Home / သာသနာတော်နှစ်(၂၅၆၇)ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်နေ့ ပြည်သူများသို့ ပေးပို့သည့်သဝဏ်လွှာ

သာသနာတော်နှစ်(၂၅၆၇)ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်နေ့ ပြည်သူများသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်

၁။           သာသနာတော်နှစ် (၂၅၆၇)ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ပြည်တွင်းပြည်ပရှိ ဗုဒ္ဓ ဘာသာဝင်များနှင့်တကွ အခြားဘာသာဝင် တိုင်းရင်းသားညီအစ်ကို သွေးချင်းများအားလုံး အေးချမ်းသော ဗုဒ္ဓ၏ မေတ္တာရိပ်အောက်တွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းစွာဖြင့် ကုသိုလ် ကောင်းမှုအစုစုတို့ ရရှိခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၂။            ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဥာဏ်တော် ရရှိတော်မူခြင်း၊ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းဟူသည့် မြတ်ဗုဒ္ဓ၏ ဖြစ်စဥ်များ သည် ကဆုန်လပြည့်နေ့တွင် တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ် အမြတ်ထားရာ ထူးခြားသည့် နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားပါသည်။

၃။           မြတ်စွာဘုရားရှင်သည် မလျော့သော ဇွဲ၊ လုံ့လတို့ဖြင့် ကိုယ်ကျိုးစွန့်အနစ်နာခံကာ  သစ္စာလေးပါး မြတ်တရားများအား ကိုယ်ပိုင်ကျင့်ကြံအားထုတ်ပွားများ၍ သိရှိလာသော မှန်ကန်သော အကျင့်၊ မှန်ကန်သော ဓမ္မတရားများအား  လူသားများသို့  ကရုဏာတော်ကြီးမားစွာဖြင့် ဟောပြော ညွှန်ကြားပြသပေးခဲ့ပြီး ဦးတည်ရည်မှန်းသော နိဗ္ဗာန်ပန်းတိုင်သို့ မဆုတ်မနစ်ဘဲ အရောက်လှမ်း နိုင်ခဲ့ပါသည်။

၄။           ဗုဒ္ဓ၏အဆုံးအမ၊ လမ်းညွှန်သင်ကြားပြသမှုများအရ ကိုယ်တိုင်ကြိုးစားအားထုတ်မှု သည်သာ ပဓာနကျသည်ဖြစ်၍ စစ်အာဏာရှင်စနစ်ဆိုးအား မြန်မာ့မြေပေါ်မှ အပြီးတိုင်ပျောက်ကွယ် သွားရန်အတွက် ကဏ္ဍစုံတွင် ပါဝင်တော်လှန်တိုက်ပွဲဝင်နေကြသည့်  သွေးချင်းမောင်နှမအားလုံး၏ ကိုယ်ပိုင်ခွန်အား၊ လုံ့လ၊ ဝီရိယ၊ ကြိုးစားအားထုတ်မှုများသည် အရေးပါလှပါသည်။ ယခုကဲ့သို့ မလျော့သောဇွဲ၊ လုံ့လတို့ဖြင့် နွေဦးတော်လှန်ရေးတွင် ဆက်လက်တိုက်ပွဲဝင်ကာ မိမိတို့၏ ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်သို့ အရောက်လှမ်းနိုင်မည်ဟုယုံကြည်လျက် ဤသဝဏ်လွှာအား ဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top