၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
၁။ ယနေ့သည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ ဖန်တီးခွင့်ရရှိရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Organization-KIO/ Kachin Independence Army-KIA) တို့က ဦးဆောင်လျက် လက်နက်စွဲကိုင်တော်လှန်ခဲ့သည့် (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ဖြစ်ပါသည်။ ဤထူးမြတ်သော နေ့ရက်အား ကချင်ပြည်သူတစ်ရပ်လုံးနှင့်တကွ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ မိမိတို့အနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
၂။ ကချင်ပြည်နယ်လွတ်လပ်ရေးရရန် ပင်လုံစာချုပ် ချုပ်ဆိုပြီးသည့်နောက် စာချုပ်အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ ကချင်ပြည်သူလူထုအပေါ် အခွင့်အရေးဖိနှိပ်မှုများ၊ ပင်လုံကတိကဝတ် ဖောက်ဖျက်ပျက်ကွက်မှုများကြောင့် မတရားမှုကို ခေါင်းငုံ့မခံလိုသည့် ကချင်တိုင်းရင်းသားတို့သည် စစ်အာဏာရှင်အဆက်ဆက်ကို တော်လှန်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထိုနေ့ကို ကချင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပလာခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၆၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
၃။ ၁၉၆၁ ခုနှစ်မှ စတင်ကာ ယနေ့အထိ (၆၅) နှစ်တိုင်တိုင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ရည်မှန်းချက်ကို စွဲစွဲမြဲမြဲလက်ကိုင်ထားကာ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်ကြီးများ၊ အာဇာနည်သူရဲကောင်းအပေါင်းနှင့် စစ်ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်း ရည်မှန်းချက်ကို ပံ့ပိုးကူညီပေးနေသည့် ကချင်ပြည်သူလူထုတစ်ရပ်လုံးအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။
၄။ ထိုကဲ့သို့သော ဇွဲ၊ သတ္တိနှင့် စွန့်လွှတ်မှုများကြောင့်ပင် ယနေ့အချိန်တွင် တောင်တန်းနှင့် မြေပြန့်အကြား သွေးစည်းမှုသည် ပိုမိုခိုင်မာလာခဲ့ပြီး ဘုံရန်သူကို ချေမှုန်းရေးဆိုသည့် ရည်မှန်းချက်အောက်တွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် KIO/KIA သည် တော်လှန်ရေး၏ ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပေးခဲ့ရုံသာမက တော်လှန်ရေးအင်အားစုများအပေါ် ထားရှိသည့် နားလည်မှု၊ စာနာမှုနှင့် လက်တွေ့ကျသော ပံ့ပိုးကူညီမှုများဖြင့် ခိုင်မာသော မဟာမိတ်စိတ်ဓာတ်ကို ဖော်ဆောင်ပေးခဲ့ပါသည်။
၅။ ယနေ့အချိန်သည် သမိုင်းဟောင်းကို ဂုဏ်ပြုရုံသာမက အနာဂတ်ကိုပါ အတူတကွ ပုံဖော်နေကြသည့်အချိန်ဖြစ်ပါသည်။ မိမိတို့အားလုံး၏ စုစည်းညီညွတ်မှုသည် မည်သည့် ဖိနှိပ်မှုကိုမဆို ဖြိုခွင်းနိုင်မည့် အကြီးမားဆုံး လက်နက်ဖြစ်ပြီး ညီညွတ်မှုအားနည်းသွားပါက ရန်သူက ကမ္ဘာကို လှည့်စားရန် အခွင့်အရေးရသွားလိမ့်မည် ဖြစ်ပါသည်။ ထို့ကြောင့် ကချင်တော်လှန်ရေး၏ (၆၅) နှစ်တာ အတွေ့အကြုံများနှင့် ဉာဏ်ပညာများပေါင်းစပ်၍ တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ ဘုံရန်သူကို အပြီးတိုင်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မုချ တည်ဆောက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤ (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


