Home / (၁၄၇) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

(၁၄၇) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

၁။       ယနေ့ကျရောက်သည့် (၁၄၇) နှစ်မြောက် ကရင်နီအမျိုးသားနေ့တွင် ကရင်နီ တိုင်းရင်းသားပြည်သူတို့နှင့်တကွ ကရင်နီပြည်နယ်တွင် နေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး ဘေးရန်အပေါင်းမှ ကင်းဝေးကြပြီး ညီညွတ်သော အင်အားများဖြင့် နိုင်ငံရေးနှင့် တော်လှန်ရေး အမြင်သစ်တို့ကို အခြေပြုဆောင်ရွက်၍ စစ် အာဏာရှင်စနစ်ဆိုးလက်အောက်မှ လွတ်မြောက်နိုင်ရေး အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက် နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။       ခရစ်သက္ကရာဇ် ၁၈၇၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့် ဗမာဘုရင် အစိုးရတို့ကြား သဘောတူညီမှုအရ ကရင်နီပြည်နယ်ကို သီးခြားလွတ်လပ်သော ပြည်ငယ် တစ်ခုအဖြစ် အသိအမှတ်ပြုစာချုပ် ချုပ်ဆိုခဲ့ကြရာ ၎င်းနေ့ရက်ကို တန်ဖိုးထားဂုဏ်ပြုသော အားဖြင့် ကရင်နီအမျိုးသားနေ့ကို နှစ်စဥ်ကျင်းပလာခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်ပါသည်။

၃။       လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက ကရင်နီလူထုသည် အာဏာရှင် အုပ်ချုပ်ရေးအမျိုးမျိုးလက်အောက်တွင် လက်နက်ကိုင်ပဋိပက္ခများ၊ နေရပ်စွန့်ခွာစစ်ဘေး တိမ်းရှောင်ရမှုများနှင့် အခြေခံအခွင့်အရေးများဆုံးရှုံးမှုများကို အလူးအလိမ့်ခံစားခဲ့ကြရကာ ငြိမ်းချမ်းမှုဆိတ်သုဉ်းခြင်း အခြေအနေဖြင့် ရှင်သန်ရှေ့ဆက်ခဲ့ကြရသော်လည်း အခက်အခဲ အတားအဆီးများကြားမှ ဖိနှိပ်မှုအမျိုးမျိုးကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ခဲ့ကြသည့် လူမျိုး ဖြစ်ပါသည်။

၄။       ယင်းကဲ့သို့ သမိုင်းအဆက်ဆက် ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးစားအား ထုတ်ခဲ့သည့်နည်းတူ ကရင်နီတိုင်းရင်းသားများသည် လက်ရှိ နွေဦးတော်လှန်ရေးတွင်လည်း ထိရောက်သော ဆန့်ကျင်တော်လှန်မှုများဖြင့် ကဏ္ဍအသီးသီးတွင် ပါဝင်လျက်ရှိရာ အခြားသော ပြည်တွင်း/ပြည်ပရှိ တိုင်းရင်းသားညီအစ်ကိုများ၏ ယုံကြည်အားပေးထောက်ခံမှုများ ပိုင်ဆိုင်ထားလျက်ရှိပါသည်။ ကရင်နီတိုင်းရင်းသားပြည်သူများ၏ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသားပြည်သူများနှင့် အတူ အေးအတူပူအမျှ လက်တွဲပူးပေါင်းပါဝင်မှုများကိုလည်း လေးနက်စွာ တန်ဖိုးထား အသိအမှတ်ပြုပါကြောင်း ဖော်ပြအပ်ပါသည်။

၅။       ဒီမိုကရေစီအရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ဖော်ဆောင်ကာ မွေးရာပါ အခွင့်အရေးများကို အပြည့်အဝ အာမခံချက် ရှိသော အနာဂတ်နိုင်ငံတော်သစ်တွင် ကရင်နီတစ်မျိုးသားလုံး၏ ရည်မှန်းချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းသာယာသော လူ့ဘောင်သစ်တစ်ရပ်အား ဖန်တီးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤ (၁၄၇) နှစ်မြောက် ကရင်နီအမျိုးသားနေ့သဝဏ်လွှာအား ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top