၁။ ယနေ့သည် ကမ္ဘာတစ်ဝှမ်းရှိ ဆရာများ၏ ဂုဏ်ရည်နှင့်တန်ဖိုးကို လေးစားဂုဏ်ပြု သောအားဖြင့် ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ် အောက်တိုဘာလ ၅ ရက်တိုင်း ကျင်းပမြဲဖြစ် သည့် ၂၈ နှစ်မြောက် “ကမ္ဘာ့ဆရာများနေ့” အချိန်အခါသမယဖြစ်ပါသည်။ တိုင်းပြည်၏ အနာဂတ်ဖြစ်သော မျိုးဆက်သစ်လူငယ်များကို ဆင်ခြင်တုံတရားနှင့်ပြည့်စုံပြီး အမှန်တရား ကို မြတ်နိုးတတ်အောင် ဆုံးမသွန်သင်ပေးတတ်ကြသော ဆရာ၊ ဆရာမများအားလုံး ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးပြီး အသိပညာ၊ ဗဟုသုတများကို လွတ်လပ်စွာ ဝေမျှပေး နိုင်သူများဖြစ်ကြပါစေကြောင်း ယနေ့ ကျရောက်သည့် နေ့ထူးနေ့မြတ်တွင် အလေးအနက် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
၂။ ဆရာ ဟူသည့်ဝေါဟာရသည် “ဆာယာ- အေးရိပ်” ဟူသည့် ပါဠိစကားမှ ဆင်းသက်လာသောကြောင့် ဆရာတို့မည်သည် တပည့်များအပေါ် အေးမြသည့်အရိပ်ကိုသာ ပေးတတ်သူများဟုအဓိပ္ပာယ်ရပါသည်။ ဆရာ၊ ဆရာမများသည် ကိုယ်ကျင့်တရားကောင်းပြီး ရဲရင့်မျှတသည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးလာစေရန် ပျိုးထောင်ပေးသူများဖြစ်ကြ သဖြင့် စိန်ခေါ်မှုများသည့် လက်ရှိကမ္ဘာကြီးတွင် အရေးပါလှသူများ ဖြစ်ကြပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ ရေသောက်မြစ်သည် ပညာရေးဟုဆိုလျှင် ထိုရေသောက်မြစ်၏ အရေးပါဆုံးအစိတ်အပိုင်းမှာ ဆရာ၊ ဆရာမများပင်ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဆရာ၊ ဆရာမများအား ကမ္ဘာတစ်ဝှမ်းလုံးက ဂါရဝထား၍ နှစ်စဉ်အလေးအမြတ်ပြုနေကြပြီး ဆရာ၊ ဆရာမများကလည်း ကမ္ဘာကြီး၏ အနာဂတ်လူငယ်များအတွက် ပညာရေးတိုးမြှင့်ရန် အစွမ်းကုန် ကြိုးစားနေကြခြင်းပင် ဖြစ်ပါသည်။
၃။ ပညာရေးလွတ်လပ်ခွင့်သည် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံအတွက်တွင်သာမက ကမ္ဘာတစ်ဝှမ်းလုံးတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံလူ့အခွင့်အရေးပင် ဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ဖြစ်သည့် “The transformation of education begins with teacher – ပညာရေးအသွင်ပြောင်းလဲမှု ဆရာများနှင့် အစပြု” ဟူသည့် ဆောင်ပုဒ်အတိုင်းပင် အခြေခံလူ့အခွင့်အရေးဖြစ်သည့် ပညာရေးကဏ္ဍ တိုးတက်လာစေရန် ပြုပြင်ပြောင်းလဲမှုများအတွက် ဆရာ၊ ဆရာမများ၏အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီး ပါသည်။
