကွ လွတ်လပ်ရေးရယူလိုကြောင်းကို သဘောတူညီမှုရရှိအောင် ကြိုးပမ်းခဲ့ရပါသည်။
၄။ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် ပြည်မနှင့်အတူ မနှေးအမြန် ပေါင်း၍ လွတ်လပ်ရေးရယူမည်ဟူသော သဘောတူဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ချမှတ်နိုင်ခဲ့ပါသည်။ ထိုသို့ တောင်းတန်းပြည်မမခွဲခြားဘဲ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးကို အတူတကွရယူရန် ဆုံးဖြတ်နိုင်ခဲ့သော ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြု သောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခုဆိုလျှင် ရှမ်းပြည်နယ်နေ့ အထိမ်း အမှတ် အခမ်းအနားများကျင်းလာခဲ့သည်မှာ (၇၅) နှစ်မြောက်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
၅။ စစ်အာဏာရှင်အဆက်ဆက်၌ ဒေသအသီးသီးတွင် မတရားဖိနှိပ်မှုများနှင့် ၎င်းတို့ အလိုကျမူဝါဒများ ချမှတ်အကောင်အထည်ဖော်ခဲ့မှုတို့ကြောင့် ပြည်ထောင်စုတိုင်းရင်းသားများ အကြား အမုန်းတရားများ ကြီးထွားခဲ့ရပြီး ယခုအချိန်သည် ယင်းပြဿနာများ၏ တရားခံဖြစ် သော စစ်အာဏာရှင်များကို တိုင်းရင်းသားပြည်သူများက လက်တွဲညီညီ အတူတကွ တွန်းလှန် တိုက်ထုတ်ပြီး မိမိတို့၏ ကံကြမ္မာကို ကိုယ်ပိုင်ဖန်တီး၍ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်း သွားကြရမည် ဖြစ်ပါသည်။
၆။ မတူကွဲပြားမှုကို သာလွန်အင်အားအဖြစ် စုစည်း၍ ပြည်သူလူထု၏ အသံကို နားထောင် လျက် တိုင်းရင်းသားပြည်သူအပေါင်းနှင့် သက်ဆိုင်သူ နိုင်ငံရေးအင်အားစုအားလုံးက အတိတ်မှ သင်ခန်းစာ၊ အတွေ့အကြုံများကို ရယူလျက် လက်တွေ့ကျသော လက်တွဲပူးပေါင်းမှုများဖြင့် မိမိ တို့၏ ဘုံရည်မှန်းချက်များ အမြန်ဆုံး ရောက်ရှိအောင်မြင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းသွားကြပါစို့ဟု တိုက်တွန်းရင်း ယနေ့ကျရောက်သော ဤ (၇၅) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

