Home / (၇၃) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

(၇၃) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

၁။ ကရင်တိုင်းရင်းသားများအနေဖြင့် ကရင်တစ်မျိုးသားလုံးအတွက် လွတ်လပ်မှု၊ တန်းတူ ညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့အတွက် မတရားဖိနှိပ်များကို ခုခံတော်လှန်ခဲ့ကြသည့် (၇၃) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အချိန်အခါသမယတွင် ညီနောင်ကရင် တိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး စစ်မှန်၍ တရားသော တိုက်ပွဲများတွင် အောင်နိုင်ကြပါကြောင်းဟု ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၂။ ခေတ်အဆက်ဆက်၌ ကိုလိုနီနယ်ချဲ့ဖက်ဆစ်တို့နှင့် မြန်မာ့စစ်အာဏာရှင်တို့အား ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ကြရာတွင် ကရင်အာဇာနည်ခေါင်းဆောင်များနှင့် ကရင်တိုင်းရင်းသား လူမျိုးများက ပေးဆပ်မှု၊ စွန့်လွှတ်အနစ်နာခံမှုတို့နှင့် ပါဝင်တော်လှန်တိုက်ပွဲဝင်ခဲ့ကြပြီး ယနေ့ အချိန်တွင်လည်း ကရင်အမျိုးသားခေါင်းဆောင်များနှင့် ညီနောင်ကရင်တိုင်းရင်းသားအပေါင်းတို့က နိုင်ငံတစ်ဝှမ်းမှ တိုင်းရင်းသားညီနောင်များနှင့်အတူ မပြီးပြတ်သေးသည့် တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်ဆင်နွှဲလျက်ရှိပါသည်။

၃။ နှစ်ပေါင်းများစွာကြာ လက်နက်အားကိုး၍ မတရား ဖိနှိပ်ချုပ်ခြယ်ခဲ့ကာ ၎င်းအာဏာ တည်မြဲရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နှင့် လူမျိုးတို့၏ အနာဂတ်ကို ဖျက်ဆီးနေသည့် စစ်အာဏာရှင်များကို ဆန့်ကျင်တော်လှန်ကြသည့် ကျောင်းသားလူငယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံရေးအင်အားစုများအား နွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ပေးခဲ့ပြီး တော်လှန်ရေးအောင်မြင် စေရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ ကရင်တိုင်းရင်းသားများသာမက နိုင်ငံတကာတွင်ရောက်ရှိ နေသည့် ကရင်တိုင်းရင်းသားများက အစွမ်းကုန် လက်တွဲကူညီပေးခဲ့မှုများအတွက် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများက အထူးကျေးဇူးတင်လျက်ရှိကြောင်း ဖော်ပြပါအပ်သည်။

၄။ နှစ်ပေါင်းများစွာကြာ တိုင်းရင်းသားပြည်သူများအား မတရား ဖိနှိပ်ခဲ့သော်လည်း တိုင်းပြည်နှင့် လူမျိုးအနာဂတ်အတွက် သက်ဆိုင်သူအားလုံးက နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေးမှုဖြင့် အဖြေရှာရန် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါသည်။ သို့သော် လက်နက်အားကိုးဖြင့် မတရားဖိနှိပ်မှုများ ဆက်လက်လုပ်ဆောင်နေသည့် စစ်အာဏာရှင်များနှင့် ၎င်းတို့၏ အာဏာရှင် စနစ်ဆိုးများအား တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက လက်တွဲညီညီ ဆက်လက်တွန်းလှန်ကြ ရမည်ဖြစ်ပြီး တည်ဆောက်ထားရှိပြီးခဲ့သည့် စည်းလုံးညီညွတ်မှုတို့ကို ဆက်လက်ထိန်းသိမ်းကာ မိမိတို့၏ ဘုံရည်မှန်းချက်ပန်းတိုင်သို့ အတူတကွ ဆက်လက်လျှောက်လှမ်းသွားကြရမည် ဖြစ်ပါသည်။

၅။ ဘုံရန်သူဖြစ်သော စစ်အာဏာရှင်များအား မြန်မာ့မြေပေါ်မှ အပြီးတိုင် တိုက်ထုတ်ကာ နှစ်ပေါင်း (၇၃) နှစ်တိုင်တိုင် တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးအား အောင်မြင်စွာ အဆုံးသတ်ပြီး ကရင်တိုင်းရင်းသားများနှင့် တိုင်းရင်းသားပြည်သူအပေါင်းက မျှော်လင့်တောင့်တနေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေးများအတွက် အာမခံချက် အပြည့်အဝပေးနိုင်သည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံး တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤ (၇၃) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top