၄။ မြန်မာနိုင်ငံသည် ပညာရေးဘတ်ဂျက်ထက် စစ်ရေးဘတ်ဂျက်ကို ပို၍သုံးသည့် စစ်အာဏာရှင်များ၏ စစ်အုပ်ချုပ်ရေးလက်အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံလာရသဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝအစရှိသည့် အခြေခံလူ့အခွင့်အရေးများပင် အပြည့်အဝ မရရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ လက်တွေ့အသုံးချနိုင်သည့် ပညာရပ်များ၊ လွတ်လပ်စွာတွေးခေါ်မှုများကို သင်ကြားခွင့် မရှိခဲ့သည့်အပြင် နိုင်ငံအဝှမ်းရှိ ကလေးသူငယ် များ၊ လူငယ်လူရွယ်များ အများစု လက်လှမ်းမမီသည့် ပညာရေး ဖြစ်ခဲ့ရပါသည်။ ထိုမျှပင် အားမရသေးဘဲ ထိုပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သော ပြည်သူက ထပ်မံရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့အစိုးရထံမှ ပြည်သူ့အာဏာကိုပင် လက်နက် အားကိုးလုယူကာ တစ်နိုင်ငံလုံးကို စစ်ကျွန်ဘဝသို့ ရောက်ရှိစေခဲ့သဖြင့် မြန်မာနိုင်ငံ ပညာရေးမှာ တဖန်ပြန်လည် ပျက်စီးစေခဲ့ပြီဖြစ်ပါသည်။
၅။ ပြည်သူများက လက်မခံသည့် အကြမ်းဖက်စစ်အာဏာရှင်များအား တော်လှန်ကြ ရာတွင် ဆရာ၊ ဆရာမများ၊ ပညာရေးမိသားစုများ အပါအဝင် CDM ပြည်သူ့ဝန်ထမ်းများ၏ စည်းလုံးညီညွတ်သည့် စိတ်ဓာတ်အင်အားသည် ကြီးမားသည့်အရွေ့ကို အစပြုခဲ့ပါသည်။ ထို့နောက် အကြမ်းမဖက်ဘဲ တော်လှန်ခဲ့ရာမှ လက်နက်ကိုင်၍ တော်လှန်တိုက်ခိုက်ကြရာ တွင်လည်း ကျရာကဏ္ဍမှနေ၍ စစ်ကောင်စီကို အံတုခဲ့ကြသည့် ဆရာ၊ ဆရာမများ၏ ပါဝင်မှု သည် အလွန်ပင် ဂုဏ်ယူဖွယ်ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲ ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြချိန်တွင် မြန်မာနိုင်ငံရှိ ဆရာ၊ ဆရာမများ ကမူ စစ်ကျွန်ပညာရေးအောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီပညာရေးအတွက် အသက်ပေး နေရဆဲပင် ဖြစ်ပါသည်။
၆။ အကြမ်းဖက်စစ်တပ်၏ လူမဆန်စွာ ဖျက်ဆီးပစ်ခတ်မှုတို့ကြောင့် နိုင်ငံအဝှမ်းရှိ ကျေးရွာအတော်များများ မီးဘေးသင့်၍ ပျက်စီးခဲ့ရပြီးဖြစ်ပါသည်။ ပညာသင်ကြားနေကြရ မည့် ကလေးသူငယ်များအနေဖြင့်လည်း စာအုပ်နှင့်ခဲတံအစား အဝတ်ထုပ်ကိုကျောပိုးကာ စစ်ဘေးရှောင်နေကြရပါသည်။ ထိုစစ်ဘေးရှောင်ကလေးသူငယ်များ၏ ပညာရေးအတွက် CDM ဆရာ၊ ဆရာမများ၊ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများ၊ People Defence Force မှ ရဲဘော်များက တိုက်ပွဲများအကြားမှ စာသင်ကြားပို့ချနေကြသည့် ကိုယ်ထူကိုယ်ထ ယာယီ စာသင်ကျောင်းများလည်း များစွာရှိနေကြပြီဖြစ်ပါသည်။ ထိုစာသင်ကျောင်းများအနက် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စစ်ဘေးရှောင်ကလေးငယ်များ စာသင်ကြားနေ ကြသည့် ယာယီစာသင်ခန်းအား ရဟတ်ယာဉ်သုံး၍ ပစ်ခတ်ခဲ့ရာ ကလေးငယ်များ အသက် ဆုံးရှုံးခဲ့ရပြီး အချို့မှာကိုယ်လက်အင်္ဂါများပင် ဆုံးရှုံးခဲ့ရပါသည်။ ထို့ပြင် ဒဏ်ရာရထားကြ သော ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများအား စစ်တပ်က အဓမ္မဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြပါသည်။ ထိုအဖြစ်အပျက်သည် မြန်မာနိုင်ငံ၏ လက်ရှိ ပညာသင်ကြားမှု၊ သင်ယူမှု ပကတိအခြေအနေများအနက် တစ်ခုဖြစ်ပါသည်။
