၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်
၁။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ (၃၇) နှစ်မြောက်နေ့တွင် ခေတ်အဆက်ဆက်နှင့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတွင် အသက်ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော ရဟန်း၊ ရှင်လူများ၊ ကျောင်းသားလူငယ်များ၊ ပြည်သူများနှင့်တကွ နွေဦးတော်လှန်ရေး၏ အာဇာနည်သူရဲကောင်းအပေါင်းတို့အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးစားစွာ ဦးညွှတ်အလေးပြုအပ်ပါသည်။
၂။ မိမိတို့နိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ဖြတ်ဖြုတ်ချနိုင်ရေးနှင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေးတို့အတွက် မတရားဖိနှိပ်အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်များကို ညီညွတ်သော ကျောင်းသားလူထုလှုပ်ရှားမှုကြီးဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဒီမိုကရေစီလူထုလှုပ်ရှားမှုသမိုင်းစဉ်တွင် ပထမဦးဆုံး ပေါ်ပေါက်ခဲ့သော လူထုအင်အားစု တော်လှန်ရေးကြီးဖြစ်ပါသည်။
၃။ ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်အုပ်စုများသည် နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားခဲ့ပြီး ပြည်သူလူထုအား နည်းလမ်းအမျိုးမျိုးဖြင့် အနိုင်ကျင့်ဖိနှိပ်အုပ်ချုပ်ခဲ့ကြကာ ကျောင်းသားလူငယ်များနှင့် ပြည်သူများသည် လူမဆန်သော ဖိနှိပ်မှုများကြားတွင် အသက်ပေါင်းများစွာ စတေးခဲ့ကြရပါသည်။ ကျောင်းသားလူထုတစ်ရပ်လုံးနှင့် ပြည်သူတို့သည် အသက်ကိုပင် ပဓာနမထားဘဲ စစ်အာဏာရှင်တို့အား ဆန့်ကျင်တွန်းလှန်ခဲ့ကြရာ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးသည် သမိုင်းတစ်ခေတ်၏ စံထားရာ လူထုတော်လှန်ရေးအဖြစ် ယနေ့ထိတိုင် တွေ့မြင်နေရဆဲဖြစ်ပါသည်။
၄။ လက်ရှိတွင်လည်း အကြမ်းဖက်စစ်အာဏာရှင်အုပ်စုနှင့် အပေါင်းအပါတစ်သိုက်သည် ၈၈ မျိုးဆက်ခေါင်းဆောင်များအပါအဝင် ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်လျက်ရှိသော ပြည်သူများ၏ အသက်၊ အိုး၊ အိမ် ပိုင်ဆိုင်မှုများအား ပျက်စီးစေရန် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေသော်လည်း နိုင်ငံတစ်ဝှမ်းတွင် စစ်မှန်သောလွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ ပြည့်ဝသည့် ဒီမိုကရေစီစံနှုန်းများ ရရှိခံစားနိုင်ရေးအတွက် မိမိတို့အားလုံးအနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားကြရန် လွန်စွာအရေးကြီးပါသည်။ အနာဂတ်မျိုးဆက်သစ်တို့အတွက် မိမိတို့အားလုံး ထမ်းရွက်ကြရမည့် သမိုင်းပေးတာဝန်တစ်ရပ်လည်း ဖြစ်ပါသည်။
၅။ ခေတ်အဆက်အဆက် ဒီမိုကရေစီတိုက်ပွဲများနှင့်အတူ ယနေ့ထိတိုင် မိမိတို့အားလုံး၏ ယုံကြည်ချက်အင်အားသည် ခိုင်မာရှင်သန်နေဆဲဖြစ်ပါသည်။ ပြည်သူလူထုတစ်ရပ်လုံးအပါအဝင် တိုင်းရင်းသားညီနောင်မဟာမိတ်အင်အားစုများအနေဖြင့် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးတို့အား အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ကာ ပြည်သူ့အောင်ပွဲဆီသို့ ဆက်လက်ပူးပေါင်းချီတက်သွားကြရန် အလေးအနက်တိုက်တွန်းလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


