၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်
၁။ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် သီးခြားလွတ်လပ်သည့် ကရင်နီပြည်နယ်ကို ကျူးကျော်လာသည့် ဖဆပလ စစ်အစိုးရက ကရင်နီပြည်ကောင်စီဥက္ကဋ္ဌ ခွန်းဘီတူရီ တည်ရှိရာ မြလဲ (မန်းလား) ရွာကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကရင်နီအမျိုးသားများကလည်း ရရာလက်နက်စွဲကိုင်ကာ ခုခံတွန်းလှန်ခဲ့သည့်နေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပလာခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၇၇) နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
၂။ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်ခွင့်တို့အတွက် တိုက်ပွဲဝင်ခဲ့ကြသည့် ကရင်နီပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် ရဲရင့်ပြတ်သားသည့်စိတ်ဓာတ်တို့မှာ အတုယူစရာ စံနမူနာကောင်းတစ်ရပ် ဖြစ်ပါသည်။ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာသည့် တော်လှန်ရေး စိတ်ဓာတ်သည် မိမိတို့၏ ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အဓိကအင်အားတစ်ရပ်ဖြစ်ပါသည်။ ကရင်နီပြည်သူများ၏ ရပ်တည်ချက်နှင့် မဆုတ်မနစ် ကြိုးပမ်းမှုများမှာ ခိုင်မာပြတ်သားသည့်အတွက် မကြာမီအချိန်မှာ အောင်ပွဲခံနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသော ကရင်နီအမျိုးသားခေါင်းဆောင်ကြီးများနှင့်တကွ အာဇာနည်သူရဲကောင်းရဲဘော်အပေါင်းတို့အား ဤ သဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။
၃။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မတူညီသော နောက်ခံသမိုင်းကြောင်းများနှင့် ဆင်းသက်လာကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ တော်လှန်ရေးအင်အားစုအားလုံးတို့နှင့်အတူ တူညီသောပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ အတူလက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။ ထို့အပြင် အားလုံး၏ ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်များကို တိုက်ထုတ်ကာ တန်းတူအခွင့်အရေးများ အပြည့်အဝရရှိစေမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ တည်ဆောက်သွားမည်ဖြစ်ပါသည်။
၄။ ယခုကဲ့သို့ အရေးကြီးသည့်အချိန်ကာလတွင် တော်လှန်ရေးအင်အားစုများအားလုံး စည်းလုံးညီညွတ်ကြရန် အထူးအရေးကြီးပါသည်။ မိမိတို့၏ ရန်သူသည် တော်လှန်ရေးအင်အားစုများအချင်းချင်းအကြား သွေးကွဲအောင်၊ အင်အားပျက်ပြားအောင် အမြဲတစေ ကြိုးပမ်းနေသည့်အတွက် ညီညွတ်မှုကိုပြိုကွဲစေမည့်ကိစ္စရပ်များကို နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိဖြင့် ဆင်ခြင်သုံးသပ်ပြီး စုစည်းညီညွတ်ရန် အထူးလိုအပ်ပါသည်။ စုစည်းညီညွတ်မှုကသာ မိမိတို့၏ ဘုံရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်ပို့ပေးနိုင်မည့် အားအကောင်းဆုံး လက်နက်တစ်ခုဖြစ်သောကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဘုံရည်မှန်းချက်ပန်းတိုင်ဆီသို့ မဆုတ်မနစ် ဆက်လက်ချီတက်ကြစေလိုကြောင်း တိုက်တွန်းလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