၇။ အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးသည့် စစ်ကျွန်ပညာရေးကို အယုံ အကြည်မရှိကြသောကြောင့် CDM လှုပ်ရှားမှုဖြင့် အာဏာရှင်ကို ပုန်ကန်ကြသော၊ စစ်ကောင်စီကို တော်လှန်ရင်း မတရားဖမ်းဆီးခံရပြီး ထောင်ချခံနေရစေကာမူ အညံ့မခံဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်နေကြသော၊ အကြမ်းဖက်စစ်တပ်ကို တန်ပြန်စစ်ဖြင့်ခုခံကြရာတွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြသော၊ တိုက်ပွဲများအကြား စစ်ဘေးရှောင်ရင်း ကလေးငယ်များ၏ စဉ်ဆက် မပြတ်ပညာရေးအတွက် အားစိုက်ထုတ်၍ သင်ကြားပို့ချနေကြသော ဆရာ၊ ဆရာများ အားလုံးနှင့် ပညာရေးဝန်ထမ်းမဟုတ်သော်လည်း တတ်စွမ်းသည့်ပညာဖြင့် CDM ကျောင်းသား၊ ကျောင်းသူများအား ပညာပို့ချပေးနေကြသူများ အားလုံးကို အထူးပင် လေးစားဂုဏ်ယူပါကြောင်း ပြောကြားလိုပါသည်။ ထို့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် တော်လှန်ရေးတွင် အသက်စွန့်သွားခဲ့ ကြသည့် ဆရာ၊ ဆရာမများအား အာဇာနည် သူရဲကောင်းအဖြစ် ကဗ္ဗည်းတင်ပါကြောင်း ကိုလည်း ဤသဝဏ်လွှာမှတစ်ဆင့် အလေးအနက် မှတ်တမ်းတင်အပ်ပါသည်။
၈။ ပညာရေးချို့တဲ့ခြင်းသည် နိုင်ငံအတွက်သာမက ဒေသတွင်းအတိုင်းအတာ၊ ကမ္ဘာ လုံးအတိုင်းအတာနှင့်ပါ ဆိုးကျိုးများ ဖြစ်ထွန်းနိုင်သည်ကို နိုင်ငံတကာအသိုက်အဝန်းများ အနေဖြင့်သိရှိပြီးဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံတွင် ပျက်စီးယိုယွင်းနေသည့် ပညာရေး ကဏ္ဍ ပြန်လည်မြင့်တင်လာရေးအတွက် ပြည်သူအများက ထောက်ခံသည့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့နှင့် ပူးပေါင်းဆောင် ရွက်ကြပါရန် အလေးအနက် တိုက်တွန်းလိုပါသည်။
၉။ ကျဆုံးသွားခဲ့ကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများအပါအဝင် ပြည်သူများ၏ မပြီးပြတ်သေးသည့် တော်လှန်ရေးကြီးအား အမြန်ဆုံး ပြီးပြတ်အောင် ကြိုးပမ်းကာ လူသားတိုင်း၏ အခြေခံအခွင့်အရေးဖြစ်သည့် ပညာရေးကိုပင် ဖျက်ဆီးနေကြ သည့် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များအတွက် မကြာမီပင် တာဝန်ခံ ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကတိပြုလိုပါ သည်။ မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မတူကွဲပြားသော ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုတို့ကို အလေးထားလျက် ပြည်သူအများက ပေးအပ်ထားသည့် ဥပဒေပြုရေးတာဝန်ကို လက်ကိုင်ထားကာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တစ်ရပ် တည်ထောင်ရေးတွင် တက်စွမ်းသမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုလျက် ယနေ့ကျရောက်သည့် ၂၈ နှစ်မြောက် “ကမ္ဘာ့ဆရာများနေ့” သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